Tuesday, January 12, 2016

ပါးစပ် နှင့် စကား

စကားကို ပါးစပ်နှင့် ပြောရသည်ဟု ဖွင့်ဆိုရှင်းပြရန် မလိုအပ်ပေ။ အများသိသော အချက်ပင် ဖြစ်သည်။ ဤအချက်ကို သိကြသော်လည်း “ပါးစပ်မှထွက်သော စကား၏ အဓိပ္ပာယ်သည် ထွက်ဆိုသော ပါးစပ်အပေါ် မူတည်၍ ခြားနားလေ့ ရှိသည်”ကို သတိမမူမိဘဲ ရှိတတ်ကြ၏။ တစ်နေ့သ၌ . . . . .။

“ဘုန်းကြီး သိမ်လုပ်စမ်းပါ ဘုရား . . .။ ဒီပြင်ဟာတွေ နောက်မှ ဆောက်စမ်းပါ။”

“ဘယ်လို ဖြစ်နေတာလဲ ဒကာတော်ရဲ့။”

“ဘယ်လိုမှ မဖြစ်ပါဘူး . . .။ သိမ်သာ မြန်မြန်ဆောက်စမ်းပါ ဘုရား။ ရာဟုလာကျောင်း စတည်တော့ ကျူးကျော်ကျောင်း ၀စ်သောက်ကျောင်း ပြောကြတယ်။ မလှူဖို့ မသွားဖို့ မဆက်ဆံဖို့ တားကြတယ်။ ခု ရာဟုလာကျောင်းက ပတ်ကားကျောင်း ဖြစ်လာတော့ သိမ်မရှိတဲ့ကျောင်းမှာ ကုသိုလ်ပြုတဲ့သူ ငရဲကျရမလိုလို ပြောနေပြန်ပြီ။ မခံချင်လွန်းလို့ပါ ဘုရား။”

“သြ . . .။ အဲ့လို ပြောတိုင်း ငရဲကျမှာမှ မဟုတ်တာပဲ။ ပြောစမ်းပါစေ . . .။ မဟုတ်ဘူးလား။ အရင်က ၀စ်သောက်ကျောင်းလို့ ပြောတယ်။ ကျူးကျော်ကျောင်းလို့ ပြောတယ်။ ခု သိမ်မရှိတဲ့ကျောင်းလို့ ပြောတယ်။ ဟုတ်ပြီ။ သိမ်ရှိပြီ ဆိုပါတော့ . . . ဘာမှ မပြောတော့ဘူးတဲ့လား။”

“အင်း . . . အဲ . . . .”

“အဲ . . . သိမ်ဆိုတာက ဘုန်းကြီးတွေ အလုပ်လေ။ သိမ်သမုတ်တာက ဘုန်းကြီးတွေ သမုတ်ရမှာ။ သိမ်ထဲမှာ သံဃာ့ကံ ဆောင်တာလည်း ဘုန်းကြီးတွေရဲ့ အလုပ်ပဲလေ။ ဒကာတွေနဲ့ သိပ်မဆိုင်ပါဘူး။ ဒကာတော် အနေနဲ့ . . . ပြောတဲ့စကားကိုပဲ နားယောင်မနေနဲ့။ ဘယ်လိုပါးစပ်က ထွက်လာတဲ့ စကားလဲဆိုတာကို ထည့်သွင်း စဉ်းစားအုံး။ စကားရဲ့ အဓိပ္ပာယ်ဆိုတာက ပါးစပ်အပေါ်မှာလည်း မူတည်သေးတယ်။ စကားရဲ့ လေးနက်မှုကလည်း ပါးစပ်အပေါ်မှာ မူတည်သေးတာပဲ။ ဒီတော့ . . . ဘယ်ပါးစပ်က ဘာပဲပြောပြော . . . ကိုယ့်အသိဥာဏ်နဲ့ကိုယ် စဉ်းစားပြီး ကိုယ်လုပ်သင့်တာ လုပ်ပေါ့။ ကိုယ်လုပ်နိုင်တာ လုပ်ပေါ့။”

“အင်း . . . မှန်ပါ . . . မှန်ပါဘုရား . . . အင်း . . . . . .။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment