ရွာဦးကျောင်း ဆရာတော်ကြီး ဘုရားရှိခိုးရင်း
တတွတ်တွတ် ရွတ်တာကို ကိုရင်ဘ၀က ခဏခဏ ကြားခဲ့ရပါတယ်။ မေတ္တသုတ် ပါတာတော့ သေချာပါတယ်။
ကျန်တာတွေတော့ မမှတ်မိတော့ပါဘူး။ ကျောင်းမနေခင် အဖေ ဘုရားရှိခိုးတဲ့ တတွတ်တွတ်လည်း
ကြားခဲ့ရပါတယ်။ ဘာတွေဆိုတာလည်း မသိပါဘူး။ “. . . ၀ိလာသဂ္ဂ . . .”ဆိုတာတော့ စိတ်နားထဲ
စွဲနေပါသေးတယ်။ မေတ္တာပို့ အမျှဝေနဲ့ အဆုံးသတ်တော့ “သူတော်ကောင်း သူမြတ်လောင်းများ ပို့သသော
မေတ္တာကို အကျွန်ုပ် ခံယူပါ၏။ အကျွန်ုပ် ပို့သသော မေတ္တာကိုလည်း သူတော်ကောင်း သူမြတ်လောင်းတို့
ခံယူတော်မူကြပါကုန်လော့” ဆိုတာကိုလည်း မှတ်မိပါသေးတယ်။ အဖေက လိမ္မာတယ်လို့ မြှောက်ပေးပြီး
သင်ပေးထားတဲ့ ဘုရားစာတွေကို အဆိုခိုင်းလို့ ဘာမသိ ညာမသိ ခပ်များများကို အော်ဆိုပြီး
ဘုရားရှိခိုး တာတွေလည်း မှတ်မိပါသေးတယ်။ တစ်ခါ . . . ဘုရားရှိခိုးခါနီး ပျင်းနေပြီး
ဝေ့လည်ကြောင်ပတ်နဲ့ လျက်ဆားလျက်သလိုလို၊ စာရွက်ရှာသလိုလို၊ ဘာလိုလို ညာလိုလို ဟိုနိုက်သည်နှိုက်လုပ်ရင်း
ကင်းမြီးကောက် တုတ်ခံရတော့ “ဘုရားရှိခိုးပျင်းလို့ ကင်းမြီးကောက်က ဒဏ်ခတ်တာ” ဆိုပြီး
အဖေရယ်တာလည်း မှတ်မိပါသေးတယ်။ ဘယ်ရမလဲ။ ပေတေပြီး ဘုရားရှိခိုးတယ်။ မေတ္တာပို့ပိုင်း
ရောက်တော့မှ “ကင်းမြီးကောက်မပါ၊ များသတ္တာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ”လို့ ဆိုလိုက်တယ်။
အဲ့ဒါလည်း အဖေကတော့ ရယ်တာပါပဲ။
အဲ့ဒါတွေ . . . . . အဲ့ဒီတုန်းကတော့ ဘုရားရှိခိုးရင်လည်း ဂုဏ်တော်ပွားရာရောက်တာပဲလို့
နားမလည်ခဲ့ဘူးပေါ့။ ကိုရင်ကြီးဘ၀ ပထမကြီးတန်း သင်္ဂြိုဟ် ကမ္မဋ္ဌာန်းပိုင်း စာဝါလိုက်တော့
ဗုဒ္ဓါနုဿတိအကြောင်း စာချဘုန်းကြီး ရှင်းပြတော့မှ ဘုရားရှိခိုးတာတွေ၊ ဘုရားစာ ရွတ်တာတွေလည်း
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ရှုမှတ်ပွားများရာ ရောက်တာပဲလို့ ဆက်စပ်မိခဲ့တာပါ။
ဆက်စပ်မိခဲ့ပေမယ့်လည်း စာသင်သားဘ၀မှာတော့
သိပ်ပြီး မရွတ်ဖြစ် မဖတ်ဖြစ်ခဲ့ပါဘူး။ အဓိက အကြောင်းက စာသင်သားမို့ အချိန်မပေးနိုင်လို့ပါ။
ကျက်ထားတဲ့ စာမေးပွဲစာတွေ မမေ့အောင် ပြန်ပြန်ဆိုရတာကိုက နေတိုင်းကိုး။ နောက်ပြီး ရဟန်းတော်တွေ
ပြောလေ့ရှိတဲ့ “အရွတ်ထက် အသားက သာတယ်”ဆိုတာကြောင့်လည်း ဖြစ်မယ်။ ရဟန်းတော် တော်တော်များများက
အရွတ်ကို အားမပေးကြပါဘူး။ အကျင့်ကမှ တန်ဖိုးရှိတာ ဆိုတဲ့သဘောပေါ့။ မူရင်းကတော့ အရွတ်အဖတ်ထက်
အကျင့်ကို အားလေးပေးစေချင်တဲ့ သဘော ဖြစ်မှာပါ။ နောက်ကျတော့ လူပျင်းဆင်ခြေလည်း ပါလာမယ်
ထင်ပါတယ်။ တကယ်တော့ ရွတ်တဲ့စာရဲ့ အဓိပ္ပာယ်ကို လိုက်ပြီး ဆင်ခြင်နိုင်ရင် ရွတ်တာဖတ်တာလည်း
လက်တွေအကျင့်ပါပဲ။ ဂုဏ်တော်ပွားရာ၊ မေတ္တာပွားရာ . . . ရောက်တာပေါ့။ ဗုဒ္ဓါနုဿတိတို့၊ ဓမ္မာနုဿတိတို့ ပွားရာရောက်တာပေါ့။ ဆိုတဲ့စာအပေါ် မူတည်ပြီး ဘာဝနာ တစ်မျိုးမျိုး ကျင့်သုံးရာ ရောက်နိုင်တာပေါ့။
စာချဘုန်းကြီးတစ်ပိုင်း စာသင်သားတစ်ပိုင်း
ဖြစ်လာတော့မှ မေတ္တသုတ်တို့ ပစ္စယနိဒ္ဒေသတို့ စရွတ်ဖြစ်တော့တာ။ အချိန်ရလာတာရယ်၊ ရွတ်ဖတ်သူတွေကို
အားကျတာရယ်ကြောင့်ပါ။ ရွတ်တဲ့စာရဲ့ အဓိပ္ပာယ်ကို ရွတ်လိုက်တိုင်း မဆင်ခြင်နိုင်ပေမယ့်
အသားမဟုတ်တဲ့ “အရွတ်”သက်သက် မဟုတ်ဘူး ရယ်လို့တော့ ကျေနပ်လာနိုင်ပါတယ်။
အချိန်ရကြလို့ အချိန်ပေးနိုင်ကြလို့
ရွတ်ကြမယ် ဖတ်ကြမယ်၊ ဒါမှမဟုတ် အချိန်ယူပြီး ရွတ်ကြမယ် ဖတ်ကြမယ် ဆိုရင် ရွတ်တဲ့စာရဲ့
အဓိပ္ပာယ်ကို အတတ်နိုင်ဆုံး နားလည်သိမှတ် ဆင်ခြင်ပွားများတတ်ကြဖို့ လိုပါတယ်။ ဒါမှ အသားပါမှာပါ။
အဲ့ဒီလို မဆင်ခြင်နိုင်လို့ တတွတ်တွတ် ရွတ်ရုံပဲ ရွတ်မယ်ဆိုရင်တောင်မှ အဲဒီလို တတွတ်တွတ်
ပါးစပ်ဟာ ပေါက်တတ်ကရ တတွတ်တွတ် ပါးစပ်ထက်တော့ အများကြီး သာပါသေးတယ်။ အသားပါပါ ပွားများရွတ်ဖတ်နိုင်ကြပါစေ။
:)
ရှင်အာစာရ
No comments:
Post a Comment