Sunday, April 21, 2013

ရင်နှစ်သည်းချာ ရတနာ



ကိုယ့်ရင်က ပေါက်ဖွားတဲ့ သားသမီး၊ ကိုယ် နှစ်နှစ်ကာကာ ချစ်မြတ်နိုးရပါသော သားသမီး၊ ကိုယ့်အသည်းစွဲ ကိုယ့်သားကိုယ့်သမီး၊ ကိုယ့်ရဲ့ သွေးသားရင်းချာ ကိုယ်နဲ့ အနီးဆုံးသွေးဖြစ်တဲ့ ကိုယ့်သားကိုယ့်သမီး။ ဒီသား ဒီသမီးတွေကို မိဘတွေက ရတနာလို မြတ်နိုးကြတယ်။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်ပွင့်၊ သမီးကောင်းတစ်ယောက် စိန်ကောင်းတစ်ပွင့် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ ဖြစ်စေချင်ကြတယ်။ အခုလို ရှင်ပြုနားသ အလှူမင်္ဂလာပွဲကြီး ကျင်းပတယ်ဆိုတာ ကိုယ့်သားကိုယ့်သမီးကို ရတနာလို တန်ဖိုးရှိအောင် အဆင့်မြှင့် ပေးလိုက်တာပဲ။
-----

သားသုံးမျိုး (သမီးသုံးမျိုး)
၁။  ဖွားရိုးလမ်းတွင်၊ ဖွားသန့်စင်၊ ဖွားမြင် လောကသား။
၂။  ၀ိနယလမ်းတွင်၊ ဖွားသန့်စင်၊ ဖွားမြင် ၀ိနယသား။
၃။  ဓမ္မလမ်းတွင်၊ ဖွားသန့်စင်၊ ဖွားမြင် ဓမ္မသား။
တရားကျင့်သုံး၊ အမြတ်ဆုံး၊ မှတ်ထုံး ဓမ္မသား။
တရားကျင့်မှ၊ မြတ်ဗုဒ္ဓ၊ သြရ ရင်နှစ်သား။
-----

၁။ လောကီနယ်မှာ လောကသားတွေ အမျိုးမျိုးရှိတယ်။ သူ့ကို သူ့မိဘက မွေးဖွားလိုက်သလို ကိုယ့်ကိုလည်း ကိုယ့်မိဘက မွေးဖွားလိုက်တာပဲ။ မနုဿတ္တဘာဝေါ ဒုလ္လဘော၊ လူ့အဖြစ် ရခဲတယ် ဆိုပေမယ့် လူတစ်ယောက်အဖြစ် မွေးဖွားလာရုံနဲ့တော့ တန်ဖိုးရှိတဲ့လူ မဟုတ်သေးဘူး။ လူတစ်ယောက် ရှိသင့်တဲ့ ပစ္စည်းဥစ္စာလည်း ရှိမှ၊ လူတစ်ယောက် ရှိသင့်တဲ့ ကိုယ့်ကျင့်သိက္ခာတွေလည်း ရှိမှ၊ လူတစ်ယောက် ရှိသင့်တဲ့ အသိပညာတွေ အတတ်ပညာတွေ ဗဟုသုတတွေလည်း ရှိနေမှ စံပြုလောက်တဲ့ လောကသား။

၂။ ရှင်ရဟန်းတွေ လိုက်နာကျင့်သုံးရတဲ့ ပါတိမောက္ခ၀ိနယ။ ဆရာဝတ် - တပည့်ဝတ်၊ မိဘ၀တ် - သားသမီးဝတ်၊ မိတ်ဆွေဝတ် စတဲ့ လူတွေ လိုက်နာကျင့်သုံးရတဲ့ ဂိဟိဝိနယ။ ရှင်ရဟန်းတွေတင် မကဘဲ လူတွေလည်း ၀ိနယသား ဖြစ်နိုင်တာပဲ။

၃။ ဘယ်လိုအသွင် ရှိရှိ၊ ဘယ်လိုနာမည် ခံခံ၊ ဘယ်လိုအ၀တ် ၀တ်ဝတ် တရားမရှိရင် ဓမ္မသား မဟုတ်ဘူး။ တရားပိုင်ရှင်ဖြစ်တဲ့ ဘုရားရှင်ရဲ့ သားသမီးလို့လည်း မဆိုနိုင်ဘူး။ တရားရှိမှ ဓမ္မသား။ တရားသိမှ၊ တရားအတိုင်း နေထိုင်ရှင်သန်မှ ဗုဒ္ဓရဲ့သား။ တရားသိ၊ တရားရှိလို့ တရားနဲ့အညီ နေထိုင်ရှင်သန်တယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မဟုတ်လည်း ဓမ္မသား ဖြစ်နိုင်တာပဲ။ ဗုဒ္ဓရဲ့ သားတော်ပါပဲ။ ဗုဒ္ဓဘာသာရဲ့ တရား ဆိုတာက . . . ဗုဒ္ဓက ဟောခဲ့လို့သာ ဗုဒ္ဓတရားလို့ ဆိုရတာ။ တကယ်တော့ အရှိအမှန် တွေပဲ။ အားလုံးနဲ့ ဆိုင်တယ်။
-----

. . . . . သတည်း . . . . .။

:)
ရှင်အာစာရ
21Apr13

-----
Comment:
မြင်းခြံ၊ ထနောင်းတိုင်၊ အုတ်ဖိုရပ်
ဦးဝင်းအောင် (ခ) ဦးမောင်ယဉ်ထွေး + ဒေါ်သင်းသင်းနုတို့၏
ရှင်ပြုနားသ အလှူတော်မင်္ဂလာ အကြိုဓမ္မသဘင် (အနှစ်ချုပ်)


ဦးပေါစီ + ဒေါ်တင်ထွေး (၃ နှစ်ပြည့်)ကိုရည်းစူး၍၊
အစ်ကိုအစ်မများကို အမှူးထားလျက်
မရီချို၏ ဓမ္မဒါန

2 comments:

  1. ထနောင်းတိုင်မှကျွန်တော်၏သူငယ်ချင်းများ
    ပြန်ဆုံချင်ပါသည်။

    ReplyDelete