ရွှေစည်းခုံ စေတီ၊ မုံရွာ
တတိယည၊ ရွှေစည်ခုံ (၁၁)ည ဓမ္မသဘင်
ပြာသိုလပြည့်ကျော် (၂)ရက်
ဗုဒ္ဓဘာသာ
ပေါ်ပေါက်ဖို့ ဘုရားရှင် ပွင့်တော်မူခဲ့တာကိုက အတ္တ၀ါဒကို ထိုးဖောက်ပြီး ပွင့်တော်မူခဲ့ရတာ။
ဘုရားရှင် မပွင့်ခင်က အတ္တ၀ါဒ ကြီးစိုးခဲ့တာပဲ။ အဲဒီကြားထဲက အနတ္တလို့ ကြွေးကြော်ပြီး
ဘုရားရှင် ပွင့်တော်မူခဲ့တာ။ ဘုရားရှင် လက်ထက်နဲ့ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး
နှစ်တော်တော်ကြာတဲ့အထိတော့ အတ္တ၀ါဒ တိမ်မြုပ်ခဲ့တယ်။ နောက်တော့ ပြန်ပြီး ခေါင်းထောင်လာတာပဲ။
အိန္ဒိယမှာ ဗုဒ္ဓဘာသာ ကွယ်ခဲ့ရတဲ့ အဓိက အကြောင်းတစ်ခုက အတ္တ၀ါဒ၊ အတ္တဘာသာရဲ့ ထိုးနှက်ချက်။
နောက်တစ်ခုက မွတ်ဆလင်တွေ ကျူးကျော်ဝင်ရောက် သိမ်းပိုက်လို့။ နောက်တစ်ခုက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့
အားနည်းချက်။ ဒီသုံးခု အဓိက အကြောင်းပဲ။ ခုတော့ အိန္ဒိယမှာ သာသနာ ပြန်တည်အောင်ကို မနည်းလုပ်နေကြရတယ်။
အတ္တ၀ါဒက
တော်တော် အင်အားကောင်းတာပဲ။ ကမ္ဘာဦးကတည်းက အတ္တ၀ါဒ ရှိလာတာဆိုတော့ အမြစ်က
ခိုင်နေပြီ။ ကမ္ဘာဦးကတည်းက အတ္တ၀ါဒ ပေါ်ထွန်းခဲ့တယ် ဆိုတာကို သုတ်သီလက္ခန် ဗြဟ္မဇာလသုတ်မှာ
ဘုရားရှင် ဟောတော်မူခဲ့တယ်။ မီး၊ ရေ၊ လေ သုံးမျိုးကြောင့် ကမ္ဘာပျက်တယ်။ မီးကြောင့်
ကမ္ဘာပျက်တယ်ဆိုတာ နေခုနစ်စင်း ထွက်လာလို့ မီးဟုန်းဟုန်းတောက်ပြီး ပျက်ရတာတဲ့။ အင်္ဂုတ္တရနိကာယ်ထဲက
သတ္တသူရိယသုတ်မှာ ဟောထားတာ ရှိတယ်။ နေခုနစ်စင်း ထွက်လာတော့ ကာမဘုံတွေတင် မကဘဲ ဗြဟ္မာ့ဘုံတွေပါ
ပျက်တယ်တဲ့။ ဝေဟဖ္ပိုလ်ဘုံ၊ အသညသတ်ဘုံနဲ့ သုဒ္ဓါဝါသ ငါးဘုံဆိုတဲ့ စတုတ္ထဈာန် ရူပဘုံ ခုနစ်ဘုံကတော့
မပျက်ဘူးတဲ့။ အရူပလေးဘုံလည်း မပျက်ဘူးတဲ့။ သုံးဆယ့်တစ်ဘုံထဲက ဆယ့်တစ်ဘုံ ကျန်တာပေါ့။
အဲ့ဒီ လက်ကျန် ဗြဟ္မာတွေကနေ လူပြန်ဖြစ်ပြီး လူ့လောကကြီး တစ်စတစ်စ စည်းကာလာတာတဲ့။ ၀ိသုဒ္ဓိမဂ်မှာ
ဖော်ပြထားတယ်။ ဗြဟ္မာကနေ ကမ္ဘာ ပြန်စည်လာတော့ အတ္တ၀ါဒ ပါလာတယ်တဲ့။ ဗြဟ္မဇာလသုတ်က ပြောတာ။
ကမ္ဘာမတည်ခင်က ဗြဟ္မာ့ပြည်မှာလည်း ဗြဟ္မာဦးရေ အသစ်မတိုးဘူးပေါ့။ ဗြဟ္မာ့ဖြစ်လာဖို့ လူတွေ
နတ်တွေမှ မရှိသေးတာကိုး။ ဗြဟ္မာအရေအတွက် နည်းနေချိန်မှာ အခြံအရံ အသိုင်းအ၀ိုင်း လိုချင်တဲ့
ဗြဟ္မာကြီးတစ်ဦးက အခြံအရံ အပေါင်းအဖော်တွေ ငါ့ဆီ ရောက်လာရင် ကောင်းမှာပဲလို့ တောင့်တလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတောင့်တလိုက်တာနဲ့ တစ်ခြားဗြဟ္မာတွေ စုတေပြီး သူ့နားမှာ အခြွေအရံ
လာဖြစ်တယ်။ တစ်ခါ . . . နောက်ပေါက် ဗြဟ္မာတွေက အရင်စုတေပြီး လူ့ပြည်မှာ လူဖြစ်ကြပြန်ရောတဲ့။
လူဆိုပေမယ့် ဗြဟ္မာ့ပြည်က လာတာဆိုတော့ ကာမဂုဏ် ခံစားချင်တဲ့စိတ် မရှိကြဘဲ ဈာန်ရအောင်
တရားအားထုတ်ကြတယ်။ အဘိညာဉ် တန်ခိုးနဲ့ လူ့ဘ၀ကနေ ဗြဟ္မာ့ပြည်ကို လှမ်းကြည့်လိုက်တော့
အခြံအရံတွေနဲ့ ဗြဟ္မာကြီး ကြီးပွားနေတာကို မြင်ရတယ်။
လူ့ဘ၀က စုတေပြန်တော့လည်း အဲ့ဒီ ဗြဟ္မာကြီးရဲ့ အနီးအပါးမှာ ဗြဟ္မာ ဖြစ်ကြပြန်ရော။ တစ်ခြားဗြဟ္မာတွေသာ
တစ်ယောက်ပြီးတစ်ယောက် စုတေလိုက် အခြံအရံဗြဟ္မာ ပြန်လာဖြစ်လိုက်နဲ့ သံသရာ လည်နေတာ ဗြဟ္မာကြီးကတော့
သက်ရှည်ကျန်းမာနေတုန်း၊ အခြံအရံတွေနဲ့ ဘုန်းကြီးနေတုန်းပဲတဲ့။ အသက်ရှည်ပြီး ဘုန်းကြီးတဲ့
ဗြဟ္မာကြီးနဲ့ အသက်တိုတဲ့ အခြံအရံ ဗြဟ္မာတွေရဲ့ အထင်လွဲမှု၊ အသိ မပြည့်စုံကနေ အတ္တ၀ါဒ ပေါ်ထွန်းလာခဲ့တယ်။
ဗြဟ္မာကြီးဟာ ဗြဟ္မာပြည်မှာပဲ ထာဝရ ရှင်သန်နိုင်တယ်၊ တစ်ခြား ဗြဟ္မာငယ်တွေဟာ သံသရာ ကြဉ်လည်ရတယ်လို့
အားလုံးက မှားမှားယွင်းယွင်း ယုံကြည်သွားကြတယ်။ ဗြဟ္မာကြီးကို ထာဝရတည်မြဲတဲ့ ပရမတ္ထအတ္တလို့
ခေါ်ကြတယ်။ သံသရာ ကြဉ်လည်ရတဲ့ သတ္တ၀ါတွေကိုတော့ ဇီဝအတ္တတဲ့။ တကယ်တော့ ထာဝရတည်မြဲတဲ့အရာရယ်လို့
မရှိဘူး၊ ဇီဝရယ်လို့လည်း မရှိဘူး၊ အတ္တလည်း မရှိဘူးလို့ မြတ်စွာဘုရား ဟောတော်မူတယ်။
ကုသိုလ်ကောင်းမှု
ပြုလုပ်ရင်တောင်မှ သံသရာ ကြဉ်လည်တဲ့ ဇီဝအတ္တလေး သံသရာမှာ ကောင်းကျိုးသုခတွေ ခံစားဖို့ဆိုပြီး
အတ္တအတွက် ပြုလုပ်ကြတယ်။ ဘုရားဟောတာကတော့ သံသရာကြဉ်လည်ရာမှာ အတ္တကောင်၊ အသက်ကောင်၊ ၀ိဥာဏ်ကောင်၊
လိပ်ပြာကောင်ဆိုတာ မရှိဘူး။ ဘ၀ဆိုတာ ရုပ်နာမ်အစဉ်ပဲ။ သံသရာဆိုတာလည်း ရုပ်နာမ်အစဉ်ပဲ။
မြတ်စွာဘုရားက
အနတ္တလို့ ဟောပေမယ့် ဗုဒ္ဓဘာသာဝင်တွေတောင် အတ္တကင်းဖို့ မလွယ်လှဘူး။ ဇီဝအတ္တဆိုတာ မရှိဘူးလို့
ဗဟုသုတ အနေနဲ့ သိမှတ်နိုင်ပေမယ့် လောကီစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့အခါ ငါ့အတွက်၊
ငါ့အမျိုးအတွက်၊ ငါ့နိုင်ငံအတွက်၊ ငါ့သာသနာအတွက် ဆိုတာလိုမျိုး အတ္တနဲ့ တွန်းတင်ပေးရသေးတယ်။
အတ္တဒိဋ္ဌိက သောတာပန် အရိယာဖြစ်မှ ကင်းစင်တာကိုး။ အရိယာ မဖြစ်သေးလို့ အတ္တမစင်သေးပေမယ့်
ကိုယ့်အတ္တနဲ့ကိုယ် လောကီစီးပွားအတွက် ဆောင်ရွက်တဲ့ နေရာမှာ သူတစ်ပါးကို မထိပါးရင် တော်လှပါပြီ။
လောကီလူသား
ဗုဒ္ဓဘာသာဝင်တွေ အတ္တမကင်းတာ ဘာဆန်းတာမှတ်လို့။ သာသနာမှာ ခေါင်းဆောင်ဖြစ်တဲ့ သံဃာ့လောကမှာကိုပဲ
အတ္တမကင်းနိုင်ဘူး။ ဒီကိစ္စ တော်ရုံတန်ရုံဆို တော်သေးတယ်။ မတော်မတရား အဆင့်ထိ ရောက်လာရင်
ရှက်ဖို့တောင် ကောင်းတယ်။ ဆိုပါစို့။ ထာဝရအတ္တ ဗြဟ္မာကို ယုံကြည်ကြတဲ့ ဟိန္ဒူဗြဟ္မဏခေတ်တုန်းက
ဟိန္ဒူဘုရားကျောင်းတွေကို သူတို့ ဘုန်းကြီးတွေက လက်ဝါးကြီးအုပ်ထားတယ်။ ယဇ်ပူဇော်တာလို
ဘာသာရေး ကိစ္စတွေမှာ ဘုရားကျောင်းပိုင်ရှင် ဘုန်းကြီးတွေကပဲ ဦးဆောင်ပြီး လုပ်ပေးရတယ်။
ယဇ်နဲ့ ဆက်စပ်ပြီး ရသမျှ အခွင့်အရေး အကုန်ယူတယ်။ ဘာသာရေး အာဏာပိုင် ဘာသာရေး အာဏာရှင်တွေပဲ။
သူတို့က ထာဝရအတ္တ ယုံကြည်တဲ့ အတ္တသမားတွေဆိုတော့ သူတို့ အတ္တကြီးတာ သိပ်မဆန်းဘူး။ အနတ္တ
အနတ္တလို့ အာဘောင်အာရင်း သန်သန်နဲ့ ဟောလေ့ရှိတဲ့ ဗုဒ္ဓဘာသာ သံဃာ့လောကမှာ အလားတူ အတ္တဆန်တာတွေ
တွေ့တွေ့နေရတာ စိတ်မကောင်းစရာပဲ။ အောက်တန်းကျတဲ့ အတ္တအပြုအမူတွေ ဒီနေ့ခေတ်၊ ဒီနိုင်ငံမှာတောင်
ရှိနေသေးတယ်။ ဒကာဒကာမတွေကို မေတ္တာနဲ့ ဆက်ဆံပါလို့ မြတ်စွာဘုရားက လမ်းညွှန်ပေမယ့် ဒကာဒကာမတွေ
အပေါ်မှာ မေတ္တာကင်းကင်းနဲ့ အတ္တဆန်တဲ့ လုပ်ရပ်တွေ၊ သာသနာ့ ညီအစ်ကို သံဃာအချင်းချင်း လက်တွဲပြီး
သာသနာပြုရမှာကို အချင်းချင်း သဘောထားကြီးကြီးနဲ့ အပြန်အလှန် နားမလည်နိုင်ဘဲ အတ္တဆန်နေတာတွေ
တော်တော်များများ တွေ့နေရတယ်။ ဆိုပါစို့ . . . . . . . . . .။
(ဆက်ရန်
. . . . .)
:)
ရှင်အာစာရ
-----
Comment:
ဆရာတော်
ဒေါက်တာ အရှင်အာစာရ၏ တရားတော်မှ ကောက်ယူပူဇော်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝ အကျဉ်းချုပ် ပြောပြပါ ဘုရား
ReplyDelete