Wednesday, February 1, 2012

Will Soon Become Unstoppable

 
ဖေဖော်ဝါရီ (၁)ရက်နေ့ထုတ် စထြိတ်တိုင်းမ် သတင်းစာ (စင်္ကာပူ) မျက်နှာဖုံး သတင်းဆာင်းပါးကို ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။

*****

နားမဲ ဂေါ့ရှ်
ဘန်ကောက်သတင်းထောက်
၁ ဖေဖော်ဝါရီ၊ ၂၀၁၂

-----

ဒေသတွင်းမှာ စီးပွားရေးသမားတွေ မျက်စိကျတဲ့ နောက်ဆုံးနေရာကတော့ မြန်မာ ဖြစ်ပါတယ်။ လမ်းတိုင်းဟာ မြန်မာဆီ ဦးတည်နေသလိုပါပဲ။

အရင်က တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားတဲ့ စီးပွားရေးကို အစိုးရက ဖွင့်ပေးလိုက်ပြီး ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ အတွက်ကြောင့်၊ နောက်ပြီးတော့ အနောက်နိုင်ငံ တစ်ချို့ကလည်း အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ လျှော့ပေးလိုက်တဲ့ အတွက်ကြောင့် အမေရိကန်၊ ဂျာမဏီနဲ့ ဂျပန်အပါအ၀င် နိုင်ငံတကာက စီးပွားရေးသမားတွေဟာ အခွင့်အလမ်းသစ် ရှာဖို့ မြန်မာနိုင်ငံမှာ စုရုံးရောက်ရှိနေကြပါတယ်။

ရန်ကုန်က ဟိုတယ်တွေမှာ ဧည့်သည်တွေ ပြည့်နေတာ၊ အိမ်ခြံမြေ ဈေးကွက်  ထိုးတက်သွားတာ၊ အိမ်ငှားခ ဈေးတက်သွားတာတွေဟာ အခုဆိုရင် သီတင်းပတ် အတော်ကြာသွားပါပြီ။ နိုင်ငံခြားသားတွေ စုပြုံဝင်ရောက် လာနေကြလို့ ဖြစ်ပါတယ်။ စွမ်းအင်ရှာဖွေရေး၊ ဓာတ်သတ္တု တူးဖော်ရေးတွေကနေ ခရီးသွားလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းတွေအထိ ပွင့်လင်းလာနိုင်တဲ့အတွက် စီးပွားရေးသမားတွေ အခွင့်အလမ်း ရှာနေကြတာပါ။

“မြန်မာနိုင်ငံမှာ စလုပ်ရမှာတွေထဲက အစပဲ ရှိပါသေးတယ်။ အရဲစွန့်စရာတွေ ရှိနေတာ သိသာပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု အရှိန်အဟုန် မြင့်နေတာလည်း ရှင်းပါတယ်”လို့ စင်္ကာပူမှာရှိတဲ့ အာရှအလယ်ပိုင်းရေးရာ အကြံပေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ နားမဲ ဘခက်တန်က သုံးသပ်ပါတယ်။

ကမ္ဘာတစ်ဝှန်းက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်တဲ့ အရေအတွက် တိုးနေတာဟာ အပြောင်းအလဲ အရှိန်အဟုန် မြင့်နေတာရဲ့ သက်သေသာဓကပါပဲ။

ဒီလထဲမှာပဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်လည်ပတ်ဖို့ ရှိပါတယ်။ အရင်လကလည်း သန်းကြွယ်သူဋ္ဌေးကြီး ကျော်စိုးရိုးစ် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပရဟိတလုပ်ငန်းအတွက် ရုံးဖွင့်မယ်လို့ သူဋ္ဌေးကြီးက ဆိုပါတယ်။ မနှစ် ဒီဇင်ဘာတုန်းကလည်း ဂျာမနီက အကြီးဆုံးဘက်ကြီးရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ရင်းနှီးမြှုပ်နှံရေး အဖွဲ့တို့ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ ဟစ်တာချီ၊ တိုရှိဘာ၊ (. . . . . နာမည် မကြားဖူးတဲ့) ကုမ္ပဏီတွေက ဂျပန်အဖွဲ့လည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

အလှမ်းကွာဝေးတဲ့ နော်ဝေး၊ ဘရာဇီး၊ ရုရှား ရင်းနှီးမြှုပ်နှံသူတွေကတောင်မှ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို စိတ်ဝင်စားနေကြပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ကလည်း ကုန်စည်ပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ အခြေခံအဆောက်အဦး စီမံကိန်းတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

ဆန့်ကျင်ဝေဖန်သူတွေတောင် အံ့သြရလောက်အောင် မြန်မာအစိုးရ ခြေလှမ်းသွက်သွက်နဲ့ တဟုန်းထိုး ဆောင်ရွက်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြန်လည်ပုံဖော်မှုရဲ့ နောက်ဆက်တွဲအဖြစ် ဒီလို စိတ်ဝင်စားမှုတွေ ဖြစ်လာတာပါ။ တနင်္လာနေ့က စထြိတ်တိုင်းနဲ့ သီးခြားတွေ့ဆုံ မေးမြန်းတဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်မယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့အထိ ကြိုးစားမယ်လို့ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ တော်တော်ကောင်းပါတယ်။ အာရှမှာ စီးပွားရေး ရှေ့တန်းရောက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။ သဘာဝ သယံဇာတ ကြွယ်ဝပါတယ်။ လူငယ်လုပ်သား အင်အားလည်း ကောင်းပါတယ်။ တစ်ခြား စွမ်းရည်ကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေကို နိုင်ငံအကျိုးစီးပွားအတွက် အသုံးချနိုင်မယ်၊ ကမ္ဘာ့စီးပွားရေးထဲ ၀င်ဆန့်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ကောင်းပါတယ်”လို့ အရင်လ စောစောပိုင်းကမှ မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ မီးရဲ ကားယားဆူးလူးက ဆိုပါတယ်။

လူဦးရေ ၆၂သန်းရှိတဲ့ နိုင်ငံမှာ အခွင့်အလမ်းက တကယ့်ကို ကြီးကြီးမားမား ရှိနေပါတယ်။ ဓာတ်ငွေ့အပိုအလျှံလိုမျိုး သဘာဝ သယံဇာတ အရင်းအမြစ် ကြွယ်ဝတယ်၊ လူငယ်လုပ်သားအင်းအား တောင့်တင်းတယ်၊ ခရီးသွား လုပ်ငန်းနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးမှုတွေမှာလည်း အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိပါတယ်။

ဒါပေမယ့် မစ္စတာ ဘခက်တန် ထောက်ပြသလိုပါပဲ။ ဆယ်စုနှစ် တော်တော်များများကြာအောင် စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ရာကနေ ထွက်မြောက်ခါစ နိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် အရဲစွန့်စရာတွေ အများကြီး ရှိနေပါသေးတယ်။

ပြဿနာတွေထဲမှာ ပါဝင်နေတာတွေက . . . စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပါတယ်၊ ဈေးကွက်က တော်တော့်ကို ကျဉ်းပါတယ်၊ နိုင်ငံခြားငွေလဲနှုန်း မသတ်မှတ်ရသေးပါဘူး၊ မီးခဏခဏ ပျက်နေပါတယ်၊ အနိမ့်ဆုံးလစာ မသတ်မှတ်ရသေးပါဘူး၊ ကျန်းမာရေးကဏ္ဍနဲ့ ပညာရေးကဏ္ဍတွေလည်း ယိုးယွင်းပျက်စီးနေပါတယ်။ ဒီနေ့ခေတ် မြန်မာလူငယ်တွေဟာ အသက်ခြောက်ဆယ်ဝန်းကျင် လူကြီးတွေလောက် အင်္ဂလိပ်စကား မပြောတတ်ကြပါဘူး။

“စီးပွားရေးသမားတွေ မျက်စိကျနေတာ မှန်ပေမယ့် ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံတာတော့ မရှိသေးပါဘူး။ သွားရောက်လည်ပတ်ကြတယ်။ အလားအလာကောင်းတယ်လို့ အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် သတိထားနေကြရတယ်”လို့ သြစတြေးလျ မက္ကရီတက္ကသိုလ်က မြန်မာ့ဓနစောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဆီတာနဲက မှတ်ချက်ချပါတယ်။

တိုးတက်ဖို့ အတားအဆီးတွေထဲက တစ်ခုကတော့ တရားဝင်ငွေလဲနှုန်းနဲ့ မှောင်ခိုဈေးကွက်က ငွေလဲနှုန်း အကြီးအကျယ် ကွာဟနေတာ ဖြစ်ပါတယ်။ တရားဝင်နှုန်းက အမေရိကန် တစ်ဒေါ်လာကို ခြောက်ကျပ်ခွဲ သတ်မှတ်ပါတယ်။ မှောင်ခိုဈေးကွက်မှာ ရှစ်ရာကျပ် ရှိပါတယ်။ ဒီလို ကွာဟမှုက ကုန်သွယ်စီးပွား လုပ်ငန်းကို ရှုပ်ထွေးစေပါတယ်။

နောက်တစ်ခု အရေးကြီးတာက အလုပ်သမားရေးရာ ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုပါတယ်။ အလုပ်ရှင်ကိုရော အလုပ်သမားကိုပါ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်ရပါမယ်။ ကုန်သွယ်ရေးသမဂ္ဂ ဖွဲ့စည်းခွင့်ပေးမယ့် ဥပဒေသစ်ကလည်း အသက်မ၀င်သေးပါဘူး။ ဥပဒေကို အဆုံးမသတ်နိုင်သေးလို့ပါ။ ဒီ သီတင်းပတ်တွေ အတွင်းမှာတော့ အဆင်သင့် ဖြစ်လာနိုင်ပါတယ်။ အလုပ်သမားရေးရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ဥပဒေကလည်း တန်းလန်းပဲ ရှိပါသေးတယ်။

နိုင်ငံတွင်းမှာ ကျွမ်းကျင်လုပ်သား မလုံလောက်တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ခိုင်မာလာလို့ အလုပ်သစ်တွေ ရှိလာမယ် ဆိုရင်တော့ စင်္ကာပူ အပါအ၀င် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်ပါတယ်။ အသွင်ကူးပြောင်းမှုဟာ သဲထဲရေသွန် ဖြစ်သွားနိုင်တယ်လို့ သံသယနဲ့ စောင့်ကြည့်နေသူတွေကတော့ သတိပေးကြပါတယ်။

ဒါပေမယ့် အစိုးရဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ဆန်းစစ်ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။ ငွေလဲနှုန်း သတ်မှတ်ဖို့အတွက် ဗဟိုဘဏ်ကို အာဏာပေးအပ်ဖို့ စီစဉ်နေတာ၊ ကုန်သွယ်ရေး ဈေးကွက်ကို ပုံဖော်ဖို့ လုပ်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ထိပ်တန်း ခေါင်းဆောင်တွေဟာ အမှန်အကန်ကို ကြိုးစားနေကြပါတယ်။ အမြန်ဆုံး ဖြစ်လာအောင် လုပ်ချင်နေကြပါတယ်”လို့ ပါမောက္ခ ဆီတာနဲက သုံးသပ်ပါတယ်။

အခု နိုင်ငံတော်ခရီးစဉ်တစ်ခု အနေနဲ့ စင်္ကာပူရောက်နေတဲ့ ဦးသိန်းစိန်ဟာ ဒီသီတင်းပတ်ထဲမှာပဲ စင်္ကာပူနဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ပါတယ်။ ဥပဒေကိစ္စ၊ ဘဏ်လုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းတွေ ပါဝင်တဲ့ အခန်းကဏ္ဍ တော်တော်များများက မြန်မာအရာရှိတွေကို စင်္ကာပူက လေ့ကျင့်သင်ကြားပေးဖို့ သဘောတူခဲ့ကြပါတယ်။

မစ္စတာ ဘခက်တန်က အခုလို ထောက်ပြဝေဖန်ပါတယ်။
“ဒီအခြေအနေတွေဟာ တရုတ်နဲ့ ဗီယက်နမ်မှာ စဖွင့်ခဲ့တုန်း တွေ့ခဲ့ရတာတွေနဲ့ အတူတူပါပဲ။
ဒါတွေဟာ ပြဿနာတွေဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မဖြေရှင်းနိုင်မယ့် ပြဿနာတွေတော့ မဟုတ်ပါဘူး။
အရေးယူ ဒဏ်ခတ်မှုတစ်ချို့ လျှော့ချလိုက်တာ၊ စီးပွားရေးနဲ့ နိုင်ငံရေး ပြန်လည်ပုံဖော်လာတာတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဟာ သိပ်မကြာခင်မှာပဲ ပိတ်ပင်တားဆီးလို့ မရအောင် ဖြစ်လာပါလိမ့်မယ်။”

-----
Comment:
သတင်းစာ ဖတ်နေကျ မဟုတ်တော့ ဝေါဟာရတွေ၊ ဘာသာရပ်တွေနဲ့ ရွာလည်လည် သွားပါတယ်။
နားမလည်တာတွေကို ရမ်းချလိုက်ရပါတယ်။
ဖတ်ရင်းဖတ်ရင်း နားမလည်ဘဲ မျက်စိလည်သွားရင် ဗွေမယူကြပါနဲ့။

:)
ရှင်အာစာရ

No comments:

Post a Comment