Sunday, February 5, 2012

Flower and Butterfly - ပန်းနဲ့လိပ်ပြာ



(က)

ချစ်ခင်မြတ်နိုး တန်ဖိုးထားသောစိတ်ဖြင့် အမိမြန်မာပြည်ကို ဥယျာဉ်သာနှင့် နှိုင်းစာလျှင် မြန်မာ့ထေရဝါဒဗုဒ္ဓသာသနာတော်ကို ရနံ့လှိုင်ကြူ ပန်းမဉ္ဇူနှင့် တင်စားရပေမည်။ သာသနာပန်းရနံ့ကား ကမ္ဘာအနှံ့ သင်းပျံ့ထုံကြိုင်လျက်။ သင်းရနံ့၏ ဆွဲယူညှို့ဖမ်းမှုကြောင့် ဥယျာဉ်သို့ အရောက် ပျံသန်းလာကြသော ကမ္ဘာသူ ကမ္ဘာသား လိပ်ပြာများကား အသွေးစုံ၊ ရောင်စုံ။ မျိုးမခြား၊ အဆင့်မခွဲ၊ တစ်သားတည်း၊ တစ်ပြေးတည်း၊ အခွင့်အရေးညီညီ ဓမ္မဝတ်ရည်ချို သောက်သုံးနေကြသည်ကား တအုံးအုံး၊ တရုန်းရုန်း။

(ခ)

-   Life is a good gift we have to value.
-   We need no religion to keep the world peace, but really need noble teachings.
-   To keep the world peace, love is actually needed.
-   Very simple and important thing in life is no other than love.

(ဂ)

သူ...။ ဝတ်ရည်လာသောက်သည့် လိပ်ပြာ။
တစ်ကျွန်းတစ်ရွာမှ သူရောက်လာသည်။ စပိန်မှ မြန်မာသို့။ ရှင်တော်မြတ်ဗုဒ္ဓ၏ ဓမ္မအေးရိပ်မှာ မှေးစက်ခိုလှုံဖို့။ မြန်မာပြည်၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ဆရာကြီး ဦးဂိုအင်ဂါ၏ ဓမ္မဇောတိဝိပဿနာရိပ်သာ။ ထိုနေရာ ပဋိရူပဒေသ၌ ကမ္ဘာကျော် လယ်တီဆရာတော်ဘုရားကြီး၊ အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီး ဦးဘခင်၊ ဆရာကြီး ဦးဂိုအင်ဂါ ဆရာအစဉ်အဆက် ကျင့်သုံးခဲ့သော တရားဓမ္မကို သူ သင်ယူကျင့်သုံးခွင့် ရခဲ့ပြီ။ သူကား ဓမ္မဇောတိတရားစခန်းမှာ ဆယ်ရက် တရားအားထုတ်ခဲ့သည့် စပိန်နိုင်ငံသူ မော်နီကာ။ (၂.၂.၂၀ဝ၂)နေ့က ရိပ်သာက ပြန်လာခါစ မော်နီကာနှင့် စကား လက်ဆုံကျခဲ့သည်။ အမျိုးဘာသာသာသနာအတွက် အကျိုးရှိမည် ဟူသော ယုံကြည်ချက်ဖြင့် သူ့စကားထဲမှ စိတ်ဝင်စားဖွယ်အချို့ကို.....။

(ဃ)

ကျွန်မနာမည် Monica လို့ခေါ်ပါတယ်။ Monicaဆိုတာ Monkလို့ အဓိပ္ပာယ်ရပါတယ်။ ရသေ့ရဟန်းပေါ့။ ကျွန်မအသက် သုံးဆယ်ရှိပါပြီ။ ရိုးသားအေးချမ်းတဲ့ မိသားစုမှာ ကျွန်မ ပေါက်ဖွားခွင့် ရခဲ့ပါတယ်။ အခု ကျွန်မနဲ့သူ နှစ်ယောက်ထဲ နေကြပါတယ်။ သူဆိုတာက ကျွန်မ ခင်ပွန်းကို ပြောတာပါ။ သူက ရှေ့နေဖြစ်ပေမယ့် ရှေ့နေအလုပ်ကို ဝါသနာမပါဘူးလေ။ ဒီတော့ ဂီတနဲ့ပဲ သူပျော်နေတယ်။ ဂစ်တာတီးလိုက်၊ သီချင်းရေးလိုက်ပေါ့။ ကျွန်မနဲ့ တွဲမိပါတယ်။ ကျွန်မကလည်း အနုပညာဗီဇ သေးတာမှတ်လို့။ ကျွန်မငယ်ငယ်က ပန်းချီကျောင်းမှာ နှစ်နှစ် ပညာသင်ဖူးတယ်။ ဂီတဝါသနာပါတော့ သီချင်းတွေလည်း ဆိုဖြစ်တယ်။ အများဆုံး ဆိုဖြစ်တာကတော့ ပေါ့ပ် သီချင်းတွေပဲ။ ကျွန်မတို့ ကိုယ်ပိုင် တီးဝိုင်းတစ်ခုလည်း ထောင်ထားတယ်။ အလျဉ်းသင့်သလို သီးချင်းခွေတွေ ထုတ်တယ်။ ကျွန်မတို့ တီးဝိုင်းရော ကျွန်မသီချင်းတွေပါ စပိန်မှာ လူသိနည်းပါတယ်။ သိပ် မအောင်မြင်သေးပါဘူး။ ဒါကိုလည်း ကျေနပ်ပါတယ်။ အနုပညာကို ဖန်တီးတဲ့ နေရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက အရေးမကြီးပါဘူး။ ကျွန်မတို့ မအောင်မြင်သေးတာ ညံ့လို့မဟုတ်ပါဘူး။ ကိုယ်ဖန်တီးထားတဲ့ အနုပညာကို ပရိသတ်က မခံစားနိုင်သေးလိုပါ။ ကိုယ်နဲ့ပရိသတ် အကြိုက်ချင်းတူတဲ့တစ်နေ့ အောင်မြင်ရမှာပေါ့။ အောင်မြင်ဖို့ သက်သက်ရည်ရွယ်၊ အနုပညာဂုဏ်မဲ့ပြီး ပရိသတ်အကြိုက် တမင် ဖန်တီးဖို့ကျတော့လည်း လိပ်ပြာမလုံ ချင်ဘူး။ ကိုယ့်အနုပညာဗီဇ လှုံ့ဆော်သလိုပဲ ဖန်တီးချင်တယ်။

ဘဝမှာ အောင်မြင်ဖို့ထက် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဘဝဆိုတာ တန်ဖိုးထားရမယ့် လက်ဆောင်မွန်ပဲ။ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ နေထိုင်ရှင်သန်သင့်တာပေါ့။ ပျော်ရွှင်ငြိမ်းချမ်းဖို့ မေတ္တာတရား လိုအပ်ပါတယ်။ ဘဝမှာ ရိုးရှင်းပြီး အရေးတကြီး လိုအပ်တာကတော့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။

ဘာသာ သာသနာက မေတ္တာတရားတွေ သွန်သင်ပေးတယ်ဆိုတာကို ကျွန်မလက်ခံပါတယ်။ တိတိကျကျပြောရရင်တော့ ဘာသာရေးနဲ့ သာသနာရေးဟာ မတူပါဘူး။ ကျွန်မအမြင် ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ ကမ္ဘာမှာ ဘာသာရေး မလိုအပ်ပါဘူး။ ငြိမ်းချမ်းရေးဆီ ဦးတည်ပေးတဲ့ မြင့်မြတ်တဲ့ သွန်သင်မှုတွေကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ လူတွေကို ချစ်တတ်အောင် သင်ပေးတဲ့ သာသနာရေးကနေ လူတွေကို လွှမ်းမိုးနိုင်တဲ့ ဘာသာရေး ပေါ်ပေါက်လာခဲ့တာ ထင်ပါတယ်။ လူအချင်းချင်း ထိန်းချုပ်ဖို့ ဘာသာရေးကို လူတွေတီထွင် ဖန်တီးခဲ့ကြတာလို့ ကျွန်မမြင်ပါတယ်။ သာသနာတော် ဆိုတာကတော့ သူမြတ်တွေရဲ့ လမ်းညွှန်ချက်ပါ။ လိုက်နာရမှာပဲ။ ပကတိအတိုင်း ဖြူစင်တဲ့ သာသနာတော်ဟာ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ၊ ကရုဏာ အညီအမျှ ထားရှိပါတယ်။

ကျွန်မရဲ့ ဘာသာရေးအမြင်ကို ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာရေးပွဲတွေ၊ ဘာသာရေး အသုံးစရိတ်တွေကို မလိုအပ်ဘဲ သိပ် မချဲ့ထွင်သင့်ပါဘူး။ ကျွန်မတို့ နိုင်ငံမှာဆိုရင် ထိမ်းမြားလက်ထပ်တာဟာ ဘာသာရေးကိစ္စပါပဲ။ ကျွန်မကတော့ အိမ်ထောင်သည် ဖြစ်ပေမယ့် အစဉ်အလာ ဘာသာရေး အခမ်းအနားနဲ့ လက်မထပ်ခဲ့ပါဘူး။ ကျွန်မတို့ အတူနေလာတာ သုံးနှစ်ရှိပါပြီ။ Living Together လည်းမဟုတ်ပါဘူး။ တကယ့် အိမ်ထောင်ရှင်ပါ။ အစဉ်အလာ လက်ထပ်မှုကို လက်မခံချင်တဲ့ အကြောင်းတစ်ခုက ကုန်ကျစရိတ် နှမြောလို့ပါ။ နောက်ပြီး ပိုအရေးကြီးတာက သူနဲ့ကိုယ် အပြန်အလှန် နားလည်ချစ်ကြိုက်ပြီး အတူနေကြမယ့် အရေးကို တစ်ခြားသူရှေ့မှာ ကတိသစ္စာခံယူတာ သိပ်အဓိပ္ပာယ်မရှိဘူး ထင်လို့ပါ။

မြန်မာပြည်က ဘုန်းကြီးတွေအကြောင်းတော့ သိပ်မသိပါဘူး။ ဘုန်းကြီးတစ်ပါး တွေ့ဖူးတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ရင်ပေါင်တန်းနေတဲ့ အဓိပတိဆရာတော်ပါ။ အံ့ဩသွားမလား၊ သူ့ရဲ့ ဝတ်ရုံသင်္ကန်းက ဒေါ်လာ(၅၀ဝ၀)တန်တယ်။ ဒါကို ကျွန်မ သိပ် မကျေနပ်ချင်ဘူး။ သူက ဒေါ်လာ(၅၀ဝ၀)တန် ဝတ်ရုံသင်္ကန်းကြီးနဲ့ ပရိတ်သတ် အခမ်းအနားမှာ သစ္စာ မေတ္တာ အကြင်နာ ကရုဏာထားကြဖို့ တရားဟောနေချိန်မှာ ကမ္ဘာဟိုဘက်ခြမ်းက ဒုက္ခသည်တွေ ဘာဖြစ်နေမလဲ။ ဝတ်စရာမရှိ၊ စားစရာမရှိ၊ အိုးမဲ့အိမ်မဲ့၊ ဆေးဝါးမကုသနိုင်တဲ့ ဒုက္ခသည်တွေဟာ သူ့ရဲ့ဒေါ်လာ (၅၀ဝ၀)တန် မေတ္တသုတ်ကို နာယူခွင့် မရကြပါဘူး။ သူဟောတဲ့ မေတ္တာစကား တစ်ခွန်းတစ်ခွန်းမှာ ဒုက္ခသည် ဘယ်နှစ်ယောက် သေသွားကြပြီလဲ။ ဘယ်လို ဆင်းရဲနေကြသလဲ။ စဉ်းစားမိဟန် မတူပါဘူး။  ကျွန်မ စဉ်းစားမိတာက အကောင်းစား ဝတ်ရုံထဲက တစ်ဒေါ်လာလောက်ဖြစ်ဖြစ် ဆင်းရဲဒုက္ခငြိမ်းအေးဖို့ အသုံးပြုလိုက်နိုင်ရင် သူဟောတဲ့ တရားတွေ ပိုပြီး အဓိပ္ပာယ်ရှိလာမှာ...။ ဒီကဘုန်းကြီးတွေ ဒေါ်လာ (၅၀ဝ၀)တန် သင်္ကန်းမျိုး ဝတ်ကြတာ မတွေ့ရလို့ ကျွန်မဝမ်းသာပါတယ်။

ကျွန်မ မြန်မာပြည်ကိုရောက်တာ ဒါပထမဆုံးပါ။ အခု တရားထိုင်တာဟာလည်း ပထမဆုံး ဘာသာရေး အတွေ့အကြုံပါပဲ။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဆယ့်သုံးနှစ်သမီး တုန်းကတော့ “သိဒ္ဓတ္ထ”ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါတယ်။ အရမ်း သဘောကျတာပဲ။ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းကို မသိခင်ကတည်းက သဘောတရားကိုတော့ တွေ့ဖူးပါတယ်။ ကျွန်မ ပန်းချီကျောင်း တက်တုန်းက နည်းပြဆရာဟာ ပန်းချီမဆွဲခင် ခါးကိုစန့်စန့်ထား၊ မတ်မတ်ထိုင်၊ မျက်စိမှိတ်ပြီး ဝင်လေထွက်လေ မှန်မှန်ရှိုက်နေတာ တွေ့ဖူးပါတယ်။ အခု ကျွန်မဒီမှာ တရားထိုင်ရတာနဲ့ သဘောတူပါတယ်။ အဲဒီတုန်းကတော့ ပန်းချီဆွဲတာနဲ့ တရားထိုင်တာကို ဆက်စပ်မရခဲ့ပါဘူး။ အခုတော့ ပန်းချီနည်းပြဆရာကို နားလည်ပါပြီ။ တရားထိုင်ရင်း တွေ့ရတဲ့ မြင်ကွင်းတွေက သုံးဘက်မြင်တွေပဲ။ ပန်းချီဆွဲဖို့ အရမ်းကောင်းပါတယ်။ လေးနက်တဲ့ သီချင်းတွေ ရေးစပ်နိုင်အောင် ကျွန်မခင်ပွန်းကိုလည်း တရားထိုင်နည်း သင်ပေးရဦးမယ်။

တရားထိုင်ရတဲ့ အတွေ့အကြုံကို ကျွန်မ တော်တော် သဘောကျပါတယ်။ ရှေ့ဆက်ပြီး ဘဝတစ်လျှောက်လုံး တရားနဲ့ နေထိုင်သွားဖို့ ဆုံးဖြတ်ပြီးပါပြီ။ အိမ်ပြန်ရောက်ရင်တော့ ဒီက ရိပ်သာမှာလို တရားထိုင်ချိန် များများမရနိုင်ပါဘူး။ ဖြစ်နိုင်သလောက်တော့ အချိန်ယူရမယ်။ နောက်တစ်ခါ ဆိုရင်တော့ အိန္ဒိယ သွားပြီးတရားထိုင်ဖို့ စိတ်ကူးထားပါတယ်။ ဖြစ်နိုင်ရင် ဒီကိုလည်း ပြန်လာချင်ပါသေးတယ်။ တွေ့ကြသေးတာပေါ့။

(င)

မော်နီကာဆိုသော လိပ်ပြာလေးသည် တရားဝတ်ရည်ကို မြည်းစမ်းစားသုံးကာ နေရင်းရပ်ဘုံ သူ့သိုက်မြုံသို့ ပြန်သွားလေပြီ။ သူ ပျံသန်းသွားပါလေပြီ။ မြည်းသုံးမိသော ဝတ်ရည်ချိုမြ၊ ဓမ္မရသ၊ သန္တရသနိဒါန်းကို သူ မနောခွေ့သွားသည်။ ဤကဲ့သို့ အလားတူသော ထိုထိုထို ထိုထိုထို လိပ်ပြာများအတွက် ဥယျာဉ်ပိုင်ရှင်များ ဥယျာဉ်သာကို သလျက်၊ အားသွန်တိုးချဲ့ နေကြဆဲ။ ချွေးသံတရွှဲရွှဲ အားခဲနေကြသည်ကား မမောနိုင် မပမ်းနိုင်။ ဥယျာဉ်သာအတွက် အားသွန်ကြိုးပမ်း နေကြသူများထဲမှ ဆိုရေးရှိသူ တစ်ယောက် အနေဖြင့် ဆိုသင့်သေးသည်။ ဆိုချင်သေးသည်။ ဖိတ်ခေါ်ရပေဦးမည်။ လာလော့ လိပ်ပြာ၊ သောက်သုံး ပါလှည့် ဝတ်ရည်၊ ဓမ္မအဆီ မြိုက်ဝတ်ရည်...။

ရှင်အာစာရ

-----

Comment:

-       အတွဲ-အမှတ် မသိရသော “ဘာသာသွေးမဂ္ဂဇင်း”မှ
-       ငယ်ငယ်က လက်ရေး နည်းနည်း လှသလိုပဲ။
-       ကြီးလာတော့ မှန်ခြစ်တွေ များများလာသလားလို့။

:)
ရှင်အာစာရ

1 comment:

  1. ဦးဇင်း
    အားကျစရာကောင်းပါတယ်ဘုရား။ နိုင်ငံခြားသားတွေက အကုန်ခံပြီး ဗမာပြည်လာ တရားကိုတန်ဘိုးထားကြတယ်။ ဗမာပြည်က တချို့ကတော့ နီးနေလို့လားမသိ တန်ဘိုးထားရကောင်းမှန်းမသိကြဘူးဘုရား

    ReplyDelete