Wednesday, February 15, 2012
ကိုယ်ကြိုက်ရာကောင်း
“အ”သုံးလုံးသင်တန်းတောင် ပြီးအောင် မတက်ခဲ့တဲ့ အမေ့ဆီက စာသင်ခဲ့ရတာလို့ပြောရင် ထွင်တယ်ထင်အုံးမယ်။ အမေ့ဆီက စာသင်တယ် ဆိုပေမယ့် အမေက စာလုံးပေါင်း ဖတ်တတ်အောင် သင်ပေးတာတော့ ဘယ်ဟုတ်ပါ့မလဲ။ စာဖတ်ရင်း နားမလည်တဲ့အခါ အမေ့ကို ဖတ်ပြပြီး အဓိပ္ပာယ် ရှင်းပြခိုင်းရတာပေါ့။ အမေက စာသာ မတတ်တာ စာရဲ့ အဓိပ္ပာယ်ကိုတော့ ရှင်းပြတတ်တယ်။ အမေ ရှင်းပြပေမယ့် ငယ်ငယ်က နားမလည်ဘဲ ကြီးမှ အလိုလို နားလည်လာတာလည်း ရှိတာပေါ့။
* * * * *
အမေက “အ”သုံးလုံး သင်တန်းသာ ပြီးအောင်မတက်ခဲ့တာ ရင်းရဲလာပြီး “အ”သုံးလုံးသင်တဲ့ ဆရာမ တစ်ယောက်ကိုတော့ သံယောဇဉ် ရှိပုံရတယ် . . .။ သန်းသန်းလှဆိုတဲ့ ဆရာမရဲ့ နာမည်က အမေ တမ်းတမ်းတတ ဖြစ်ရတဲ့ နာမည်တစ်ခု . . .။ စကားစပ်မိတိုင်း အမေက ပြောတယ် . . .။
“ငါကတော့ သန်းသန်းလှကို ခုထိ မျက်စိထဲက မထွက်ဘူး။ စာသင်ရာက ပြန်လာရင် နီတာ့ကို လာချီတော့တာပဲ။ နီတာ့ကို တော်တော်ချစ်တယ်။”
ခင်ဗျာ့သားကို ချစ်လို့ ဆရာမကို ပြန်ချစ်တာလားမေးရင် သူယုတ္တိနဲ့သူ . . .။
“သန်းသန်းလှက သဘောကို ကောင်းတာ။ စာသင်လည်း ကောင်းတာပဲ။ ကျန်တဲ့ ဆရာမတွေနဲ့ကို မတူဘူး။ မြို့သူပေမယ့် တောမှာကျတော့ သနပ်ခါး ဘဲကြားနဲ့ တောသူလို နေတာ။ ကရမက် ပွင့်ချိန်ဆိုတော့ ကရမက်ပန်းတွေ ဖွေးနေအောင်ပန်တာများ နတ်ကတော် ကျနေတာပဲ။ သူ့မိဘတွေက သူဌေးဆိုပေမယ့် သူက မထည်ဝါဘူး။ သူနဲ့ စာသင်ရတာ ပျော်ကြတယ်။ ငါသာ ကလေးတစ်ဘက်နဲ့မို့ ကောင်းကောင်းမသင်ဖြစ်ခဲ့တာ။ သန်းတင်တို့ . . . မိဦးတို့ . . . တော်တော်များပါတယ် . . .။ အစက ၀လုံးတောင် သိကြတာ မဟုတ်ဘူး။ သန်းသန်းလှ သင်ပေးလို့ စာတတ်ကြတာ။ စာလာသင်တာ ဆရာမ သုံးယောက်ပဲ။ သူတို့ပြန်တော့ တစ်ရွာလုံးက လက်ဆောင်တွေ ၀ိုင်းပေးကြတာ . . . ပဲလှော်၊ ထန်းလျက်၊ သနပ်ခါးတုံး . . . စုံနေတာ . . .။ သန်းသန်းလှပဲ အများဆုံးရတာ။ သူ့ဆို တစ်ရွာလုံးက ပိုချစ်ကြတယ်။ သူပြန်သွားတော့ ငိုလိုက်ကြတာများ။ သူများငိုတော့ သူလည်း မျက်ရည် မထိန်းနိုင်တော့ဘူး။”
* * * * *
“တစ်ချို့ ဇာတ်လမ်းလေးတွေက ရယ်ရတယ်။ တစ်ချို့ကျ နားမလည်တော့ မရယ်ရဘူး။ အရုပ်ကိုပါ သေသေချာချာကြည့်လည်း အဓိပ္ပာယ် မပေါ်ဘူး။”
“နားမလည်တာ ဘယ်ဟာလဲ။ အမေ့ ဖတ်ပြ။”
          တစ်ခါက ရွာတစ်ရွာ၌ ဦးဘောဂဆိုသော သူဌေးကြီးတစ်ယောက် ရှိ၏။
          ဦးဘောဂသည် ကျေးရွာအတွင်း၌ သြဇာကြီးမားသူ ဖြစ်၏။
“ဒါက ဦးဘောကလေ . . .။ ဒါက သူ့အိမ်။”
“ခေါင်းပေါင်းနဲ့။ ပုဆိုးကွက်ထောက်ကြီးနဲ့။ မြင်တာနဲ့ သူဌေးကြီးမှန်း သိပါတယ်။ ဆက်ဖတ် . . .။”
          သူဌေးကြီးသည် အပေးအကမ်း ရက်ရော၏။
          ရပ်ရေးရွာရေး ကိစ္စတိုင်း၌လည်း သူဌေးကြီး ပါဝင်ဆောင်ရွက်သည်။
          ရပ်ရွာက သူဌေးကြီးကို အားကိုးရသည်။
“ဒါက လမ်းပြင်နေကြတာ။ သူဌေးကြီးက လမ်းပြင်တဲ့ လူတွေကို မုံ့လုံးရေပေါ် ကျွေးတာနဲ့ တူတယ်။”
“အင်း . . .။ စာပဲဖတ်ကွယ်။ အရုပ်တွေ ရှင်းပြမနေနဲ့တော့။ အမေ မအားသေးဘူး။ ထမင်း ချက်ရအုံးမှာ။”
          သို့သော် . . .
          သူဌေးကြီး၌ ညင်ဆိုးတစ်ခု ရှိ၏။
          သူဌေးကြီးသည် တွေ့သမျှလူကို နှိမ်တတ်၏။
          ၀သူကို တွေ့လျှင် . . .
          “ဟကောင်ကြီး . . . တယ်ဝပါလား။
          ပိန်သူကို တွေ့လျှင် . . .
          “ဟေ့ ငါးဖောင်ရိုး . . . လေတိုက်ရင် အပြင်မထွက်နဲ့။
          လေထဲ လွင့်ပါသွားလိမ့်မယ်။”
“ဟဲ ဟဲ . . .။ ဒီထိတော့ နားလည်တယ်။ နောက်ပိုင်းပဲ နားမလည်တာ။”
“ကဲ ကဲ . . .။ ဖတ် ဖတ်။”
          တစ်နေ့သ၌ . . .
          “နှမ်းဖတ်ချဉ် တော်ရို့ . . .။”
          “ဟဲ့ နှမ်းဖတ်ချဉ်သည် လာအုံး။”
          “ဟုတ်ကဲ့ သူဌေးကြီး . . .။ လာပါပြီ ရှင့်။”
          “ပြစမ်း နင့် နှမ်းဖတ်ချဉ်။”
          “ကြည့်ပါ ရှင့်။ အားပေးပါအုံး။”
          “နေအုံး။ မ၀ယ်သေးဘူး။ ငါ အရင် မြည်းကြည့်အုံးမယ်”
          သူဌေးကြီးသည် နှမ်းဖတ်ချဉ်ကို နှိုက်၍မြည်းလိုက်ပြီး . . .
          “တယ် . . . နင့်နှမ်းဖတ်ချဉ်နှယ် . . .
          ခွေးချေးလောက်တောင် မကောင်းဘူး။”
          နှမ်းဖတ်ချဉ်သည် အမျိုးသမီး စိတ်တိုသော်လည်း သူဌေးကြီးကို ရုတ်တရက် ဘာမှ ပြန်မပြောရဲဘဲ ငိုမဲ့မဲ့ ဖြစ်နေ၏။
          နောက်ဆုံး အားတင်း၍ . . .
          “ကိုယ်ကြိုက်ရာ ကောင်းပါရှင် . . .။”
“ဒါပဲတဲ့ဗျာ . . .။ စာလုံးမှားတာ ထင်တယ်။ သူဌေးကြီးရဲ့ ငယ်နာမည်က 'ကိုကြိုက်'လား မသိဘူး။”
-----
Comment:
အမေ။  ။ “သူဌေးကြီး ခွေးချေးကြိုက်တယ် ဖြစ်သွားတာပေါ့ . . . ငါ့သားရဲ့။ ဟား ဟား ဟား။”
* * * * *
အမေ သက်တော်ရာကျော် ရှည်ပါစေ။
ဘယ်သူဘယ်ဝါမှန်း မသိလိုက်ရတဲ့ ဒေါ်သန်းသန်းလှလည်း . . . . .။
:)
ရှင်အာစာရ
No comments:
Post a Comment