Monday, January 2, 2012

Name - အမည်

လူတိုင်း နာမည် ရှိကြရ၏။ လူတစ်ဦးတည်းကို နာမည်အမျိုးမျိုးနှင့်လည်း ခေါ်တတ်ကြ၏။ နာမည် အကောင်းလည်း ပါသည်။ အဆိုးလည်း ပါသည်။ ချစ်စရာ။ မုန်းစရာ။ မြှောက်ချက်။ နှိမ်ချက်။ အသွင်။ စရိုက်။ စသည်တို့ မြောက်များစွာ ပါ၏။ မည်သို့ဆိုစေ ဆက်ဆံရေးအတွက် နာမည်လိုသည်။ လူ့အချစ်ခံ တိရစ္ဆာန်များ၊ လူ့အခိုင်းခံ တိရစ္ဆာန်များနှင့် လူကို အသုံးတော်ခံသည့် တိရစ္ဆာန်များမှာလည်း နာမည်ရှိကြရသည်။ တိရစ္ဆာန်ချင်း ဆက်ဆံသည့် တိရစ္ဆာန်များ၏ ဆက်ဆံရေး နယ်ပယ်၌ နာမည်မလိုပေ။ သို့သော် လူနှင့်နီးသည့် တိရစ္ဆာန်များကို လူက နာမည်ပေး၏။ လူ၏ သွန်သင်မှုကြောင့် နာမည်ကို အရေးမစိုက်သော ပူစီတို့သည်ပင် ညောင်ညောင်ဟု ထူးတတ်လာကြ၏။ လူသည် မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါတို့ကို နာမည်ပေးတတ်၏။ သက်ရှိသက်မဲ့တို့ကို နာမည်မှည့်တတ်၏။ တစ်ချို့ က နာမည်ရအောင် လုပ်ကြသည်။ အချို့သည် နာမည်ဆိုးဖြင့် ကျော်ကြား၏။ နာမည်တစ်ချို့သည် ကမ္ဘာကျော်၏။ အချို့သော နာမည်များသည် နာမည်သာဖြစ်၏။ ခေါ်လို့ရရုံ သက်သက်သာ ဖြစ်၏။ ဆိုးသည်ကောင်းသည်ဟု အဓိပ္ပာယ်ထူး မရှိချေ။

-----

ဗြာဟ္မ၀ံသ ဆိုတာ ထိုင်းနိုင်ငံမှာ ရဟန်းဖြစ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံသား ထေရ၀ါဒ ဆရာတော် တစ်ပါးရဲ့ ဘွဲ့အမည် ဖြစ်ပါတယ်။ ဗြဟ္မာမျိုးနွယ်၊ မြတ်တဲ့မျိုးနွယ်လို့ ဗမာလို အဓိပ္ပာယ်ရမယ် ထင်ပါတယ်။ (အခု သူက သြစတြေးလျနိုင်ငံမှာ ကျောင်းထိုင်နေပါတယ်။ ပိုက်ဆံ မကိုင်ဘူး၊ ဘဏ်စာရင်းတောင် မရှိဘူးလို့ ပြောကြပါတယ်။ ငွေလူးမှာစိုးလို့ ထင်ပါတယ်။) ဆရာတော်ရဲ့ ဘွဲ့အမည်ကို အင်္ဂလိပ် အက္ခရာနဲ့ “Brahmavamso”လို့ ရေးပါတယ်။ သူ့ရဲ့ ဘွဲ့အမည်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာလေး တွေ့မိလို့ပါ။

ပါဠိလို မှည့်ထားတဲ့ သူ့နာမည်ကို တော်တော်များများက မခေါ်တတ်ကြဘူးတဲ့။ ပါဠိမို့၊ ရှည်လည်း ရှည်လို့တဲ့။ ဒါမို့ ဆရာတော်က သူ့ဘွဲ့အမည်ကို “Brahm”လို့ လုပ်လိုက်တယ်။ ခေါ်ကြရတာ အဆင်ပြေသွားတယ်တဲ့။ အမျိုးသမီးတစ်ယောက်က နာမည်ခေါ်တတ်သွားပြီ၊ လွယ်လွယ်နဲ့လည်း မှတ်မိပြီလို့ ဆရာတော်ကို လျှောက်သတဲ့။ မမှတ်မိစရာ မရှိတော့ဘူး။ အမြဲဝတ်တဲ့ ဘရာစီယာနဲ့ တွဲမှတ်ထားတာလို့ လျှောက်သတဲ့။

          “ခုတော့ ဘုန်းကြီးကို အားလုံးက Brahmလို့ပဲ ခေါ်ကြပါတယ်။
          မေမေက လွဲလို့ပေါ့။ မေမေကတော့ Peterလို့ပဲ ခေါ်ပါတယ်။
          ဘုန်းကြီးလည်း မေမေ့အခွင့်အရေးကို တားမြစ်ကန့်ကွက်လို့ ဘယ်ရမလဲ။

          တစ်ခါတုန်းက ဘာသာပေါင်းစုံ ညီလာခံတက်ရောက်ဖို့ ဘုန်းကြီးကို တယ်လီဖုန်းဆက်ပြီး ဖိတ်တယ်။
          နာမည်မေးတယ်။
          ဖုန်းဆက်တဲ့လူက ဘုန်းကြီးရဲ့ နာမည်ကို မရေးတတ်လို့ ဘုန်းကြီးက ပါးစပ်နဲ့ စာလုံးပေါင်း ပြရတယ်။
          B - for Buddhist
          R - for Roman Catholic
          A - for Anglican
          H - for Hindu
          M - for Muslim.”

----------

တစ်ဖန် မည်သို့ဆိုစေ လူသည် နာမည်ပါမှ အဆင်ပြေသော သတ္တ၀ါ၊ နာမည်နှင့် မကင်းနိုင်သော သတ္တ၀ါ  ဖြစ်သည်။

:)
ရှင်အာစာရ
-----

Ref:
What's in a name?, "OPENING THE DOOR OF YOUR HEART and another Buddhist tales of HAPPINESS", Ajahn Brahm

No comments:

Post a Comment