Wednesday, January 4, 2012

Like a Dream - အိပ်မက်ပမာ


ကိုမျိုးသည် အိပ်ယာပေါ်၌ တစောင်းလှဲနေရင်း စားပွဲပေါ်က သစ်ခွပန်းကို တွေတွေကြီး ငေးကြည့်နေ၏။ အခန်းတံခါးနှင့် ပြတင်းပေါက်များကို မင်းတုတ်ထိုး၍ ပိတ်ထားသည်။ သစ်ခွပန်း ညှိုးခြောက်စ ပြုနေပြီ ဖြစ်၏။ မက်ခဲ့ရသည်က ကိုမျိုးအတွက် အိပ်မက်ဆိုး ဖြစ်သည်။ တုန်လှုပ် ချောက်ချားစရာ ကောင်းလှသည်။ အံ့သြစရာလည်း ကောင်းလှသည်။ ကိုမျိုး၏ အိပ်မက်ထဲက သစ်ခွပန်းသည် ကိုမျိုး၏ စားပွဲပေါ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်း။ အဘယ့်ကြောင့်နည်း။

အိပ်မက်မှ လန့်နိုးခဲ့သော ကိုမျိုး ရင်တလှပ်လှပ် တုန်နေသည်။ စိတ်ကို စုစည်း၍ သက်တောင့်သက်သာဖြစ်အောင် ခဏနေလိုက်ပြီး အိပ်ယာမှ ထရန် ပြင်လိုက်စဉ် သစ်ခွပန်းကို မြင်လိုက်ရ၍ ကိုမျိုး အိပ်ယာထဲ ပြန်လှဲနေလိုက်သည်။ ကိုမျိုး အံ့သြတုန်လှုပ်သွားသည်။ အစပထမ၌ အံ့သြရသည်။ အိပ်မက်ကို ပြန်စဉ်းစားရင်း ထိတ်လန့်တုန်လှုပ် မိသည်။ ကိုမျိုး ကောင်းကောင်းမှတ်မိ၏။ မိမျိုး၏ နားရွက်ကြား၌ ကိုမျိုး ကိုယ်တိုင် ပန်ပေးခဲ့သော သစ်ခွပန်းခက်ပင် ဖြစ်သည်။ Dancing Lady ၀ါဝါလေး ဖြစ်၏။

မိမျိုးသည် အမျိုးသမီးပင် ဖြစ်သော်လည်း ပန်းကြိုက်သူ မဟုတ်ပေ။ သဘာဝတရားကိုတော့ မိမျိုး မြတ်နိုးသည်။ အနုပညာ မျိုးစုံကို မိမျိုး ခံစားနိုင်သည်။ ပန်းသည် အပင်၌သာ လှ၏ဟု မိမျိုး ယုံကြည်သည်။ ဘယ်ပန်းကိုမှ မိမျိုး မပန်ပေ။ ပန်းခူးသူကို မိမျိုးက အမျိုးမျိုး ကန့်ကွက်ရှုတ်ချတတ်သည်။ ကိုမျိုး သစ်ခွပန်း ဇွတ် ခူးလိုက်စဉ်က မိမျိုး မျိုသိပ်လိုက်ရသည့် ခံစားချက်ကို ကိုမျိုး နားလည်ခဲ့၏။ ပန်းပန်ပေးတော့လည်း မိမျိုးက အမျိုးမျိုး ငြင်းသေးသည်။ ကိုမျိုးက အမျိုးမျိုး တောင်းပန်ပြီး ပန်ပေး၍သာ မိမျိုး လက်ခံလိုက်ခြင်း ဖြစ်သည်။ ကြာတော့ ကြာခဲ့ပြီ ဖြစ်၏။ အဖြစ်အပျက်တို့ အိပ်မက်သာသာသာ ကျန်တော့သည်။ ကိုမျိုးနှင့် မိမျိုးတို့ ဘွဲ့ယူပြီးသည့် နောက်တစ်နေ့က နှစ်ယောက်သား သစ်ခွဥယျာဉ်သို့ သွားရောက်ခဲ့ကြသည်။

မိမျိုးသည် အမျိုးသံယောဇဉ် ကြီးမားလှ၏။ အထူးသဖြင့် မိဘများကို မိမျိုး အလွန် ချစ်သည်။ လေးလည်း လေးစားသည်။ မိဘကို ချစ်သောကြောင့်ပင် ကိုမျိုးကို ထားခဲ့ပြီး မိမျိုး ရန်ကုန်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်၌ မိမျိုး၏ သင်တန်းများ အောင်မြင်နေကြောင်း ကိုမျိုး မကြာမကြာ ကြားရသည်။ ကိုမျိုး ၀မ်းသာဝမ်းနည်း အထူး မဖြစ်မိပေ။ ကိုမျိုးသည် ထက်မြက်သော်လည်း ထုံပေပေ ဖြစ်သည်။ ပေကပ်ကပ် ဖြစ်သည်။ ဘာကိုမှလည်း သိပ်ပြီး အလေးအနက် ထားသူမဟုတ်ပေ။ ကိုမျိုး အလေးထားသည်ကား သူ့အလုပ်များသာ ဖြစ်သည်။ သူ့ ကွန်ပျူတာဖြင့် သူရေးချင်သည့် ပရိုဂရမ်များ ရေးနေရလျှင် ကိုမျိုး ကျေနပ်နေ၏။ မိမျိုး ရန်ကုန်ပြန်မည် ဆိုစဉ်က ကိုမျိုး မတားခဲ့ပေ။ ပြန်ချင်ပြန်လေဟုသာ အေးအေးဆေးဆေး ပြောလိုက်သည်။

ကိုမျိုးနှင့် မိမျိုးတို့ အမျိုး မကင်းကြပေ။ အမျိုးလည်း ဟုတ်သည်။ သူငယ်ချင်းလည်း ဟုတ်သည်။ တစ်ယောက်နှင့် တစ်ယောက်လည်း သံယောဇဉ် ရှိကြသည်။ ကိုမျိုးနှင့် မိမျိုးတို့ နှစ်ယောက်သား Genting Highlandsမှ ပြန်လာကြသည်။ ကားပေါ်၌ ကိုမျိုး အိပ်ပျော်နေစဉ် မိမျိုးက ကိုမျိုးကို လှုပ်နှိုး၍ ကိုမျိုးပန်ပေးခဲ့သော သစ်ခွပန်းကို ကိုမျိုးထံသို့ ပြန်ပေးသည်။ ညှိုးတော့မယ်ဟု နှစ်ယောက်သား ပြိုင်တူ ပြောလိုက်ကြသည်။ ကိုမျိုးသည် သစ်ခွပန်းကို ယူရန် လက်ကမ်းလိုက်သည်။ ထိုစဉ် ကားချင်းတိုက်မိသည်။ တစ်ကားလုံး စူးစူးဝါးဝါး ဟစ်အော်သည်။ တစ်ကားလုံး ဒဏ်ရာရသည်။ နှစ်ယောက် သေဆုံးသည်။ မိမျိုးနှင့် အမျိုးသားတစ်ယောက် သေဆုံးသည်။ ထိုစဉ် ကိုမျိုး လန့်နိုးလာသည်။ လူသေသည့် အိပ်မက်မျိုး ကိုမျိုးတစ်ခါမှ မမက်ဖူးပေ။ အထူးသဖြင့် မိမျိုး သေသည်ဟု ကိုမျိုး တစ်ခါမှ အိပ်မက် မမက်ဖူးပေ။

ကိုမျိုး ကြောင်ငေးနေစဉ် ကွန်ပျူတာက တုံကနဲ မြည်သည်။ ညက ကိုမျိုး ကွန်ပျူတာ မပိတ်ဘဲ အိပ်ခဲ့သည်။ Gtalkကလည်း မထွက်ခဲ့ပေ။

“ဟလို . . .။”

“အေး။”

“ကိုမျိုး . . . မင်း မှာတဲ့ အိမ်ထောင်စု စာရင်း ထည့်ပေးလိုက်ပြီ။”

“ဘယ် သွားယူရမှာလဲ။ ငါ့ဖုန်းနံပါတ် ပေးလိုက်တယ် မဟုတ်လား။ ငါ ဖုန်းဆက်ရမှာလား။”

“အန်တီမူတို့ လာမှာလေ။ အားတော့နာပါတယ်။ လူရင်းတွေမို့ ထည့်ပေးလိုက်တာ။”

“ဘယ်သူ?"

“အန်တီ ဒေါ်စောမူလေကွာ။ မင့်ယောက္ခမကြီး။ ဟီးဟီး။”

“ဈေးဝယ်လာကြမှာလား”

"မင်း ဘယ်လိုဖြစ်နေတာလဲ။
မင်း တကယ်မသိတာလား။
မိမျိုး မင့်ကို မဆက်သွယ်ဘူးလား။
ခရစ်စမတ် မတိုင်ခင်က မိမျိုး ယောက်ျားယူလိုက်တယ်။
အမျိုးတွေက အမျိုးမျိုး တိုက်တွန်းတော့ မိမျိုးလည်း လက်ခံလိုက်တယ်။"

"အေးအေး။"

"နေအုံး။ ကောင်လေးက စလုံးပီအာ။
ရန်ကုန်မှာ မင်္ဂလာဆောင်ပြီး စလုံးပြန်တော့ မိမျိုးပါ လိုက်သွားတယ်။
ကောင်လေး အလုပ်ခွင့်ရက် ယူထားတာ မကုန်သေးလို့ သူတို့နှစ်ယောက် Genting Highlands သွားလည်ကြရာက အပြန်မှာ ကားအက်ဆီးဒင့်ဖြစ်လို့ နှစ်ယောက်လုံး ဆုံးသွားကြတယ်။"

"ဒါပဲ ဒါပဲ။ ငါ မျက်နှာ မသစ်ရသေးဘူး။"

ကိုမျိုးသည် အိပ်ယာပေါ်၌ တစောင်းလှဲနေရင်း စားပွဲပေါ်က သစ်ခွပန်းကို တွေတွေကြီး ငေးကြည့်နေ၏။ အခန်းတံခါးနှင့် ပြတင်းပေါက်များကို မင်းတုတ်ထိုး၍ ပိတ်ထားသည်။ သစ်ခွပန်း ညှိုးခြောက်စ ပြုနေပြီ ဖြစ်၏။ မက်ခဲ့ရသည်က ကိုမျိုးအတွက် အိပ်မက်ဆိုး ဖြစ်သည်။ တုန်လှုပ် ချောက်ချားစရာ ကောင်းလှသည်။ အံ့သြစရာလည်း ကောင်းလှသည်။ ကိုမျိုး၏ အိပ်မက်ထဲက သစ်ခွပန်းသည် ကိုမျိုး၏ စားပွဲပေါ်သို့ မည်သို့မည်ပုံ ရောက်ရှိလာသနည်း။ အဘယ့်ကြောင့်နည်း။

:)
ရှင်အာစာရ

No comments:

Post a Comment