Saturday, December 3, 2011

တရားမင်းသခင် - ၃၉။ အငြိမ်းသို့ အလှမ်း


ညနေခင်း လေပြေညှင်းကြောင့် အေးစိမ့်စိမ့် ရှိနေ၏။ သစ်ပင်တို့၌ ကျေးငှက်တစ်ချို့ အိပ်တန်းဝင်ကြလေပြီ။ အချို့သော သစ်ပင်တို့အောက်၌ ရဟန်းတော်များ သမာဓိဈာန် ၀င်စားလျက် တရားအားထုတ်နေကြသည်။ ဘုရားရှင်၏ ထံတော်မှောက်မှ ပြေးထွက်လာခဲ့သော ဥပ္ပလ၀ဏ်သည် တောအုပ်အတွင်း၌ ညနေခင်း သစ်ရိပ်ရှည်များကို ဖြတ်ကျော်နင်းလျှောက်လျက် ရှိနေ၏။ သူ့ ရည်မှန်းချက် ပြည့်ဝပေတော့မည်။ ဥပ္ပလ၀ဏ်သည် သစ်ပင်ရိပ်တို့၌ ကမ္မဋ္ဌာန်းတရား အားထုတ်နေသည့် ရဟန်းတော်တို့ကို အားကျငေးမောရင်း တောအုပ်ကို ဖြတ်လျှောက်နေသည်။ ဘိက္ခနီ အရှင်မ ပဇာပတိ၏ ထံတော်မှောက်ရောက်လျှင် လျှောက်ထားရမည့် စကားဝါကျတို့ကို စိတ်ကူးဖြင့် စီစဉ်နေ၏။ ထိုစဉ် လူငယ်တစ်ယောက်သည် ဥပ္ပလ၀ဏ်နောက်သို့ အပြေးအလွှား လိုက်လာနေသည်။ လူငယ်၏ ခြေသံပြင်းပြင်းတို့ကို ကြားရသော ကျေးငှက်တစ်ချို့ လန့်ပျံသွားကြ၏။

“ရပ်လိုက်စမ်း”ဟု လူငယ်က လှမ်းအော်သည်။

လူငယ်သည် ဥပ္ပလ၀ဏ်နှင့် မလှမ်းမကမ်းသို့ ရောက်လာ၏။ လူငယ်၏ မျက်လုံးများ တဏှာပေမရာဂဖြင့် ရွှန်းလဲ့တောက်ပနေသည်ကို မြင်လိုက်ရသူ ဥပ္ပလ၀ဏ် တုန်လှုပ်ချောက်ချားသွား၏။ ဥပ္ပလ၀ဏ်သည် လူငယ်ကို ဘာမှ ပြန်မပြောဘဲ သုတ်ခြေတင်၍ ပြေး၏။ လူငယ်လည်း ဥပ္ပလ၀ဏ်နောက်သို့ အပြေးလိုက်နေသည်။ ဥပ္ပလ၀ဏ် လွတ်အောင်မပြေးနိုင်။ လူငယ်သည် ဥပ္ပလ၀ဏ်ကို မီသွား၏။

လူငယ်သည် ဥပ္ပလ၀ဏ်၏ လက်ကို ဖမ်းဆုပ်ဆွဲကိုင်လိုက်ရင်း “ဘယ်ပြေးမှာလဲ”ဟု မေး၏။ နှစ်ယောက်စလုံး အမောတကော ဖြစ်နေကြသည်။

“ဘိက္ခုနီကျောင်း . . . ဘိက္ခုနီကျောင်း”ဟု ဥပ္ပလ၀ဏ်က ကတုန်ကယင်နှင့် ဖြေ၏။

“ဘယ်လိုဖြစ်တာလဲ မမရယ် . . .”

“သွားစမ်းပါ . . .။ အို . . .။ သွားပါ . . .။ လွှတ်ပါ။ ငါ့ဟာငါ သွားပါရစေ”ဟု ဥပ္ပလ၀ဏ်က လူငယ်ကို တောင်းပန်၏။

လူငယ့်လက်မှ လွတ်ရန် ဥပ္ပလ၀ဏ် ရုန်းနေသည်။ လွတ်အောင် မရုန်းနိုင်၍ လူငယ်၏ လက်ကို ပါးစပ်နှင့် ကိုက်၏။ ကုတ်မိကုတ်ရာ လက်နှင့် ကုတ်ဖဲ့၏။

“လက်ထဲရောက်နေတဲ့ ရတနာကို စွန့်လွှတ်လိုက်ရင် အရူးပေါ့ . . .။ မမ . . . မမကို ကျွန်တော် သွားခွင့် မပေးနိုင်ဘူး။ မမက အပျိုလေး တစ်ယောက်ထက် ပိုလှတယ်။ မမရဲ့ မျက်လုံးတွေက သမင်မလေးရဲ့ မျက်လုံးတွေလိုပဲ . . .။ မမ . . . ဟင်္သာလေးလိုလှတဲ့ မမဟာ ရသေ့ရဟန်း မလုပ်သင့်ဘူး . . .။ လာစမ်းပါ မမရယ် . . .။ မမကြောင့် ကျွန်တော် ရူးနေပြီ . . .။ မမရင်ခွင်ထဲ ခိုဝင်ပါရစေ . . .။ မမရဲ့ မျက်လုံးတွေဟာ ကြောင်ကြောင်ငေးငေး ဖြစ်နေပေမယ့် တောက်ပနေတာပဲ။ ကျွန်တော့်ကို ကြည့်စမ်းပါ။ စိုးရွံ့နေတဲ့ မမရဲ့ မျက်လုံးတွေဟာ မိုးကြိုးလျှပ်စီးလို ကျွန်တော့်နှလုံးသားထဲ ထိုးဖောက်နေတယ်။ မမ . . . မမ ဘာ လိုချင်သလဲ ပြောစမ်းပါ။ မမ လိုချင်တာတွေ အားလုံးကို ကျွန်တော် ဖြည့်ဆည်းပေးမယ်။ လာစမ်းပါ မမရယ် . . .။”

လူငယ်သည် ရာဂကြောင့် ရူးသွပ်နေ၏။ ဥပ္ပလ၀ဏ် ကြောက်ရွံ့နေ၏။  လူငယ်ကိုယ်တိုင်လည်း တုန်တုန်ယင်ယင် ဖြစ်နေသည်။

“ကောင်လေး . . . ငါကို လွှတ်ပါ . . .။ ငါ့မှာ အဲဒီလို စိတ်တွေ မရှိဘူး . . .။ စိတ်ကုန်တယ် . . .။ ဘုရားရှင်က ငါ့ကို ရဟန်းပြုခွင့် ပေးလိုက်လို့ အခု ငါ အရှင်မ ပဇာပတိဆီ သွားနေတာ။”

“ဘာတွေ ပြောနေတာလဲ မမရယ် . . ။ ရဟန်းဝတ်ဖို့ . . . ဟုတ်လား။ မမ . . . ဟိုဘက်မှာ အင်ကြင်းတွေ ပွင့်နေတယ် . . .။ လေညှင်းကလည်း အေးအေးနဲ့ . . . အင်ကြင်းပွင့်ကြွေတွေ မွေ့ယာခင်းနေတယ် . . . မမရဲ့ . . .။”

“အဲဒီလို ယုတ်နိမ့် အောက်တန်းကျတာတွေ ငါ အလိုမရှိဘူး။ ငါ့မှာ ရမ္မက်ဆန္ဒတွေ ခန်းခြောက်ခဲ့ပြီ။ မင်းက ဒီစိတ်နဲ့ ရူးနေတာပဲ။ လွှတ်စမ်းကွယ် . . . ငါ သွားမယ်။ သွားပါရစေ . . .။”

ရာဂဘီလူး ပူးဝင်နေသည့် လူငယ်သည် ဥပ္ပလ၀ဏ်၏ တောင်းပန်မှုကို အရေးမစိုက်ပေ။ လူငယ်သည် ဥပ္ပလ၀ဏ်ကို သိမ်းကြုံးပွေ့ဖက်လိုက်ပြီး ဥပ္ပလ၀ဏ်၏ မျက်လုံး ပါးနှင့် နှုတ်ခမ်းတို့ကို နမ်းရှိုက်နေ၏။ ဥပ္ပလ၀ဏ်လည်း ကိုယ်ကိုလူးလွန့်၍ လွတ်ရန်ရုန်းရင်း  ကျူးလွန်စော်ကားသူ လူငယ်ကို ပါးစပ်နှင့် ကိုက်၏။

“ကိုက်ပါ။ ကိုက်စမ်းပါ။ မနာပါဘူး။”

လူငယ်သည် ဥပ္ပလ၀ဏ်ကို မလွှတ်။ ဥပ္ပလ၀ဏ် အားသွန်ကြိုး၍ ရုန်း၏။ ဟစ်အော်ငိုယိုရင်း လူငယ်ကို ကုတ်ဖဲ့၏။ ကိုက်၏။ သို့သော် ဥပ္ပလ၀ဏ် မလွတ်မြောက်နိုင်။ ဥပ္ပလ၀ဏ် အားလျှော့လိုက်ပြီး ငြိမ်သက်သွား၏။ ပတ်ဝန်းကျင်လည်း တိတ်ဆိတ်နေသည်။

**********

သစ်ရိပ်ရှည်တို့ ပျောက်ကွယ်သွားပြီ ဖြစ်၏။ မှောင်စပျိုးလေပြီ။ ဥပ္ပလ၀ဏ်သည် သစ်ရွက်ကြွေများပေါ်ထိုင်လျက် မျက်နှာကို လက်ဝါးနှစ်ဘက်နှင့် ဖိအုပ်ရင်း ရှိုက်ငိုနေ၏။ ညသည် မှောင်သည်ထက် မှောင်လာနေသည်။ အအေးဓာတ်လည်း ပို၍ ပြင်းထန်လာ၏။ လူငယ်သည် သူ့အင်္ကျီကို ချွတ်၍ ဥပ္ပလ၀ဏ်၏ နောက်ကျော်ပေါ်မှာ ခြုံပေးလိုက်သည်။

ဥပ္ပလ၀ဏ်သည် သမင်မငယ်၏ မျက်လုံးတို့ကဲ့သို့ တောက်ပသည့် မျက်လုံးများဖြင့် ရာဂဘီလူး လူငယ်၏ မျက်နှာကို ငေးစိုက်၍ ကြည့်နေ၏။ ရှိုက်၍ ရှိုက်၍လည်း ငိုနေသည်။

“အို . . . သုဓီရ။ မင်း . . . ဘယ်လိုလုပ်လိုက်တာလဲ။ မင်း ငါ့ကို သတ်ပစ်လိုက်တာကမှ တော်အုံးမယ် . . .။ ရှင်တော်ဗုဒ္ဓကို ငါ ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရမှာလဲ။ အရှင်မ ပဇာပတိဆီကိုလည်း ငါ မသွားရဲတော့ဘူး။ မင်း ငါ့ကို သွေးဆောင်ဖြားယောင်းတယ် . . .။ မင်း တော်တော်မိုက်တာပဲ . . .။ အို . . . ဒေ၀ါတို့ . . . ဗြဟ္မာတို့ . . .။”

သုဓီရသည် ဥပ္ပလ၀ဏ်ကို မျက်နှာလွှဲနေ၏။ ဖြစ်ခဲ့သမျှအတွက် လူငယ် စိတ်မကောင်း ဖြစ်နေသည်။ လူငယ်သည် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ချင်နေသည်။ နောင်တဖြင့် ပူပန်နေသည်။

“သုဓီရ . . . ပြောစမ်းပါအုံး။ ဘယ်လိုလုပ်လိုက်တာလဲ . . . ဟင်း . . . ပြောစမ်း . . .။”                                                                                                                                                                      
ဥပ္ပလ၀ဏ်သည် ငိုကြွေးရင် ဟစ်အော်နေ၏။

သုဓီရသည် ဥပ္ပလ၀ဏ်ကို ၀မ်းနည်းကြေကွဲစွာ တောင်းပန်၏။

“မသိတော့ပါဘူး မမရယ် . . .။ ဘယ်လို မကောင်းဆိုးဝါး ပူးဝင်သွားတယ် မသိဘူး။ မမရဲ့ ထူးခြားတဲ့ အလှကြောင့် ကျွန်တော် ရူးသွပ်သွားပဲ သိတော့တယ်။ ကျွန်တော်လည်း . . . ဘ၀ရဲ့ အနှစ်သာရ ကင်းမဲ့ပုံကို ဆင်ခြင်မိပြီး သံဝေဂရလို့ မယားနဲ့ မိဘတွေကို စွန့်ခွာပြီး လာခဲ့တာပါ။ ရှင်တော်ဗုဒ္ဓရဲ့ ထံတော်မှာ ရဟန်းပြုခွင့်ရဖို့ မိဘတွေကို ခက်ခက်ခဲခဲ တောင်းပန်ခဲ့ရတာပါ။ ရဟန်းပြုဖို့ စိတ်ကူးနဲ့ ဘုရားရှင်ဆီ သွားနေရင်း မမကို တွေ့လိုက်ရတာပဲ . . .။ မမ . . . ကျွန်တော့်ကို ခွင့်လွှတ်ပါ။ မိုက်မိုက်ကန်းကန်း အရူးအမူး ဖြစ်ခဲ့တာကို ခွင့်လွှတ်ပါ . . .။ ကျွန်တော်တို့စိတ်ထဲ ပူးဝင်လာတဲ့ မကောင်းဆိုးဝါးက ကျွန်တော်တို့ကို လွှမ်းမိုးသွားတယ်။ ကျွန်တော်တို့ ရှုံးခဲ့ရတယ် . . .။”

“အို . . . အခု ငါ ဘယ်သွားရမှန်း မသိတော့ဘူး . . .”ဟု ဥပ္ပလ၀ဏ် ညည်းညူနေ၏။

“ရှင်တော်ဗုဒ္ဓဆီ သွားတာပေါ့ မမရယ် . . .။ ရှင်တော်ဗုဒ္ဓကို အကြောင်းစုံ လျှောက်ထားလိုက်တာပေါ့။ ရှင်တော်ဗုဒ္ဓ နားလည်ခွင့်လွှတ်တော်မူမှာပါ။ လူတွေရဲ့ စိတ်နေသဘောထားမှန်ကို ရှင်တော်ဗုဒ္ဓ ကောင်းကောင်းကြီး သိတော်မူပါတယ်။ ကျွန်တော်လည်း ရှင်တော်ဗုဒ္ဓဆီ သွားမှာပါ။”

သုဓီရသည် ရှေ့ကဦးဆောင်၍ ဘုရားရှင်ထံသို့ သွားနေ၏။ ဥပ္ပ၀ဏ်လည်း ငိုယိုရင်း နောက်က လိုက်နေသည်။ နှစ်ယောက်သားတို့ ဘုရားရှင်၏ ကျောင်းတော်အနီးသို့ ချဉ်းကပ်မိကြလေပြီ။ ဥပ္ပလ၀ဏ်သည် ဘုရားရှင်ကို ရင်ဆိုင်ရန် ကြောက်လန့်နေ၏။ ရှက်ရွံ့နေ၏။ သို့ဖြစ်၍ ဘုရားရှင်၏ ရှေ့တော်မှောက်သို့ မသွားဘဲ ကျောင်းဝင်းအပြင်ဘက်၌ ရပ်လျက်သာ ငိုနေလေ၏။



:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

1 comment:

  1. ပေါက်ကရလျှောက်ရေးထားတယ်၊ တခြားစီပဲ၊ ဥပ္ပလ၀ဏ်က ရဟန္တာထေရီမဖြစ်နေပြီ

    ReplyDelete