ဘုရားရှင်သည် ရောဟိနီမြစ်မှ တက်တော်မူ၍ သကျတို့၏ ကမ်းဘက်၌ ရပ်တော်မူလျက် ရေ စီးကျနေသည့် သင်္ကန်းတော် အစွန်းကို လက်ဖြင့်စု၍ ညှစ်ချတော်မူ၏။ ဘုရားရှင်သည် လေး၊ လှံ၊ လှံစွပ်၊ ခက်ရင်း၊ ဓားစသော လက်နက်များပိုင်ရှင် သကျစစ်သည်တို့ကို ချန်ထားခဲ့ပြီးနောက် ကြွတော်မူရာ လူနေကျဲသည့် လွင်တီးခေါင်ကို ဖြတ်သွားသည့် လမ်းမသို့ ရောက်တော်မူ၏။ စစ်ဆော်သည့် တူရိယာသံများ၊ စစ်ကြွေးကြော်သံများ ပဲ့တင်ထပ်ခဲ့သော ဤဒေသသည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ တစ်တောလုံးကို တစ်ညလုံး ဖုံးလွှမ်းလာခဲ့သော နှင်းလွှာချပ်တို့သည် နေရောင်အောက်၌ အရည်ပျော်ကျလျက် ရှိနေ၏။ သစ်ရွက် သစ်ခက် သစ်ကိုင်းတို့ကို လှုပ်ရှားအောင် တိုက်ခပ်သည့်လေ မရှိပေ။ လေ ငြိမ်နေ၏။ စစ်ကြွေးကြော်သံတို့ကို ထိတ်လန့်ကြောက်ရွံ့၍ ထိုဒေသကို စွန့်ခွာခဲ့ကြသော ကျီးကန်းတို့ နေရင်းဒေသသို့ ပြန်လာကြလေပြီ။ ဒေသတစ်ခုလုံး ပကတိအတိုင်း တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။
ကပိလ၀တ်၏ အမတ်ချုပ်ဟောင်းကြီး ဥဒယသည် စစ်ပွဲသတင်း ကြားသိလို၍ စစ်မြေပြင်သို့ မြင်းဆွဲယာဉ်ဖြင့် သွားလေ၏။ စစ်မြေပြင်မှ အသံတို့ကို ကြားနိုင်ရာအရပ်၌ ရပ်တန့်၍ စစ်သတင်း သိလိုဇောနှင့် စိတ်မောလျက် စောင့်နေသည်။ နေထွက်ခါစ အချိန်က စစ်တူရိယာ တီးခတ်သံများ စတင်ကြားခဲ့ရသော်လည်း နေမြင့်လာသည်နှင့် စစ်ရှိန်မြင့်မလာဘဲ စစ်သံများ တိတ်ဆိတ်သွားသည်ကို ဥဒယ အံ့အားသင့်နေ၏။ ဥဒယသည် ကောလိယတို့နှင့် ဆန့်ကျင်စစ် ဆင်နွှဲလိုသူ ဖြစ်၏။ သူသည် သုဒ္ဒေါဒနမင်းကြီးကို ကောလိယတို့နှင့် စစ်ခင်းရန် ဆွဲဆောင် သိမ်းသွင်းခဲ့ဖူးသေးသည်။ မင်းကြီးကို စစ်သွေးဆောင်၍ မရခဲ့သောကြောင့် မင်းကြီး ရောဂါနှိပ်စက်၍ အိပ်ယာထက်၌ လဲနေသောအခါ မင်းကြီးကို သိသိသာသာကြီး ဆန့်ကျင်သူ ဖြစ်လာခဲ့၏။ စစ်လိုလားသူ မဟာနာမ်ကို ထီးနန်းလွှဲအပ်ရန် ထောက်ခံသူအုပ်စု၏ ထိတ်တန်းအရာရှိ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ယခုအခါ ဥဒယသည် မျက်စိ လုံးလုံးကွယ်သွား၍ ရာထူးမှ အနားယူခဲ့ရ၏။ သို့သော် မဟာနာမ်မင်းကြီး၏ ယုံကြည်ကိုးစားခြင်းကို ရရှိသူဖြစ်၏။ ကပိလ၀တ်၏ စစ်ရေးကိစ္စတို့၌ အလွတ်သဘော အကြံပေးနေသူလည်း ဖြစ်၏။
“အရှင် . . . ဟိုအဝေးမှာ၊ စစ်မြေပြင်ဆီကနေ သင်္ကန်းဝါ၀ါနဲ့ ရဟန်းတစ်ပါး လာနေပါတယ်”ဟု ဥဒယ၏ အစေခံ အလုပ်အကျွေးက ဆို၏။
“ကြည့်လိုက်စမ်း။ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာတဲ့ပုံ ပေါ်နေလား။”
“မဟုတ်ပါ အရှင် . . .။ အေးအေးဆေးဆေး လျှောက်လှမ်းလာနေတာပါ။”
“ဒါဆို သူ စစ်မြေပြင်ကလာတာ မဟုတ်ဘူး။ စစ်ပွဲအကြောင်း သူ ဘာမှ မသိလောက်ဘူး။”
“အရှင် . . . ဒီရဟန်းဟာ မင်းမျိုးမင်းနွယ်ပုံပဲ . . .။ သူ့ရဲ့ အသွင်အပြင်က ခမ်းနားထည်ဝါတယ် . . .။ သူ့ အင်္ဂါရုပ်က နှစ်သက်စရာပဲ . . .။ သူ့မှာ ထက်မြက်တဲ့ တန်းခိုးအစွမ်းတွေ ရှိမယ် ထင်ပါတယ် အရှင် . . .။”
“ဒါဆိုရင် သူ့နဲ့ သွားတွေ့ပြီး မေးမြန်းစုံးစမ်းလိုက်စမ်း”ဟု ဥဒယက အမိန့်ပေး၏။
ဥဒယ၏ အစေခံသည် ဖြည်းဖြည်းမှန်မှန် လှမ်းကြွလာနေသည့် ဘုရားရှင်ထံသို့ ပြေးသွားလေ၏။ အစေခံသည် ဘုရားရှင်နှင့် တွေ့တွေ့ချင်း ဘုရားရှင်ကို ရှိမခိုးလိုပေ။ သို့သော် သူ၏ လက်အစုံသည် သူ့ဦးထိပ်ပေါ်သို့ အလိုလို ရောက်သွားပြီး ဘုရားရှင်ကို ရှိခိုးမိလျက်သား ဖြစ်သွား၏။ ထို့နောက် ဘုရားရှင်ကို လျှောက်ထား၏။
“အရှင်ဘုရား . . . သုဒ္ဓေါဒနမင်းကြီးရဲ့ အမတ်ချုပ်ဟောင်းကြီးဖြစ်တဲ့ တပည့်တော်ရဲ့ အရှင်သခင်ဟာ ဟိုဘက်နားလေးက စောင့်နေပါတယ် ဘုရား။ အရှင်ဘုရား ကြားသိခဲ့ရင် သကျနဲ့ကောလိယတို့ စစ်ပွဲအကြောင်း မိန့်ကြားဘုရား။ တပည့်တော်ရဲ့ အရှင်သခင်ဟာ စိုးရိမ်တကြီးနဲ့ စစ်သတင်းကြားရဖို့ စောင့်နေပါတယ် ဘုရား။ အရှင်ဘုရား စစ်မြေပြင် အရပ်ကနေ လာခဲ့တာပါလား ဘုရား။”
“ဟုတ်ပါတယ်”ဟု ဘုရားရှင်က ဖြေကြား၏။
“အရှင်ဘုရား . . . ဘယ်ဘက်က နိုင်သပါလဲ ဘုရား။”
“သကျတွေ နိုင်တယ်။
ကောလိယတွေလည်း နိုင်တာပဲ။”
“အရှင်ဘုရား . . .။ မဖြစ်နိုင်တာ . . .။ တစ်ဘက်ဘက်ကပဲ နိုင်ရမှာပါ ဘုရား . . .။”
“မဟုတ်ဘူး။ သွားပါ။ နှစ်ဘက်လုံး နိုင်တဲ့အကြောင့် သင့်ရဲ့ အရှင်သခင်ကို ပြောလိုက်ပါ။”
အတန်ငယ် ဝေးကွာသည်အထိ ဘုရားရှင် ကြွသွားတော်မူသည့်တိုင်အောင် သူ့နားများသူ မယုံကြည်နိုင်သည့် အစေခံသည် မတုန်မလှုပ် ကျန်နေခဲ့၏။ ထို့နောက် သူ့သခင်ထံ ပြန်သွားပြီး သူနားမလည်နိုင်သည့် သတင်းစကားကို လျှောက်တင်၏။
“အရှင် . . . သကျတွေ နိုင်တယ်၊ ကောလိယတွေလည်း နိုင်တယ်လို့ ဆိုပါတယ် ဘုရား . . .။ ကျွန်တော်မျိုးတော့ နားမလည်နိုင်ပါ ဘုရား . . .။”
သတင်းစကားကို ကြားရသော ဥဒယသည် အားရပါးရ ရယ်လေ၏။ မုချ စစ်ဖြစ်မည်၊ သကျတို့က ကောလိယတို့ကို မုချ နိုင်ရမည်ဟု သူ သေချာပေါက် ကြိုတွက်ထား၏။
“ရဟန်းတွေက စစ်ပွဲအကြောင်း ဘာသိမှာလဲ။ သူတို့က လောကီဘောင်မှာ နေကြတာမှ မဟုတ်တာပဲ။ သူတို့က သီးခြားကမ္ဘာမှာ နေကြတာပဲ။ ရသေ့ရဟန်းဆိုတာ မသေခင်ကတည်းက အကြိမ်ရေ ထောင်သောင်းချီပြီး ဘ၀ဆုံးပြီးသား သူတွေပဲ။ ဘ၀အညွန့် တုံးပြီးသား သူတွေပဲ။ စစ်ရေး စီးပွားရေး လူမှုရေးတွေကို ရင်မဆိုင်ရဲ့လို့ လူ့ဘောင်ကို စွန့်ခွာခဲ့သူတွေပဲ။ ဒီရဟန်းကို စစ်ပွဲအကြောင်း မေးမိတာ မှားတယ်။ ဒါပေမယ့် . . . ခုကိစ္စမှာတော့ တစ်ခုခု ထူးဆန်းနေပြီ။ စစ်သံတွေ ဘာဖြစ်လို့ တိတ်ဆိတ်သွားရတာလဲ မသိဘူး။ စစ်ပွဲ မစသေးတာပဲ ဖြစ်ရမယ် . . .။ အေးအေး အေး . . . ဟုတ်ပြီ။ ငါ့ကို စစ်မြေပြင် ပို့ပေးပါ။ စစ်သည်တွေကို လှမ်းမြင်နိုင်တဲ့ နေရာအထိသွားကြမယ်။ အဲဒီကျရင် မြင်ရသမျှ ငါ့ကို ပြောပြပါ။”
အမတ်ချုပ်ဟောင်းကြီး ဥဒယသည် စစ်မြေပြင် အနီးသို့ မရောက်မချင်း လမ်းတစ်လျှောက်လုံး သာကီဝင်တို့၏ အောင်ပွဲကိုသာ စိတ်ကူးဖြင့် ပုံဖော်နေ၏။ ကောလိယတို့ကို အပြတ်အသတ် ချေးမှုန်းပြီးနောက် ပို၍ပို၍ ချမ်းသာကြွယ်ဝလာပြီး ပို၍ပို၍ တန်ခိုးထွားလာမည့် အနာဂတ် ကပိဝတ်ကို မြင်ယောင်နေလေ၏။
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
No comments:
Post a Comment