Tuesday, October 11, 2011

Parting Time - ခွဲခွာချိန်

၁၁ အောက်တိုဘာ ၂၀၁၁။ နေ့မွန်းလဲ တစ်နာရီ။
ထွက်ခွာသူ တစ်ယောက်တည်းပင် ဖြစ်သော်လည်း လိုက်ပါပို့ဆောင်သူများ ဆယ်ယောက်ကျော်၏။

-----

ကားရပ်ရန် နေရာရှာရခြင်းသည် စင်္ကာပူဒုက္ခတစ်မျိုးဟု ကားမောင်းသူက ခပ်ပျော်ပျော် ညီးတွား၏။ ကားတစ်နေရာစာရရန် ငါးမိနစ်ခန့် ကြိုးစားပြီး ကားမောင်းသူက ကားကို ရပ်လိုက်သည်။

ထို့နောက် သုံးယောက်သား လမ်းညွှန်ဆိုင်းဘုတ်များနောက် လိုက်နေကြသည်။ ကားမောင်းသူကပင် ဦးဆောင် သွားနေ၏။ တစ်နေရာ၌ သူ အိပ်သာသွားချင်သေးသည်ဆို၍ ခဏစောင့်ရသည်။ သူက အိပ်သာမှ ပြန်ထွက်လာရင်း အကြွေစေ့တစ်ချို့ ပိုက်ဆံအိပ်ထဲမှ ထုတ်ယူပြီး ရောင်းသူမဲ့ အအေးဆိုင်မှ ရေသန့်ဗူး သုံးဗူးဝယ်ယူသည်။ အကြွေးစေ့များကို စက်ထဲသို့ ထည့်လိုက်ပြီး ခလုပ်များကို ဟိုနှိပ်သည်နှိပ် နှိပ်လိုက်ရာ ရေသန့်ဗူးသုံးဗူး ထွက်လာ၏။ တစ်ယောက်တစ်ဗူး ရသည်။

-----

လမ်းညွှန်ဆိုင်းဘုတ်များနောက် လိုက်နေကြဆဲဖြစ်သည်။ ဘာမဆိုင် ညာမဆိုင် ရန်ကုန်မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို သတိရလိုက်မိသေး၏။
ရေသောက်လိုက်၊ စကားပြောလိုက်၊ ရယ်လိုက်မောလိုက်။
ထွက်ခွာမည့်သူ၏ မိတ်ဆွေများ၊ မိသားစုဝင်များ အားလုံးဆုံမိကြသောအခါ အားလုံး နှုတ်ဆိတ်နေကြသည်။ တစ်ချို့က မျက်စိမျက်နှာ မကောင်းကြ။ ခွဲခွာရမည် ဆိုသောအခါ ဤသို့သာ ဖြစ်ပေမည်။

-----

နောက်ဆုံး အားလုံး ဒုတိယထပ်သို့ တက်ကြရသည်။ ဓာတ်လှေခါးက ခုနစ်ယောက်သာ သယ်နိုင်သည်ဖြစ်၍ တစ်ချို့ ကျန်နေခဲ့ကြသည်။ သိပ်မကြာလိုက်ပေ။ အားလုံး ဒုတိယထပ်မှာ ဆုံမိကြပြန်၏။ အားလုံးက ထွက်ခွာမည့်သူကို ဒုတိယထပ်မှနေ၍ လှမ်းကြည့်နေကြသည်။ ထိုစဉ် တစ်ချို့က တစ်စုံတစ်ရာကို ခပ်တိုးတိုး ရွတ်နေဆိုနေကြသည်။ ဆုတောင်းမေတ္တာ ပို့သခြင်းလား မသိနိုင်။ တရွေ့ရွေ့ ထွက်ခွာနေသည်ကို အားလုံးက လှမ်းမြင်နေရ၏။ တစ်ချို့က မျက်ရည်မဆည်နိုင်ကြ။ သွားလေပြီ။ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ။ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာပြန်သည်။

-----

ညနေ သုံးနာရီ သုံးဆယ့်ငါးမိနစ်၌ အားလုံး စင်္ကာပူမန်ဒိုင်းသုဿာန်မှ ပြန်လည်ထွက်ခွာခဲ့ကြ၏။


:)
ရှင်အာစာရ

No comments:

Post a Comment