Friday, October 14, 2011

Man and Letter - လူ နှင့် အက္ခရာ

ဘုရားရှင်က လူ့ဒေါသနဲ့ စပ်လျဉ်းပြီး ပုဂ္ဂိုလ်သုံးမျိုး ဟောတော်မူခဲ့ပါတယ်။ ကျောက်သား၊ မြေသားနှင့် ရေသား။

တစ်ချို့က တစ်ခုခုကို၊ တစ်ယောက်ယောက်ကို မကျေမနပ်ဖြစ်မိရင်၊ ဒေါသထွက်မိရင် စွဲစွဲမြဲမြဲ ရန်ငြိုးဖွဲ့ထားတတ်ပါတယ်။ အငြိုးအတေး ကြီးတတ်ပါတယ်။ အမှတ်သည်းချေ ကြီးကြပါတယ်။ ကျောက်သားမှာ ထွင်းရေးထားတဲ့စာဟာ လေကြောင့် ရေကြောင့် ရာသီဥတုကြောင့်၊ ထိခိုက်ပွတ်တိုက်မှု အမျိုးမျိုးကြောင့် လွယ်လွယ်နဲ့ မပျက်နိုင်သလို သူတို့ရဲ့ ဒေါသက တော်တော်နဲ့ မပြေနိုင်ပါဘူး။ တစ်ခုခုကြောင့် စိတ်ခုသွားပြီဆိုရင် နေ့နေ့ညည တနုံ့နုံ့ ဖြစ်နေပြီး နှစ်ရှည်လများ မကြေနိုင်တော့ပါဘူး။ တစ်ယောက်ယောက်ကို မုန်းမိရင် မကြည်နိုင်တော့ပါဘူး။ “ပါသာဏလေခူပမ” ပုဂ္ဂိုလ်။

တစ်ချို့ကတော့ ဒေါသဖြစ်ရင်တောင်မှ ပြေလွယ်ပါတယ်။ အခန့်မသင့်လို့ စိတ်ကွက်မိရင်လည်း သူတို့ဒေါသက မြေမှာရေးတဲ့ စာလိုပဲ ခဏလေးနဲ့ ပျက်ပြယ်သွားပါတယ်။ ပြေလွယ်ပျောက်လွယ် ကြေအေးလွယ်ပါတယ်။ "ပထ၀ိလေခူပမ" ပုဂ္ဂိုလ်။

တစ်ချို့ကတော့ သည်းခံနိုင်လွန်းကြပါတယ်။ ကြမ်းကြမ်းတမ်းတမ်း အဆဲခံရတယ်၊ နင့်နင့်နာနာ အပြောခံရတယ် ဆိုရင်တောင်မှ အေးအေးဆေးဆေးပါပဲ။ "ဥဒကလေခူပမ" ပုဂ္ဂိုလ်၊

ပုထုဇဉ်တွေ အနေနဲ့ ဒေါသမကင်းနိုင်ကြသေးတော့ စိတ်တိုမိကြတာပါပဲ။ စိတ်ခုတတ်ကြတာပါပဲ။ ဒေါသဖြစ်စရာ ကြုံလာရင် စိတ်မတိုဘဲ မနေနိုင်ကြပါဘူး။ ဒါပေမယ့် ဒေါသကို ကြာရှည် မွေးမထားမိအောင် ကြိုးစားဖို့တော့ လိုပါတယ်။ ဒေါသအက္ခရာဟာ ရေမှာ အရုပ်ရေးသလို ပျက်မသွားနိုင်ရင်တောင်မှ ကျောက်သားမှာ ထွင်းထုထားသလို နှလုံးသားမှာ စွဲမြဲမနေအောင်တော့ ကြိုးစားကြရပါမယ်။

(တိကပုဂ္ဂလပညတ်၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မပိဋက)

:)
ရှင်အာစာရ

No comments:

Post a Comment