“သားတော်ဘုရား . . . သားတော်ဘုရား အနော်မာမြစ်ကမ်းမှာ အဝါရောင်သင်္ကန်း ဆင်မြန်းလိုက်ပြီလို့ သတင်းကြားတဲ့နေကစပြီး ဒီနေ့ထိအောင်ပဲ ယသောဓရာဟာ ဝတ်ကောင်းစားလှတွေ မဝတ်တော့ဘဲ အဝါရောင်သင်္ကန်းနဲ့တူတဲ့ ဝတ်ရုံကြမ်းကြမ်းတွေပဲ ဝတ်ပါတော့တယ် ဘုရား . . .။ သားတော်ဘုရား ဝေသာလီမှာ ဒုက္ကရစရိယာ ကျင့်နေပြီလို့ ကြားရတော့လည်း သူက အစာမာတွေ မစားတော့ဘဲ အရည်ကိုသာ သောက်ပါတော့တယ်။ သားတော်ဘုရား အစာပြန်စားပြီလို့ ကြားရတော့မှ သူလည်း အစာပြန်စားတာပါ။ ကြီးကျယ်ခမ်းနားတဲ့ အိပ်ယာနေရာတွေကိုလည်း အသုံးမပြုတော့ပါဘူး။ အမွှေးနံ့သာတွေလည်း မလိမ်းမခြယ်တော့ပါဘူး။ အသားငါးလည်း မစားတော့ပါဘူး။ မှတ်မိပါသေးတယ် သားတော်ဘုရား . . . သူ့ဖခင်က သူ့ကိုပြန်ခေါ်မယ်၊ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးမယ်ဆိုတုန်းက သူ့ဖခင်ရှေ့မှာ ဒူးထောက်ပြီး ငိုနေရှာတာ . . .။ သားတော် ချန်ထားခဲ့တဲ့ ခြေနင်းတော်အစုံကို ရင်ခွင်မှာ ပွေ့ပိုက်ပြီး ငိုရှာတာ . . .။ အဲဒီ ခြေနင်းတော်ကို သူက မနက်တိုင်း မနက်တိုင်း ပန်းတွေနဲ့ပူဇော်ပြီး ရှိခိုးတာလေ။ သားတော်ကို လွမ်းလွန်းလို့ ခမည်းတော် ပူဆွေးရတယ် ငိုကြွေးရတယ် ဆိုရင်လည်း ခမည်းတော်ကို သူက နှစ်သိမ့်ရသေးတယ် . . .။ သားတော်အတွက် မပူဆွေးဖို့၊ သားတော်အတွက် ဆုတောင်းမေတ္တာသာ ပို့သဖို့ ခမည်းတော်ကို သူ သတိပေးရတာလည်း အကြိမ်တစ်ထောင် ဘယ်ကမလဲ။ သားတော် . . . ခုတော့ သားတော်အတွက် ခမည်းတော် ဂုဏ်ယူပါတယ်။ လူသားတွေအတွက် သားတော်က ကြီးမြတ်တဲ့ စွန့်လွှတ်စွန့်စားမှု ပြုခဲ့တယ်ဆိုရင် ယသောဓရာလို မိန်းမတစ်ယောက်ရဲ့ စွန့်လွှတ်အနင့်နာခံမှုဟာလည်း မြင့်မြတ်လှပါပေတယ် သားတော်ဘုရား . . .။”
“ခမည်းတော် . . .။ ယသောဓရာ သားတော်ကို ပါရမီဖြည့်ခဲ့တာဟာ ဒီတစ်ဘဝတည်း မဟုတ်ပါဘူး။ ဘဝများစွာ သံသရာမှာ ယသောဓရာဟာ သားတော်ရဲ့ ပါရမီဖြည့်ဖက် ဘဝဖော်တွေ အကြိမ်ကြိမ် ဖြစ်ခဲ့တာပါ။ သူဟာ မြင့်မြတ်သူပါ။ သူဟာ ကြီးမြတ်သူပါ။”
မိခင်၏ အနီး၌ရှိနေသော သားတော်လေး ရာဟုလာသည် ဘုရားရှင်၏ မျက်နှာတော်ကို တစ်ချိန်လုံး ငေးစိုက်ကြည့်နေ၏။ ရာဟုလာသည် တိတ်ဆိတ်ညင်သာစွာ မတ်တတ်ရပ်လိုက်ပြီး ဘုရားရှင်၏ ထံတော်ပါးသို့ တစ်လှမ်းချင်း တိုးသွား၏။ စကား တစ်ခွန်းမျှ မပြောဘဲ ဘုရားရှင်၏ သင်္ကန်းတော်ကို တို့ကိုင်ကြည့်လိုက်ပြီး ဘုရားရှင်၏ ဒူးတော်နှစ်ဘက်ပေါ်၌ လက်တင်ထားလျက် ဘုရားရှင်၏ မျက်နှာတော်ကို မော်ဖူးလိုက်၏။
“ကလေး ရာဟုလာ . . .။ ငါ့ အရိပ်ခိုရတာ သဘောကျသလား။”
“သဘောကျတာပေါ့ ဖေဖေ။”
ရာဟုလာ အလွန်အမင်း ပျော်ရွှင်နေသည်။ သူ ကြောက်လည်းမကြောက်ပေ။ စိတ်ထွေပြားမှုလည်း ကင်းနေ၏။ ဘုရားရှင်နှင့် ပို၍နီးအောင် တိုးကပ်လိုက်သည်။ ထို့နောက် ဘုရားရှင်၏ ဒူးတော်ပေါ် တင်ထားသည့်လက်ဖြင့် ဘုရားရှင်၏ လက်ခလယ်တော်ကို တို့ပုတ်ကြည့်ရင်း စိတ်ထဲမှာ ပြောနေ၏။
“လက်ချောင်းကြီးတွေ သန့်ရှင်းလိုက်တာ။ နူးညံ့လိုက်တာ။”
“ကလေး ရာဟုလာ . . . အေးချမ်းတဲ့ ငါ့အရိပ်မှာ ထာဝရ ခိုလှုံချင်တယ်ဆိုရင် ငါလို ရဟန်းပြုရလိမ့်မယ်။ ရဟန်းပြုဖို့ ဆိုတဲ့ကိစ္စကလည်း ကလေးအတွက် လွယ်တာမဟုတ်ဘူး။ ရဟန်းဘဝဆိုတာ နန်းတော်ထဲမှာ နေရတာလို သက်တောင့်သက်သာ မရှိဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ ကြွယ်ဝတာ မဟုတ်ဘူး။ ခမည်းတော် မင်းကြီးကလည်း ကလေးကို ထီးရိုက်နန်းရာ လွှဲအပ်ဖို့ ဆန္ဒရှိနေတယ်။ ခမည်းတော် မင်းကြီးဆီက ထီးမွေနန်းမွေကို ခံယူမလား၊ ငါ့ဆီက ဓမ္မအမွေကို ခံယူမလားဆိုတာ ကလေး အရွယ်ရောက်မှပဲ ကလေး ကိုယ်တိုင် ရွေးခြယ်ဆုံးဖြတ်ရမှာပါ။ ဓမ္မအမွေကို ခံယူမယ်ဆိုရင်တော့ လေ့လာသင်ယူစရာတွေ အများကြီး မရှိပါဘူး။ ကျင့်ကြံစရာတွေကလည်း ရိုးရိုးရှင်းရှင်းတွေပါပဲ။ ထီးနန်းအမွေ ခံယူပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ် ဆိုရင်တော့ အများကြီး လေ့လာရလိမ့်မယ်။ တိုင်းကျိုးပြည်ကျိုး သည်ပိုးထမ်းရွက်တဲ့ နေရာမှာလည်း ပြုဖွယ်ကိစ္စတွေ အများကြီး ရှိလိမ့်မယ်။”
ရာဟုလာသည် ဘုရားရှင်ကို စကားတုံ့ပြန်ခြင်း မရှိဘဲ ဘုရားရှင်၏ မျက်နှာတော်ကို ငေးလျက်သာ ငြိမ်သက်စွာ နားထောင်နေ၏။ ဘုရားရှင်က ဆက်လက်၍ မိန့်တော်မူ၏။
“ရာဟုလာ . . . ကလေးက ငယ်သေးတော့ မင်းတို့ကျင့်ဝတ် ဆယ်မျိုးကို သိမယ်မထင်ဘူး။ ထီးနန်းအမွေ ခံယူတယ်ဆိုရင် ကျင့်သုံးတတ်အောင် မင်းကောင်းမင်းမြတ်တို့ရဲ့ အကျင့်ဆယ်မျိုးကို မှတ်သားထားပါ။ မင်းကောင်းမင်းမြတ်တို့ဟာ ဒါနကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ရဟန်းပုဏ္ဏား သူတော်စင်တွေကို လှူဒါန်းကြတယ်။ ပရိစ္စာဂကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ အမှုထမ်းတွေကို လစာရိက္ခာ လုံလုံလောက်လောက် ပေးကြတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုလည်း ပေးကမ်းထောက်ပံ့ကြတယ်။ သီလ ဆောက်တည်ပြီးတော့ သီလကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း အဇ္ဇဝကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အပြောအဆို အပြုအမူ သိမ်မွေ့ခြင်း မဒ္ဒဝကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အခါအားလျော်စွာ ဥပုသ်သီတင်း ဆောက်တည်ပြီးတော့ တပကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အမျက်ဒေါသ မထွက်ဘဲ အက္ကောဓကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အဝိဟိံသန ကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ ရဟန်းရှင်လူ ပြည်သူတွေကို မနှိပ်စက်ကြဘူး။ မညှင်းဆဲကြဘူး။ သည်းခံခြင်း ခန္တီကျင့်ဝတ်ကို ဖြည့်ဆည်းကြတယ်။ ပြည်သူ့ဆန္ဒကို မဆန့်ကျင်ကြဘူး။ ဒါကတော့ အဝိရောဓန ကျင့်ဝတ်ပဲ။ ကလေးအနေနဲ့ ကျင့်ဝတ်ဆယ်မျိုးကို မှတ်သားဖို့ ခက်တယ်ဆိုရင် နောက်ဆုံးဖြစ်တဲ့ အဝိရောဓန ကျင့်ဝတ်ကိုပဲ မှတ်သားထားပါ။ အဝိရောဓန ကျင့်ဝတ်ကို ကျင့်နိုင်တယ်ဆိုရင် ကျန်တဲ့ကျင့်ဝတ်တွေကိုပါ ကျင့်သုံးပြီးသား ဖြစ်သွားပါလိမ့်မယ်။
နောက်ပြီးတော့ ရာဟုလာ . . . မင်းကောင်းမင်းမြတ်တို့ဟာ ရဟန်း ရှင် လူ ပြည်သူတွေ လှုပ်လှုပ်ရွရွ မဖြစ်ရလေအောင်၊ တိုင်းနိုင်ငံတော် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နေပြည်တော် ငြိမ်ဝပ်ပိပြားအောင် စီမံပေးတတ်ကြတယ်။ နေပြည်တော်ကို အုပ်ချုပ်တဲ့အခါမှာ အကြမ်းမဖက်ကြဘူး။ ရာဇပရိယာယ် ကြွယ်ကြွယ်နဲ့ ပြည်သူတွေ ကိုယ့်ဘက်ပါအောင် သွေးဆောင်စည်းရုံး သိမ်းသွင်းနိုင်ကြတယ်။ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို ရင်အုပ်မကွာ ကွပ်ကဲအုပ်ချုပ်သလို တိုင်းသူပြည်သားတွေကို အကြင်နာနဲ့ ဖိစီးပြီး အုပ်ချုပ်ကြတယ်။ ရှေးမင်းတွေရဲ့ ကျင့်ထုံးဟောင်း၊ လုပ်နည်းကောင်းတွေကို ကျင့်သုံးကြတယ်။ ရှေးကနည်းကောင်းတွေကို မပယ်ကြဘူး။ အခွန်အတုပ်လည်း အများကြီး မကောက်ကြဘူး။ ပြည်သူတွေ ပူပန်အောင် နှိပ်စက်တဲ့ အာဏာရှင်ဆိုးကြီးတွေ မဟုတ်ကြဘူး။ ပြည်သူကို သနားကြင်နာကြတယ်။
ရာဟုလာ . . . ကောင်းကင်မှာ သာနေတဲ့ တိမ်စင်လမင်းကြီးဟာ လောကကြီး အပေါ်မှာ အေးမြတဲ့ အလင်းဓာတ်တွေ ဖြန့်ချပေးနေတယ်။ လမင်းကြီးဟာ နေလို မပူဘူး။ အေးမြတယ်။ ကြယ်တွေရံတဲ့ လမင်းကြီးဟာ ကျက်သရေရှိတယ်။ အလားတူပဲ မင်းကောင်းမင်းမြတ်တို့ဟာလည်း တိုင်းနေပြည်တော် အပေါ်မှာ လမင်းလိုကျင့်ကြတယ်။ ကြယ်ရံတိမ်စင် လမင်းကြီး တင့်တယ်သလို မတ်ပေါင်းရံတဲ့ မင်းကောင်းမင်းမြတ်တွေဟာ တင့်တယ်ကြတယ်။ တိုင်းပြည်ကို ပွင့်လင်းစေကြတယ်။ စည်ပင်ကြီးပွားစေကြတယ်။ ကိုယ့်တိုင်းပြည်ထောင်ကို ကိုယ့်ဟာကိုယ် ပြန်ပြီး ကန့်သတ်ပိတ်ဆို့ မထားကြဘူး။ တိုင်းတစ်ပါးမင်းတို့ရဲ့ ဝိုင်းပယ်ပိတ်ဆို့ခြင်း၊ ငြင်းပယ်ဒဏ်ခတ်ခြင်းကိုလည်း မခံကြရဘူး။ ပြည်သူလူထုကရော ကမ္ဘာ့လူထုကပါ ‘ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ’လို့ ချီးကျူးထောမနာ အပြုခံရကြတယ်။
ရာဟုလာ . . . မှတ်သားစရာတွေ များနေပြီလား။ လိုရင်းမှတ်ဖို့က လွယ်ပါတယ်။ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေကို ကျောသားရင်သား မခွဲခြားဘဲ သနားကြင်နာဖို့နဲ့ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါပဲ။”
နှုတ်ဆိတ်နေသူ ရာဟုလာသည် စိတ်ဝင်တစား နားထောင်နေ၏။ ယသောဓရာလည်း နှစ်ထောင်းအားရစွာ နားထောင်လျက်ရှိနေသည်။ သုဒ္ဓေါဒန မင်းကြီးကား ဘုရားရှင်၏ စကားဝါကျ တစ်ခုတစ်ခု ဆုံးတိုင်းဆုံးတိုင်း ခေါင်းတညိတ်ညိတ် ရှိနေလေတော့၏။
:)
ရှင်အာစာရ
------------------
“ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိဉ္စ အဝိရောဓနံ။”
(မဟာဟံသဇာတက၊ အသီတိနိပါတ စသည်။ CSCD)
---
"ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်မပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလျက်၊ ထွန်းပပြောင်ပြောင်၊ မိုးထက်ခေါင်နှိုက်၊ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းလေဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်။ ။ လူများကောင်းချီးတွန်စေမင်း။"
[ကန်တော်မင်းကျောင်းဆရာတော်
(ရတနာပူရ ပြည်အင်းဝတွင် ဒုတိယမင်းခေါင်း၏ အရီးတော်ဆရာ)
စာ - ၁၀ - ၁၁၊ "လောကသာရပျို့"၊ ကဝိမျက်မှန်စာပုံနှိပ်တိုက်၊ ၁၉၄၇]
---
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment