“အို . . . အရှင်ဟာ . . . ကောင်းကင်ပြာထဲက ကြယ်တာရာ ခြံရံတဲ့ လမင်းကြီးလို ပါပဲလား . . .။”
“မေမေ . . . ဘာလဲ”ဟု ယသောဓရာ၏ အနီး၌ ကစားနေသော ခုနစ်နစ်အရွယ် သားငယ်လေး ရာဟုလာက အပြစ်ကင်းသည့် လေသံဖြင့် မေး၏။
“သား . . . မင့်ဖေဖေပေါ့။ ဒီမှာ မင့်ဖေဖေ။ သား လာလာ။ သား မြင်ရအောင် သားကို မေမေ ပွေ့ထားမယ်။ ကြည့်စမ်း။ သား မြင်လား။ အဝါရောင် အတန်းရှည်ကြီးရဲ့ ရှေ့ဆုံးကနေ လျှောက်လာနေတာ မင့် ဖေဖေပဲ။ အဲဒါ မင့်ဖေဖေပဲ။”
သိတတ်စ အရွယ်ကတည်းက ဖခင်ကို မမြင်ဖူးသေးသူ ရာဟုလာက မှတ်ချက်ချ၏။
“မေမေ . . . သူတို့က ဘုန်းဘုရားတွေပဲ။”
“ဟုတ်ပါ့။ ရှေ့ဆုံးက မင့်ဖေဖေ ဗုဒ္ဓရှင်တော်လေ။”
ယသောဓရာသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးတူးနေ၏။
“မေမေ . . . သားဖေဖေ ဘုန်းဘုရားက သားတို့ကို လာတွေ့တာလား။”
“သား . . . အေးကွယ် . . . မေမေနဲ့သားကို တွေ့ဖို့ သူ ဒီကို လာချင်လာမှာပါ . . .။”
သန့်စင်လင်းလက် အနှောင်အတွယ်မဲ့၍ ကြည်လင်ချမ်းမြေ့သော ဘုရားရှင်၏ မျက်နှာတော်ကို ယသောဓရာ မြင်နေရ၏။ ရာပေါင်းများစွာသော ရဟန်းတော်တို့ ဘုရားရှင်၏ နောက်တော်ပါးမှ လိုက်ပါလျက် ရှိနေသော်လည်း မည်သည့်ရဟန်းတော်ကိုမှ ယသောဓရာ မကြည့်ပေ။ ယသောဓရာ မြတ်နိုးခဲ့ရသော ယခုတိုင်လည်း မြတ်နိုးရဆဲဖြစ်သော လမ်းမတလျှောက် လျှောက်လာနေသည့် ဤ ယောက်ျားမြတ် နန်းတော်တွင်းသို့ ဝင်လေရာ ယသောဓရာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားစဉ် ယသောဓရာ၏ ရင်ဝယ် ရုတ်တရက် စူးစူးရှရှ ဆို့ဆို့နင့်နင့် ခံစားလိုက်ရ၏။ ယသောဓရာသည် နာကျင်သည့် ရင်တွင်းဝေဒနာ ပြင်းလွန်းသည်ဖြစ်၍ သားတော်လေးကို ပွေ့လျက်နှင့် ပုံလျက်သား လဲကျသွားပြီး ရှိုက်ကြီးတငင် ကျယ်လောင်စွာ ငိုလေ၏။
“မေမေ . . .။ မငိုပါနဲ့။ မေမေ . . .။ သားတို့ဆီကိုလည်း ဖေဖေ လာမှာပါ။”
သားငယ်လေး ရာဟုလာသည် မိခင်၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုပ်ပေးနေရင်း မိခင်ကို နှစ်သိမ့်နေ၏။
“မေမေ . . .။ ဘာလို့ ငိုတာလဲ . . .။”
ရာဟုလာလေး၏ မျက်လုံးတို့၌လည်း မျက်ရည်များ ပြည့်လျှမ်းလာ၏။ သူ့အသက်ထက် ပို၍ပင် တွယ်တာခုံမင် ချစ်ခင်ရသူ မိခင်၏ သောကကို ကူးယူ ခံစားလိုက်ရ၍ ရာဟုလာလည်း ငိုလေ၏။ ရာဟုလာ၏ ပါးပြင်တို့၌ မျက်ရည်ဖြိုင်ဖြိုင် စီးကျလျက် ရှိနေသည်။
“မငိုနဲ့ သား . . .။ မငိုပါနဲ့ သားရယ် . . .။”
ယသောဓရာသည် ငိုရှိုက်မှုကို ထိန်းချုပ်ရင်း သားငယ်၏ ဦးခေါင်းကို ဖွဖွ ပွတ်ပေးနေ၏။
“သားက ဘာဖြစ်လို့ ငိုရတာလဲ . . .။”
“မေမေငိုလို့ သားလည်း ငိုတာပေါ့။ မေမေက ဘာဖြစ်လို့ ငိုတာလဲ။”
“သား . . . ဒီသောကကို မေမေ မျိုသိပ်ခဲ့ရတာ ခုနစ်နစ် ရှိပြီ . . . ။ . . . မင့်ဖေဖေ ပြန်လာပြီ။ ဒါပေမယ့် ဒီမှာနေဖို့ ပြန်လာတာ မဟုတ်ဘူး။ သားရယ် . . . သူက မေမေတို့ကို ထားခဲ့ပြီး ပြန်ထွက်သွားအုံးမှာ . . .။ အဲဒါကြောင့် မေမေ ငိုမိတာ . . .။”
ယသောဓရာသည် အိပ်ခန်းဆောင်သို့ ဝင်လိုက်ပြီး အိပ်ယာထဲ၌ သားလေးရာဟုလာကို ပွေ့ပိုက်ထားရင်း ငိုနေ၏။ ယသောဓရာ၏ အိပ်ခန်းထဲသို့ ကျွန်မ ခုဇ္ဇုတ္တရာ အပြေးအလွှား ဝင်ရောက်လာသည်။
“အရှင်မ . . . မင်းသမီး . . .။ ထပါ ထပါ။ ထပါ အရှင်မ။ မျက်ရည်တွေ သုတ်လိုက်ပါ။ သူ လာနေပြီ။ သူ လာနေပြီ . . .။”
ယသောဓရာသည် အိပ်ယာထဲမှ ခုန်ထွက်လိုက်ပြီး မျက်ရည်သုတ်ကာ ရာဟုလာကိုပင် မေ့ထားခဲ့ပြီး အရူးမ တစ်ယောက်ကဲ့သို့ အောက်ထပ်သို့ ဆင်းပြေး၏။ ထို့နောက် တံခါးဝ၌ ရပ်လျက် နန်းရှေ့ကွင်းပြင်ဆီ ငေးမျှော်ကြည့်နေ၏။
“ဟုတ်တယ် . . . သူပဲ။ မိယသော်နဲ့ မတွေ့တာ ခုနစ်နှစ် ကြာပြီဖြစ်တဲ့ သူပဲ။ မိယသော် အသက်ထက် ပိုပြီးတော့ ချစ်ခဲ့ရတဲ့ သူပဲ။ သဲဖြူခင်းထားတဲ့ နန်းရှေ့ကွင်းပြင်ကို သူ ဖြတ်လျှောက်လာနေပြီ။ သူ့မျက်နှာဟာ ဆီးနှင်းတိမ်တိုက်ထဲက ထွက်ပေါ်လာတဲ့ လမင်းကြီးလိုပါပဲလား . . .။”
တွေးငေးနေသူ ယသောဓရာသည် အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ အပေါ်ရုံ စုလျားကိုကား မခြုံမိခဲ့ပေ။ ကြီးမားနက်ရှိုင်းသည့် ဂေဟဿိတ သံယောဇဉ်ကြောင့် အရူးတစ်ပိုင်း ဖြစ်နေသူ ယသောဓရာသည် ကွင်းပြင်ကို ဖြတ်၍ ဘုရားရှင်ထံသို့ ပြေးလေ၏။ နောက်ဆုံး၌ လက်ခြေပြတ်သည့် တွားသွားသတ္တဝါ တစ်ကောင်ကဲ့သို့ ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျသွားပြီး ဘုရားရှင်၏ ခြေတော်အစုံကို နမ်းရှုပ်နေလေ၏။
ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့သည် ဘုရားရှင်၏ နောက်တော်ပါးမှာ ရှိနေကြ၏။ သုဒ္ဓေါဒန မင်းကြီးသည် ဘေးမှာ ရှိနေ၏။ အစပထမ၌ ရာဟုလာကလေးသည် ဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်ရန် ကြောက်ရွံ့နေ၏။ သို့သော် ဘုရားရှင်၏ မျက်နှာတော်ကို အတန်ကြာအောင် ငေးကြည့်နေရင်း အကြောက်ပြေသွားပြီး မြေပြင်ပေါ်၌ ငိုနေသည့် မိခင်ထံသို့ သွားကာ နှလုံးခုန်ချက် မြန်လွန်း၍ တုန်တုန်ခိုက်ခိုက် ဖြစ်နေသော မိခင်၏ကိုယ်ကို သိမ်းကြုံးပွေ့ဖက်ရင်း ကျောပြင်ကို ပုတ်ပေးနေလေ၏။
ယသောဓရာသည် စကားတစ်ခွန်းမှ မဆိုနိုင်သေးပေ။ သူ့အရှင်၏ ခြေတော်အစုံပေါ်၌ ဦးခေါင်းထိုးချလျက် တသိမ့်သိမ့် ငိုရှိုက်နေလေသည်။ ခြေတော်ရင်း၌ အတန်ကြာအောင်ပင် ငိုကြွေးနေလေရာ အရှင်၏ ခြေတော်အစုံသည် ယသောဓရာ၏ မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုလာ၏။
“အရှင် . . . အို သခင် . . .။ မိယသော်ရဲ့ သိမ်မွေ့တဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့ စကားပြောပါဦး . . .။ မိယသော် . . . ခုနစ်နှစ်လုံးလုံး သည်းခံစိတ်နဲ့ နေခဲ့ရတာပါ။ မိယသော်ဟာလေ အိပ်မက်တွေထဲမှာပဲ ငိုကြွေးနိုင်ခဲ့တဲ့ သူပါ။ အရှင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်ပါစေလို့ အချိန်တိုင်း အချိန်တိုင်း ဆုတောင်းပေးနေခဲ့တာပါ။ ဒါပေမယ့် သခင် . . .။ ခုနစ်နှစ်လုံးလုံး သည်းခံနိုင်ခဲ့တဲ့ မိယသော်ဟာ အရှင့်မျက်နှာ မြင်လိုက်ရတာနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါဘူး . . .။”
ကရုဏာတရား ပြည့်ဝတော်မူသည့် ဘုရားရှင်သည် တည်ကြည်လေးနက်သည့် အသံတော်ဖြင့် မိန့်တော်မူ၏။
“ယသောဓရာ . . . လောကသားတွေကို ကယ်တင်အလုပ်အကျွေးပြုဖို့ လောကီစည်းစိမ်တွေ အားလုံးကို စွန့်လွှတ်ရဲခဲ့တဲ့ ငါဟာ ငါနဲ့ခွဲခွာရတဲ့ ဒဏ်ကို ခံနိုင်ဖို့ ငါနဲ့ထပ်တူ သတ္တိတွေရှိခဲ့ပြီး ငါ့ကိုလည်း အားပေးခဲ့တဲ့ မင့်ကို ချီးမွမ်းဖို့ ဝန်မလေးပါဘူး။ မင့်ရဲ့ သတ္တိကို ချီးကျူးပါတယ်။ ဂုဏ်ပြုပါတယ်။ သားတော်ရာဟုလာ . . . မိခင်ကြီးကို ထူမပေးလိုက်ပါ။ နန်းဆောင်ထဲ သွားမယ်။”
ဘုရားရှင်၏ ခြေတော်အစုံပေါ်၌ ရှိနေဆဲဖြစ်သော ယသောဓရာသည် ရွှန်းလဲ့တောက်ပသွား၏။ သူ့မျက်နှာ ပီတိဖြာသွား၏။ သူမျှော်လင့်ခဲ့သော ဂုဏ်ပြုစကားကို ကြားရလိုက်ပြီဖြစ်၏။ သူ့မျက်ရည်တို့ ခြောက်သွားလေပြီ။ သူလည်း အသိ ပြန်ဝင်လာပြီး သူ့မျက်နှာကို ဘုရားရှင်၏ ခြေတော်မှ ခွာကာ မတ်တပ်ရပ်လိုက်၏။ အနည်းငယ် ရှက်ရွံ့နေဟန်တူသည်။ သူ့အနားမှာ ရှိနေသည့် သားလေးရာဟုလာကို မှီထားရင် မြေပြင်ကို ငေးစိုက်၍ ကြည့်နေလေ၏။
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment