Saturday, August 13, 2011

My My My My - ငါ့ ငါ့ ငါ့ ငါ့

ငါ့လှေ
ငါ့မြင်း
ငါ့ပဲခူး
ငါ့စစ်ကိုင်း။

(အမည်မသိ ရှေးစာဆို)

----------------

မြစ်မိဘ

မြစ်မင်းဧရာကို မြန်မာပြည်ရဲ့ ပင်မသွေးကြောကြီးလို့ ကင်ပွန်းတပ်ခဲ့ကြတယ်။ ဧရာဝတီဟာ ဥကပေါက်တာ မဟုတ်ပါဘူး။ တွင်းက ထွက်လာတာလည်း မဟုတ်ဘူး။ ကိုးလလွယ် ဆယ်လဖွား မဟုတ်ပေမယ့် သူ့မှာ အမိရှိတယ်။ အဖရှိတယ်။ ဇာတိရှိတယ်။ ပုညရှိတယ်။ အစဉ်အလာရှိတယ်။ သမိုင်းရှိတယ်။ တည်ခံ့မှုရှိတယ်။ ဣနြေ္ဒရှိတယ်။ ပြီးတော့ လုပ်အားရှိတယ်။ မြစ်မင်းဧရာဝတီဟာ သက်တော်ရှည်မြစ် ဖြစ်တယ်။ ကုန်စည်တွေ တန်ကုဋေ သန်းနဲ့ချီပြီး သယ်ပိုးခဲ့ပြီ။ ကျောက်စိမ်းတွေ၊ အဖိုးတန်သစ်တွေ၊ ၀ါးတွေ၊ ကြိမ်တွေ၊ စဥ့်ထည် စဥ့်အိုးတွေ၊ စားသောက်ကုန်စည်တွေ၊ လူသုံးကုန်စည်တွေ သူ့ကျောနဲ့ သယ်ပိုးခဲ့ပြီ။ ရွှေတွေ၊ ရွှေဖြူတွေ သူ့ဝမ်းဗိုက်က အန်ထုတ်ပေးခဲ့ပြီ။

ဟိမ၀န္တာတောင်တန်းကြီးရဲ့ ညီတွေ နှမတွေ ဖြစ်ကြတဲ့ ခါခါဘိုရာဇီ၊ ရှီလင်ကလာရာဇီ၊ ဂမ်လမ်ရာဇီ၊ ဖွန်ဂန် တောင်တွေဘက်မှာ မြစ်မင်းဧရာဝတီရဲ့ ဘိုးတွေ၊ ဘွားတွေ ရှိခဲ့တယ်။ ဦးကြီးတွေ၊ ဒေါ်ကြီးတွေ ရှိခဲ့တယ်။ နမ်းတမိုင်ချောင်း၊ တလ၀န်ချောင်း၊ တဂူဝန်ချောင်း၊ လ၀မ်ကွမ်တီချောင်း၊ မက်ရာမေချောင်းတို့ ပေါင်းစုပြီး မေခနဲ့ မလိခ မြစ်နှစ်သွယ် ဖြစ်လာခဲ့ကြတယ်။ မေခနဲ့ မလိခက မြစ်ကြီးနားရဲ့မြောက်ဘက် ၂၈မိုင် အကွာမှာ လာပွေ့ဖက်ကြတယ်။ တန်ဖရဲရွာနားမှာပေါ့။

မြစ်ဆုံလို့ ဘာလို့ နာမည်တွင်ရသလဲ။ တန်ဖရဲရွာက နာမည်ပိုမကြီးသင့်ဘူးလား။ မြစ်ပွေ့၊ မြစ်ဖက်၊ မြစ်ပွေ့ဖက်၊ မြစ်လက်ဆုံ၊ မြစ်လက်တွဲ၊ မြစ်ဂဟေ၊ မြစ်ပေါင်း၊ မြစ်ဆုံစည်း။ မြစ်ဆုံမရောက်ခင် ရှုခင်းသာ တစ်နေရာမှာ ကားရပ်ရင်း အတွေးခရီးထွက်နေမိတယ်။ မြစ်ရေက တငြိမ့်ငြိမ်နဲ့ ဣနြေ္ဒကောင်းနေတယ်။ ကျောက်ဆောင်တွေ၊ အပွင့်ကြမ်းတဲ့ သဲသောင်တွေ၊ မိုးများတဲ့ ဒေသမို့ ထူထပ်တဲ့ သစ်ပင်တွေ၊ မေခ နဲ့ မလိခကို ဟောဒီမှာ ဟောဒီလို စီးရတယ်၊ ဒီနေရာမှာ ဒီလိုဆင်းရတယ်ကွယ့်၊ ဒီအပိုင်းကြတော့ ကွေ့လိုက်ဦးနဲ့ လမ်းညွှန်သင်ပြပေးနေတဲ့ လက်ဦးဆရာ တောင်တန်းတွေကလည်း မြင်ကွင်းအနှံ့မှာ အထပ်ထပ်။

ကျွန်တော်က ခါခါဘိုရာဇီ တောင်ပေါ်က အရည်ပျော်ကျလာတဲ့ ရေခဲရေချောင်းထဲမှာ ဒီနေ့ ကျွန်တော် တွေ့ကြုံခံစား နေရတဲ့ မြန်မာပြည်နဲ့ဆိုင်တဲ့ ခံစားမှုတွေကို စက္ကူတစ်ရွက်ပေါ်မှာ ရေးပြီး ပုလင်းတစ်လုံးထဲ ထည့်မျှောချလိုက်မယ်။ ဘယ်လူမျိုး၊ ဘယ်အသက်အရွယ်၊ ဘယ်ဘသာဝင်တွေဖတ်ဖတ်၊ ကျား/မ မရွေး ကျွန်တော့် ခံစားချက်တွေကို ဖတ်မိပြီး သဘောတူရင် စက္ကူရဲ့ နောက်ကျောက အမှန်ခြစ်တစ်ခြစ် ခြစ်လိုက်ရုံပါပဲ၊ သဘောမတူရင် ကြက်ခြေခတ်ပြီး ရောက်ရာအရပ်က ဒီပုလင်းကို ဆက်မျှောကြရုံပါပဲ။ ဒီ စက္ကူပေါ်မှာ အမှန်ခြစ်တွေနဲ့ ကြက်ခြေခတ်တွေ ဘယ်ဟာက ပိုများမလဲ။

မြစ်တွေဟာ အကြောင်းမဲ့ အဓိပ္ပာယ်မဲ့ စီးဆင်းနေကြတာမှ မဟုတ်ဘဲ။ မြစ်ကြီးနားမြို့ကို ဖြတ်သွားဖို့၊ ၀ိုင်းမော်မြို့ကို ဖြတ်ဆင်းဖို့၊ ဆင်ဘိုကို ဖြတ်သွားဖို့၊ ကသာမြို့ကို ဖြတ်သွားဖို့၊ ထီးချိုင့်မြို့ကို ဖြတ်သွားဖို့ သူ့မှာ ခိုင်လုံတဲ့ အကြောင်းတရားတွေ ရှိတယ်။ မြစ်ပြင်ရဲ့ အောက်ခံကြမ်းပြင်၊ ပတ်ဝန်းကျင်က တောင်တွေ မြေမြက်နှာပြင်တွေက မြစ်ကို ကွေ့စေ ကောက်စေ ဖြောင့်စေခဲ့တယ်။ ကျဉ်းစေ ကျယ်စေခဲ့တယ်။ တိမ်စေ နက်စေခဲ့တယ်။ ရေစီး မြန်စေ နှေးစေခဲ့တယ်။ နဒီဝင်္ကံဆိုတာ ကံချင်လို့ ကံရှာတာမှ မဟုတ်ဘဲ။ ပတ်ဝန်းကျင်က ပြုပြင်လမ်းညွှန် ထိန်းကျောင်းလို့ ဖြစ်ကြရတာလေ။

ညီပုလေး
လီဒိုဟူးကောင်း မင်ခြစ်မှတ်စုများ
 (စာ - ၃၅၊ ၃၆၊ ၃၇)
ပထမအကြိမ်၊ အုပ်ရေ (၁၀၀၀)၊ တန်ဖိုး (၁၂၀၀)ကျပ်၊
၂၀၀၅၊ ဇန်န၀ါရီ
ထုတ်ဝေသူ ဦးသိမ်းစိုး (မြဲ-၀၃၉၈၂)၊ သီဟရတနာစာပေ

No comments:

Post a Comment