Thursday, May 19, 2011

World Peace (Part 1) - ကမ္ဘာ့ငြိမ်းချမ်းရေး (အပိုင်း ၁)


 မိတ်ဆက်စကား


မနက် အိပ်ယာကထပြီး ရေဒီယို နာထောင်လိုက်တဲ့အခါ၊ ဒါမှမဟုတ် သတင်းစာ ဖတ်လိုက်တဲ့ အခါမှာ အကြမ်းဖက်မှု ရာဇဝတ်မှု စစ်ပွဲ ကပ်ဆိုက်မှုဆိုတဲ့ မထူးဆန်းတော့တဲ့ သတင်းတွေနဲ့ ကြုံလိုက်ရတော့တာပါပဲ။ တစ်နေရာရာမှာ အဖြစ်ဆိုး တစ်ခုခုနဲ့ ကြုံနေရတယ်ဆိုတဲ့ သတင်းဆိုး တစ်ခုခု မကြားရတဲ့ နေ့ရယ်လို့ မရှိခဲ့ပါဘူး။ ခေတ်မီပါတယ်ဆိုတဲ့ ဒီနေ့ခေတ်မှာတောင်မှ တန်ဖိုး ရှိလှတဲ့ အသက်တစ်ချောင်းဟာ လုံခြုံမှု မရှိသေးဘူးဆိုတာ ရှင်းပါတယ်။ ဒီနေ့ ရင်ဆိုင် ကြားသိနေရတဲ့ သတင်းဆိုးမျိုးတွေကို အရင့်အရင်က ဘယ်မျိုးဆက်မှ မကြားခဲ့ မကြုံခဲ့ရ ဖူးပါဘူး။ ဒီလိုမျိုး ကြောက်ရွံ့မှုတွေ တင်းမာမှုတွေကို အမြဲ သတိထားမိလေတော့ ခံစားတတ်တဲ့သူ ကရုဏာ ပြည့်ဝတဲ့သူအတွက် ခေတ်သစ်ကမ္ဘာရဲ့ တိုးတက်မှု ဆိုတာကို အလေးအနက်ထားပြီး စစ်ကြောစရာ ဖြစ်နေတာပေါ့။

လူ့အဖွဲ့အစည်းကြီး စက်မှုဘက်ဆိုင်ရာမှာ တိုးတတ်လာလေလေ အကြပ်အတည်း ပြဿနာတွေ ဖြစ်ပေါ်လာလေလေလို့တောင် ငေါ့စရာ ဖြစ်နေပါတယ်။ သိပ္ပံနဲ့ နည်းပညာဟာ နယ်ပယ် တော်တော်များများမှာ အံသြစရာတွေ လုပ်ပြခဲ့ပါပြီ။ ဒါပေမယ့် အခြေခံကျတဲ့ လူသားရဲ့ ပြဿနာကတော့ ရှိနေဆဲပါပဲ။ စာတတ်မြောက်မှုက မျှော်လင့်ထားတာထက် ပိုပါတယ်။ ဒါပေမယ့် ဒီ ကမ္ဘာ့ပညာရေးက ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေခဲ့ဲတဲ့ အရိပ်အရောင် မတွေ့ရပါဘူး။ စိတ်ဂနာမငြိမ်မှု စိတ်မကျေနပ်မှုတွေကိုပဲ ဖြစ်ထွန်းစေခဲ့တာပါ။ ရုပ်ဝတ္ထုနဲ့ နည်းပညာပိုင်း တိုးတတ်မှုမှာ သံသယပွားစရာ မရှိပါဘူး။ ဒါပေမယ့် ဒီတိုးတတ်မှုဟာ တစ်နည်းတစ်ဖုံအားဖြင့် မလုံလောက်သေးပါဘူး။ ဘာလို့လဲ။ ငြိမ်းချမ်းရေး ဆောင်ကြဉ်းတဲ့ နေရာနဲ့ ဆင်းရဲဒုက္ခကို ချိုးနှိမ်တဲ့ နေရာမှာ မအောင်မြင်သေးလိုပါပဲ။

ဖွံဖြိုးတိုးတတ်တဲ့ နေရာမှာ တစ်ခုခုတော့ အသည်းအသန် မှားနေပြီလို့ပဲ ကောက်ချက်ချနိုင်တယ်။ ဒါကို အချိန်မီ မဆန်းစစ်နိုင်ရင် အနာဂတ် လူ့ူအဖွဲအစည်းအတွက် ပိုဆိုးတဲ့ ကပ်ဘေးတွေ တန်းစီလာနိုင်ပါတယ်။ သိပ္ပံနဲ့နည်းပညာကို ဆန့်ကျင်နေတာ လုံး၀ မဟုတ်ရပါဘူး။ ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံပစ္စည်း ကြီးပွားချမ်းသာမှု၊ နေထိုင်ရာ ကမ္ဘာလောကကို ပိုမို နားလည်လာမှုဆိုပြီး လူသားရဲ့ယေဘုယျ တွေ့ွကြုံဖြတ်သန်းမှု နယ်ပယ်မှာ သိပ္ပံနဲ့ နည်းပညာက အကြီးကျယ် ထောက်ပံ့ပေးခဲ ပါပြီ။ ဒါပေမယ့် သိပ္ပံနဲ့ နည်းပညာကို အလေးပေးလွန်းရင် ရိုးသားမှုနဲ့ ပရဟိတဝါဒကို ရည်ရွယ်တဲ့ လူရဲ့ဗဟုသုတ လူရဲ့နားလည်မှုတို့နဲ အဆက်ပြတ်သွားမယ့် အန္တရာယ်နဲ့ ကြုံရနိုင်တဲ့ အခြေနေပါ။

ဒီနေ့ မြင်တွေ့နေရတဲ့ အတိုင်းပါပဲ။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ယဉ်ကျေးမှု ပုံစံနဲ့အညီ ကမ္ဘာကို ယဉ်ကျေးအောင် ကျယ်ကျယ်ပြန့်ပြန့် ပုံသွင်းပေးနေတဲ့ ဘာသာရေးတန်ဖိုး လူသားချင်း စာနာမှုတန်ဖိုးဆိုတဲ့ အစဉ်အလာဟောင်းကို ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝမှု လက်တွေ့ဖော်ဆောင် ပေးနိုင်တဲ့ သိပ္ပံနဲ့ နည်းပညာက အစားမထိုးနိုင်သေးပါဘူး။ သိပ္ပံနဲ့ နည်းပညာတို့ရဲ့ မကြုံစဖူး ထူးကဲတဲ့ အကျိူးရလဒ်တွေကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အခြေခံကျတဲ့ လူသားရဲ့ ပြဿနာတွေဟာ တည်ရှိနေဆဲပါပဲ။ ဆင်းရဲဒုက္ခ ကြောက်လန့်မှု တင်းမာမှုတွေနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာ အရင်ကထက် ပိုမဆိုးရင်တောင်မှ အရင်အခြေအနေမျိုးကိုတော့ ရင်ဆိုင်နေရဆဲပါ။ ဒါကြောင့်် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှု၊ လူု့တန်ဖိုး တိုးတက်မှုတို့ကို နှစ်ဘက် ချိန်ခွင်လျှာ ညီမျှအောင် ကြိုးပမ်းမှသာ သဘာဝကျပါလိမ့်မယ်။ ဒီလို ကြီမားတဲ့ ထိန်းညှိမှုကို ပြုလုပ်ဖို့ဆိုရင် လူသားတန်ဖိုးတွေကို လက်ခံကြရပါမယ်။

ကမ္ဘာနဲ့အဝှန်း ကြုံတွေ့နေရတဲ့ ကျင့်ဝတ်ဆိုင်ရာ အကြပ်အတည်းဖြစ်တဲ့ အလေးထားရမယ့် ဒီကိစ္စကို လူတော်တော်များများက သဘောတူ လက်ခံကြမှာ သေချာပါတယ်။  လူ့အဖွဲ့အစည်း ပိုပြီး ကြင်နာတက်လာအောင် တရားမျှတလာအောင် သာတူညီမျှ ဖြစ်လာအောင် ထောက်ပံ့တဲ့ ဒီကိစ္စကို သဘောတူကြမယ့် လူသားပဓာနဝါဒ ကျင့်သုံးသူ ဘာသာရေးကျင့်ဝတ် လိုက်နာသူတွေဆီမှာ မေတ္တာ ရပ်ခံတာကိုလည်း လက်တွဲပြီး ထောက်ခံကြမှာ သေချာပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ တိဗက်လူမျိူး တစ်ယောက်အနေနဲ့ ပြောနေတာတောင် မဟုတ်ပါဘူး။ (ကမ္ဘာ့နိုင်ငံရေးကို မလွဲသာ မရှောင်သာ သုံးသပ်နေရပေမယ့်) ကမ္ဘာနိုင်ငံရေး ကျွမ်းကျင်သူ တစ်ယောက် အနေနဲ့ ပြောနေတာလည်း မဟုတ်ပါဘူး။ လူသားတစ်ယောက် အနေနဲ့ပဲ ရိုးရိုးလေး ပြောနေတာပါ။ မဟာယာနဗုဒ္ဓဘာသာရဲ့ အခြေခံမူလည်းဖြစ် ကမ္ဘာ့ဘာသာကြီး အာလုံးတို့ရဲ့ အခြေခံမူလည်းဖြစ်တဲ့ လူသားအပေါ် တန်ဖိုးထားမှုတွေကို မြှင့်တင်ပေးသူတစ်ယေက် အနေနဲ့  ပြောနေတာ ဖြစ်ပါတယ်။ ဒီရှုထောင့်ကနေပြီး ပုဂ္ဂိုလ်ရေးအမြင်ကို မျှဝေလိုက်ပါတယ်။

၁။  ကမ္ဘာပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံး ကျင့်သုံးမယ့် လူသားပဓာန ဝါဒဟာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။

၂။  သနားကရုဏာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အချက်အချာကျတဲ့တရား ဖြစ်ပါတယ်။

၃။  ကမ္ဘာ့ဘာသာဝါဒ အားလုံးဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖြစ်ပြီးသားပါ။ ဘာလို့လဲဆိုတော့ စနစ်အားလုံးဟာ လူသားပဓာနဝါဒ ဖြစ်နေလို့ပါပဲ။

၄။  လူသားရဲ့ လိုအပ်ချက်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်အောင် ဒီ အဖွဲ့အစည်းတွေကို ပံ့ပိုးပုံဖော်ပေးရေးဟာ အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။


လူ့သဘောထားကို အသွင်ပြောင်းခြင်းဖြင့် လူ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း

ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ချို့ဟာ ဥပေက္ခာနဲ့ လက်ခံရင်ဆိုင်ရမယ့် သဘာဝကပ်ဆိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ နားလည်မှု လွှဲမှားလို့ ဖြစ်ပေါ်လာတဲ့၊ ပြင်လို့လည်းရနိုင်တဲ့၊ ကျွန်ုပ်တို့ကိုယ် တိုင်ဖန်တီးထားတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီပြဿနာမျိုးဟာ သဘောထားအမြင် ကွဲလွဲမှု၊ နိုင်ငံရေးအယူအဆ မတူမျှမှု၊ ဘာသာဝါဒ ခြားနားမှုတို့ကနေ ပေါ်ပေါက်လာပါတယ်။ အဲဒီအခါမှာ လူသားတွေဟာ အရေးမထားလောက်တဲ့ ရည်ရွယ်ချက်နဲ့ တိုက်ကြခိုက်ကြတော့တာပဲ။ ကမ္ဘာမှာ တည်ရှိနေတဲ့ မတူကွဲပြား ခြားနားတဲ့ ဘာသာဝါဒတွေ၊ သဘောထားတွေ၊ အမြင်အယူဆတွေ၊ နိုင်ငံရေးစနစ်တွေဟာ လူသားအားလုံး ပျော်ရွှင်ငြိမ်းချမ်းမှု ရရှိဖို့ ရည်ရွယ်တယ်ဆိုတဲ့ အချက်ကို သတိထားသင့်ပါတယ်။ ဒီ မူလပန်းတိုင်ကို မျက်ချေပြတ်လို့ မဖြစ်ပါဘူး။ ပြောခဲ့တဲ့ ကွဲလွဲမှုမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။ ရုပ်ဝတ္တုနဲ့ သဘောထားအမြင်ကို လူသားက အမြဲ လွှမ်းမိုးထားနိုင်ရပါမယ်။ လူသားတွေ ရင်ဆိုင်နေရတဲ့၊ တကယ်တမ်းပြောရရင် ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိအားလုံး ကြုံတွေနေရတဲ့၊ မယှဉ်သာအောင် ကြီးမားတဲ့ တစ်ခုတည်းသော အန္တရာယ်ကတော့ အဖျက်လုပ်ငန်း နျူကလီးယား ခြိမ်းခြောက်မှုပဲ ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို သရုပ်ဖော်ပြစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ အနာဂတ်ကို လက်ထဲမှာ တိုက်ရိုက်ဆုပ်ကိုင်ထားကြတဲ့၊ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ကြတဲ့ ခေါင်းဆောင်အားလုံးကို တောင်းဆိုချင်ပါတယ်။ ကြောက်စရာ ဒီလိုအဖျက်လက်နက်တွေ ဆက်လက် ဖန်တီးနေကြတဲ့ သိပ္ပံပညာရှင်တွေ၊ နည်းပညာရှင်တွေကို တောင်းဆိုချင်ပါတယ်။ သူတို့ ခေါင်းဆောင်တွေ အပေါ်မှာ သြဇာ သက်ရောက်နိုင်တဲ့ လူထုကြီး တစ်ရပ်လုံးကို တောင်းဆိုချင်ပါတယ်။ ဆင်ခြင်တုံတရား ရှိကြဖို့၊ နျူကလီးယားလက်နက် အားလုံးကို ရုတ်သိမ်း ဖျက်ဆီးပြစ်လိုက်ကြဖို့ တောင်းဆိုချင်ပါတယ်။ နျူကလီးယား စစ်ပွဲမှာ အောင်နိုင်သူရယ်လို့ ရှိမှာ မဟုတ်ပါဘူး။ ရှင်သန် ကျန်ရစ်သူရယ်လို့ ရှိမှာမှ မဟုတ်ဘဲ။

ကျွန်ုပ်တို့ကို ပျက်စီးစေမယ့် အကြောင်းတရား တွေ့ွနေရပြီပဲ။ အဲဒီ အကြောင်းတရားကို ဖယ်ရှားပစ်ဖို့ အချိန်ရှိပါသေးတယ်။ နည်းလမ်းလည်း သိနေတာပဲ။ လက်တွေ့ အကောင်အထည် ဖော်လိုက်တာက သဘာ၀ မကျဘူးလား။ ပြဿနာ တော်တော်များများကို မဖြေရှင်းနိုင်တာက အကြောင်းအရင်းကို မသိလို့ရင်လည်း ဖြစ်မယ်၊ သိရင်တောင်မှ အကြောင်းရင်းကို ဖယ်ရှားပစ်ဖို့ အချိန်မရတော့လို့ နည်းလမ်းမရှိတော့လိုပဲ ဖြစ်ပါတယ်။ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ်မှာတော့ ဒီလိုအခြေနေမျိုး မဟုတ်ပါဘူး။

လူသားတွေလို ဆင့်ကဲဖြစ်စဉ်မှာ တိုးတက် ဖွံဖြိုးနေတဲ့ သက်ရှိမျိုးစုဝင်တွေပဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်လို ရိုးရှင်းနိမ့်ကျတဲ့ သက်ရှိမျိုးစုဝင်တွေပဲ ဖြစ်ဖြစ် သက်ရှိသတ္တဝါ အားလုံးဟာ ငြိမ်းချမ်းမှု သက်တောင့်သက်သာရှိမှု လုံခြုံမှုတွေကို အဓိကထား ရှာဖွေ နေကြပါတယ်။

လူသားတိုင်း ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြ သလို စကားမပြောတတ်တဲ့ တိရစ္ဆာန်လည်း အသက်ကို တန်ဖိုး ထားတာပါပဲ။ အရိုးရှင်းဆုံး ပိုးပွားလေးတောင်မှ အသက်ကို ခြိမ်းခြောက်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ကြိုးစားရုန်းကန်တာပါပဲ။ ကျွနု်ပ်တို့အားလုံး အသက်ရှင်ချင်ကြသလို မသေချင်ကြသလိုပေါ့။ စကြဝဠာထဲမှာ ရှိကြတဲ့ သတ္တဝါ အားလုံးလည်း ထိုနည်း၎င်းပါပဲ။ သူတို့ရဲ့ တုံ့ပြန်မှု စွမ်းရည်ကတော့ ကွာတာပေါ့။

ခြုံပြောရရင် ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းတို့ နှစ်မျိုးစီ ရှိကြပါတယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းပေါ့။ နှစ်မျိုးစီရှိတဲ့ အထဲမှာ စိတ်ဆင်းရဲခြင်းနဲ့ စိတ်ချမ်းသာခြင်းတို့က ပိုပြီး အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဆင်းရဲဒုက္ခကို ခံနိုင်ရည် ရှိဖို့အရေး၊ အချိန်ကြာကြာ တည်တံ့နေမယ့် ချမ်းသာကို ရရှိရေးအတွက် စိတ်ကို လေ့ကျင့်ဖို့ အလေးပေး တိုက်တွန်းပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုနဲ့ ပက်သက်လို့ ယေဘုယျဆန်တဲ့ လက်တွေ့ကျတဲ့ အမြင်လည်း ရှိပါတယ်။ အဇ္ဈတ္တငြိမ်းချမ်းရေးပါ ပူးတွဲပါဝင်နေမှု၊ စီးပွားရေး တိုးတတ်မှု၊ ခြုံပြောရရင် ကမ္ဘာငြိမ်းချမ်းရေးပေါ့။ အဲဒီ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် ကမ္ဘာရဲ့ တာဝန်သိမှုကို ဖွံဖြိုးအောင်လုပ်ဖို့၊ ဘာသာဝါဒ အသားရောင် လိင် လူမျိုးရေးတွေ မခွဲခြားဘဲ အားလုံးအပေါ်မှာ နက်နက်နဲနဲ သဘောထားနိုင်မှုကို ဖွံဖြိုးအောင်လုပ်ဖို့ အရေးကြီးတယ်လို့ နားလည်ခံစားမိပါတယ်။

တစ်ကမ္ဘာလုံး တာဝန်ရှိမှု အယူအဆရဲ့ နောက်ခံအကြောင်း တရားက ရှင်းရှင်းလေးပါ။ အများ နားလည်အောင် ပြောပါမယ်။ တစ်ခြားသူ အားလုံးတို့ရဲ့ လိုအင်ဆန္ဒဟာ ကိုယ့်လိုအင်ဆန္ဒ အတိုင်းပါပဲ။ သက်ရှိအားလုံး ပျော်ရွှင်ချင်ကြပါတယ်။ မဆင်းရဲချင် ကြပါဘူး။ အသိဉာဏ်ရှိတဲ့ လူသားတွေ အနေနဲ့ ကျွနု်ပ်တို့က ဒီအချက်ကို လက်မခံနိုင်ကြဘူး ဆိုရင် ဒီကမ္ဘာမြေပေါ်မှာ ဆင်းရဲဒုက္ခတွေ ပိုပိုပြီး များပြားလာပါလိမ့်မယ်။ ဘဝရှင်သန်ရာမှာ အတ္တပဓာန ဝါဒကို ကျင်သုံးနေမယ်၊ ကိုယ့်အကျိုးစီးပွားအတွက် တစ်ဘက်သားကို အသုံးချဖို့ ကြိုးစားနေမယ်ဆိုရင် ယာယီအကျိုးအမြတ် ရရှိနိုင်ပေမယ့် ရေရှည်မှာတော့ တစ်ကိုယ်ရေ ပျော်ရွှင်မှုကိုတောင် အောင်မြင်ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတာ ကတော့ လုံး၀ ထည့်မစဉ်းစားနိုင်မယ့် အချက်ပါပဲ။

ငြိမ်းချမ်းမှု ရှာဖွေရာမှာ လူသားဟာ နည်းလမ်း မျိုးစုံကို အသုံးပြုခဲ့ကြပါပြီ။ ရက်စက်တဲ့နည်းလမ်း အော့ကြောလန်စရာ နည်းလမ်းတွေကို မကြာခဏ အသုံးပြုခဲ့ကြပါပြီ။ ကိုယ်ကျိုးစီးပွားအတွက် လုံး၀ လူသားမဆန်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ လူသားချင်း ညှင်းပန်းကြပါတယ်။ တစ်ခြား သက်ရှိ သတ္တဝါတွေကိုလည်း ဒုက္ခပေးကြပါတယ်။ နောက်ဆုံးမှာတော့ အမြင်ကျဉ်းမြောင်းတဲ့ အဲဒီလို လုပ်ရပ်တွေဟာ သူတစ်ပါးကို ဒုက္ခရောက်စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခရောက်စေတာပါပဲ။ လူသားအဖြစ် မွေးဖွားလာဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါ။ ရလာတဲ့ ဒီအခွင့်အရေးကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် အသုံးချခြင်းက အသိဉာဏ်ရှိရာ ရောက်ပါတယ်။ ကမ္ဘာ့သက်ရှိ ဖြစ်စဉ်အပေါ်မှာ သင့်တော်တဲ့အမြင် ထားရှိကြရပါမယ်။ တစ်ဘက်သားကို စတေးပြီး တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့ရဲ့ ပျော်ရွင်မှုနဲ့ ဂုဏ်ကျက်သရေကို မရှာဖွေသင့် ပါဘူး။ ကမ္ဘာ့ပြဿနာကို  ပုံစံအသစ်နဲ့ ချဉ်းကပ်ရာမှာ ဒါတွေအားလုံး လိုအပ်ပါတယ်။ အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်နေတဲ့ နည်းပညာရဲ့ အကျိုးဆက်၊ ကမ္ဘာ့ကုန်သွယ်မှု၊ ကမ္ဘာနှင့်အဝှန်း အပြန်အလှန် အဆက်အသွယ် တိုးပွားလာမှုတွေကြောင့် ကမ္ဘာကြီးဟာ ပိုလို့ပိုလို့ သေးငယ်လာပါပြီ။ အပြန်အလှန် မှီခိုမှုဟာလည်း ပိုပိုများလာပါပြီ။ ဒီနေ့ခေတ်မှာ အပြန်အလှန် မှီခိုမှု ပိုများပါတယ်။ ရှေးခေတ်ကဆိုရင် ပြဿနာအခက်အခဲ အများစုဟာ မိသားစု အဆင့်မှာဘဲ ကိုင်တွယ်ေဖြေရှင်းခဲ့ရပါတယ်။ ဒီနေ့တော့ အပြန်အလှန် မှီခိုမှု ပိုလာပါပြီ။ နီးကပ်တဲ့ အပြန်အလှန် ဆက်စပ်မှုလည်း တိုးလာပါပြီ။ ကမ္ဘာရဲ့ ပါဝင်ပတ်သက်မှု မပါဘဲ၊ ကမ္ဘာ့ညီအစ်ကို မောင်နှမစိတ်ဓာတ် မရှိဘဲ၊ တကယ်တော့ ကျွနု်ပ်တို့ဟာ ကြီးမားတဲ့ လူ့မိသားစုကြီးရဲ့ မိသားစုဝင်တွေ ဖြစ်ကြတယ်ဆိုတာ နားမလည် မယုံကြည်နိုင်ဘဲ လက်ရှိဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ အန္တရယ်ကို အနိုင်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းတဲ့ နေရာမှာ တစ်ဦး တစ်ယောက် တစ်သင်း တစ်ဖွဲ့တည်းနဲ့ မဖြစ်နိုင်တော့ ပါဘူး။

နိုင်ငံတစ်ခုရဲ့ ပြဿနာကို အဲဒီနိုင်ငံ တစ်ခုတည်းနဲ့ ကျေနပ်နိုင်လောက်တဲ့ အနေအထား ရောက်အောင် မဖြေရှင်းနိုင်တော့ပါဘူး။ တစ်ခြားနိုင်ငံတွေရဲ့ စိတ်ဝင်စားမှု သဘောထားအမြင်နဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ အပေါ်မှာ အများကြီး မှီတည်နေပါတယ်။ ကမ္ဘာ့ပြဿနာတွေကို တစ်ကမ္ဘာလုံးက လူသားချင်း စာနာမှုနဲ့ ချဉ်းကပ်ဖြေရှင်းမှသာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတစ်ခု ဖြစ်မယ့်ပုံ ပေါ်နေပါတယ်။ ဒါ ဘာကိုဆိုလိုသလဲ။ စောစောက ပြောခဲ့တဲ့ အချက်ပါပဲ။ သက်ရှိအားလုံးဟာ ချမ်းသာသုခကို လိုလားကြပါတယ်။ ဆင်းရဲဒုက္ခကို အလိုမရှိဘူး။ လူ့မိသားစု အဖွဲ့အဖြစ်နဲ့ ပတ်ဝန်းကျင်မှာ တည်ရှိနေကြသူ အားလုံးတို့ရဲ့ လိုအင်ဆန္ဒနဲ့ ခံစားချက်တွေကို မျက်ကွယ်ပြုပြီး တစ်ဦးတစ်ယောက်ရဲ့ ချမ်းသာပျော်ရွှင်ရေးကိုသာ လေ့လာလိုက်စားမယ် ဆိုရင် ကိုယ်ကျင့်သိက္ခာ အပိုင်းမှာ မှားယွင်းသလို လက်တွေ့သဘောတရား အပိုင်းမှာလည်း မိုက်မဲရာကျပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကြိုးပမ်းရင်း တစ်ပါးသူရဲ့ ပျော်ရွှင်မှုကိုပါ ထည့်သွင်းစဉ်းစားမှ ပိုပြီး ဆင်ခြင်တုံ ရှိရာ ရောက်ပါမယ်။ ဒါမှသာ “အသိဉာဏ်ပါတဲ့ ကိုယ်ကျိုးငဲ့ခြင်း”၊ “ညီမျှတဲ့ ကိုယ်ကျိုးငဲ့ခြင်း”၊ “အပေးအယူရှိတဲ့ ကိုယ်ကျိုးငဲ့ခြင်း” တွေဆီရောက်နိုင်ပါတယ်။

နိုင်ငံတွေ အကြားမှာ အပြန်အလှန် မှိခိုမှု တိုးပွားများပြား လာခြင်းက ကရုဏာ ပြည့်ဝတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ထွန်းစေနိုင် လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် တစ်ဘက်သားရဲ့ ခံစားချက်နဲ့ တစ်ဘက်သားရဲ့ ပျော်ရွှင်မှု အပေါ်မှာ သဘောထား မပြောင်းလဲနိုင်သေးသမျှ စစ်မှန်တဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် ရရှိဖို့ ခက်ခဲပါတယ်။ လူတွေဟာ အများအားဖြင့် အလိုရမ္မက်နဲ့ မနာလို ဝန်တိုမှုတိုရဲ့ လွှမ်းမိုးမှုကို ခံစားနေရတဲ့ အချိန်မှာ ဟန်ချက်ညီညီ နေထိုင်နိုင်ကြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အတ္တကို ဗဟိုပြုတဲ့ ချဉ်းကပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေးပြဿနာအားလုံးကို ဘာသာရေးအရ ချဉ်ကပ်နည်းက ဖြေရှင်းမပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီနည်းက ရေရည်မှာတော့ ဒီနေ့ ကြုံတွေနေရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြိုခွင်းနိုင်ပါလိမ့်မယ်။ တစ်ခုရှိတာက။

လူသားတွေက ပြဿနာကို ချဉ်းကပ်ရာမှာ လောလောဆယ် ပြေလည်မယ့် နည်းကိုသာ တော်သလို လျော်သလို စဉ်းစားမယ် ဆိုရင်တော့ အနာဂတ် မျိုးဆက်ဟာ ကြီးမားတဲ့ အခက်ခဲတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ကမ္ဘာ့လူဦးရေ တိုးတတ်နေပါတယ်။ သဘ၀ အရင်းအမြစ်တွေလည်း မြန်မြန်ကြီးကို ကုန်နေပါတယ်။ ဥပမာ သစ်ပင်တွေကို ကြည့်ပါ။ အကြီးအကျယ် သစ်တောပြုန်းတီးမှုက ရာသီဥတု မြေဆီလွှာ ခြုံပြောရရင် သက်ရှိနှင့် သက်မဲ့တို့ရဲ့ ဆက်နွယ်မှုက ဂေဟဗေဒကို ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေနိုင်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိပါဘူး။ လူ့မိသားစု တစ်ခုလုံးကို ထည့်မစဉ်းစားဘဲ ရေတိုကိုယ့်ကျိုးစီးပွားကိုသာ အာရုံစိုက်နေကြလို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကမ္ဘာကိုထည့် မစဉ်းစားကြပါဘူး။ ခြုံပြောရရင် ကမ္ဘာ့သက်ရှိ သတ္တဝါ အပေါ်မှာ သက်ရောက်မဲ့ ရေရှည်ရလဒ်ကို ထည့်မစဉ်းစားကြပါဘူး။ ဒါတွေကို ကျွနု်ပ်တို့ လက်ရှိမျိုးဆက်က ထည့်မစဉ်းစားဘူးဆိုရင် အနာဂတ် မျိုးဆက်ဟာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး။


ဆက်ရန် . . . . .


:)
ရှင်အာစာရ

Dalai Lama၏ “A Human Approach to World Peace”ကို မြန်မာဘာသာပြန်ဆိုပါသည်။
Ref: (20 May 2011):
http://www.dalailama.com/messages/world-peace/a-human-approach-to-peace
 
Picture from (20 May 2011):
http://www.theartsdesk.com/index.php?option=com_k2&view=item&id=1552:picasso-peace-freedom-tate-art-review&Itemid=27 

No comments:

Post a Comment