Tuesday, May 24, 2011

A Personal Experience (Part 2) - ကိုယ်တွေ့ဖြစ်ရပ်တစ်ခု (အပိုင်း ၂)


ပထမပိုင်းက သီလ၊ အကုသိုလ်မှုကို ရှောင်ကြဉ်ပါတဲ့။ တစ်ချို့ ဘာသာရေး ဆရာတွေက အကုသိုလ်လုပ်ရင် ငရဲကျလိမ့်မယ်၊ အကုသိုလ်ကို ရှောင်ရင် ကောင်းကင်ဘုံ လားရလိမ့်မယ်လို့ လူတွေကို သင်ပြဟောပြောပေးတယ်။ ဟုတ်ကဲ့။ အဲဒါမှန်ပါတယ်။ ဒါပေမယ့် “နောက်ဘဝကို ဘယ်သူ အရေးစိုက်သလဲ။ ငရဲက ဘယ်မှာလဲ။ ကောင်းကင်ဘုံက ဘယ်မှာလဲ။ ခုဘဝ ပျော်ရွှင်ခံစားနေရရင် ကောင်းတာပဲ။”ဆိုပြီး အဲဒီ ဟောပြောမှုကို ပျက်ရယ်ပြုတတ်ကြပါတယ်။

နောက်ပြီး တစ်ခြား ဆွေးနွေးမှုတစ်ခု ရှိသေးတယ်။ လူဆိုတာ လူမှုရေး သတ္တဝါပဲ။ အဖွဲ့အစည်းနဲ့ နေရတယ်။ မိသားစုဝင်တွေနဲ့ နေရတယ်။ တစ်ခြားသူတွေနဲ့ ဆက်ဆံနေရတယ်။ ရသေ့ ရဟန်း သူတော်စင် သီလရှင်တွေတောင်မှ လူသားအဖွဲ့အစည်းနဲ့ ဆက်စပ်ပတ်သက် နေရသေးတယ်။ လူအဖွဲ့အစည်းရဲ့ ငြိမ်းချမ်းမှု ညီညွတ်မျှတမှုကို နှောင့်ယှက်ခဲ့ရင် ကိုယ်တိုင်လည်း ငြိမ်းချမ်းမှု ညီညွတ်မျှတမှု ရနိုင်ပါမလား။

“ဟုတ်တယ်။ ကိုယ့်အနီးအနားမှာ မီးမွှေးလိုက်ရင် အဲဒီ မီးပူတာကို ခံရမှာပဲ။ ကိုယ်မွှေးခဲ့တဲ့ ကိုယ့်ပတ်ဝန်းကျင်က မီးအပူကို ကိုယ်ပဲ ခံစားရမယ်”ဆိုပြီး စဉ်းစဉ်းစားစား လက်ခံနိုင်ပါလိမ့်မယ်။

နောက်တစ်မျိုး ကလေးတွေကို ရှင်းပြလေ့ ရှိသေးတယ်။

“တစ်ယောက်ယောက်က မင့်ကို သတ်မယ် ဒါမှမဟုတ် ထိခိုက်နာကျင်စေမယ်ဆိုရင် မင်းကြိုက်မလား”

“ဟင့်အင်း မကြိုက်ပါဘူး။”

“ဒါဆို မင်းက သူတစ်ပါးကို ရိုက်မယ်နှက်မယ် သတ်ဖြတ်ဖို့ ကြိုးစားမယ်ဆိုရင် သူတစ်ပါကလည်း ကြိုက်မှာ မဟုတ်ဘူးနော်။”

“မကြိုက်ဘူး။ သူလည်း ဘယ်ကြိုက်မှာတုန်း။”

“ဒါဆို သူတစ်ပါးက မင်းအပေါ် ပြုမူလာမယ့် မင်းမကြိုက်တဲ့ဟာမျိုး မင်းလည်း မလုပ်သင့်ဘူးပေါ့။”

“ဟုတ်တယ်။ ကျွန်တော် သတ်တာဖြတ်တာ မလုပ်သင့်ဘူး။ ခင်ဗျား မှန်ပါတယ်။”

ကိုယ်ကျင့်သီလအတွက် အလားတူ သဘောထားတွေ တင်ပြကြပါတယ်။

ငါးပါးသီလ အကုန်လုံးဟာ ယုတ္တိယုတ္တာနဲ့ ကြည့်လို့ပဲဖြစ်ဖြစ်၊ ကျိုးကြောင်း ဆင်ခြင်လို့ပဲဖြစ်ဖြစ်၊ အသိဉာဏ်နဲ့ ဆင်ခြင်လို့ပဲဖြစ်ဖြစ် တကယ် လက်ခံနိုင်လောက်ပါတယ်။ ဒါပေမယ့် လူတွေက သီလရှိတဲ့ဘဝကို မမွေးမြူကြဘူး။

“ငါဟာ သီလရှိတဲ့ဘဝကို မွေးမြူရမယ်။ သီလဆိုတာ ငါ့တွက် အလွန် အရေးကြီးတယ်။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဘဝဟာ ငါအတွက် အလွန်ကောင်းတယ်။ သူတစ်ပါး အတွက်လည်း တကယ် ကောင်းတာပဲ”လို့ နားလည်တဲ့ သူတွေတောင်မှ ကိုယ်ကျင့်သီလ မရှိကြဘူး။ ဘာကြောင့်လဲ။

ဗုဒ္ဓဘုရားရှင်က ဒါကို ကောင်းကောင်း နားလည်ပါတယ်။ ဘာကြောင့်လဲ။ စိတ်ကို မထိန်း ချုပ်နိုင်လို့ပေါ့။ ကိုယ့်စိတ်ကိုယ် မစိုးပိုင် နိုင်လို့ပေါ့။ အရက်စွဲနေတဲ့ လူတစ်ယောက်ဟာ “ငါ အရက်မသောက်သင့်ဘူး။ ငါ့အတွက် အရက်ဟာ မကောင်းဘူး”လို့ ကောင်းကောင်း သိတာပေါ့။ ဒါပေမယ့် အချိန်တန်လာရင် သူ မနေနိုင်တော့ဘူး။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။

လောင်းကစား စွဲတဲ့သူတစ်ယောက်ဟာ “ငါ လောင်းကစား မလုပ်သင့်ဘူး။ ငါ့အတွက် လောင်းကစားဟာ မကောင်းဘူး”လို့ တကယ် သိပါတယ်။ ဒါပေမယ့် အချိန်တန်ရင် လောင်းကစား လုပ်တော့တာပဲ။

မကောင်းမှုလုပ်တာ မသင့်တော်မှန်း သိရက်နဲ့ကိုပဲ မကောင်းမှုကို ဆက်လုပ်နေကြတာပါ။ ဒါ ဘာကြောင့်လဲဆိုရင် စိတ်ကို မအုပ်စိုးနိုင်လို့ပါ။ ကိုယ်ကိုယ်တိုင်ပဲ ကိုယ်ပြုတဲ့ မကောင်းမှု အလေ့အကျင့်တွေရဲ့ ကျေးကျွန်ဖြစ်လာပါတယ်။

ဒါ့ကြောင့် ဘုရားရှင်က ဒုတိယအဆင့်ဖြစ်တဲ့ စိတ်ကိုအုပ်စိုးခြင်း “သမာဓိ”ကို ဟောညွှန်ခဲ့ တာပါ။

နောက်တစ်ခု၊ ဗုဒ္ဓရဲ့ သမာဓိဟာ တစ်ခြား ဆရာတွေ သွန်သင်တဲ့ သမာဓိနဲ့ ကွဲပြားခြားနား ပါတယ်။ ဗုဒ္ဓဟာ သမ္မာသမာဓိကို ဟောညွှန်ခဲ့ပါတယ်။ ကောင်းပြီ။ တစ်ဦးတစ်ယောက်ဟာ သမာဓိအကျင့်ကို လေ့ကျင့်ထားပါပြီ၊ စိတ်ကို ထိန်းချုပ်နိုင်ပါပြီ၊ သီလရှိတဲ့ဘဝကို မွေးမြူနိုင်ပါပြီ၊ သူတစ်ပါးရဲ့ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှုကို နှောင့်ယှက်တဲ့ မကောင်းတာမှန်သမျှ မလုပ်ပါဘူး၊ သမာဓိကို ထူထောင်ပြီးပါပြီတဲ့။ ဒါပေမယ့် စိတ်ရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်း တစ်နေရာမှာ (စိတ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ငြိမ်နေတဲ့ ကိလေသာမီးတောင်) အနုသယကိလေသာ ရှိနေသေးတယ်ဆိုရင် ငြိမ်နေတဲ့ ကိလေသာမီးတောင်ဟာ ဘယ်အချိန်မှာ ထပြီး ပေါက်ကွဲမယ်ဆိုတာ မသိနိုင်ပါဘူး။ ကိလေသာရဲ့ လွှမ်းမိုးဖိစီးမှုကို တစ်ဖန်ခံရပါလိမ့်ဦးမယ်။ မှားယွင်းတဲ့ ဘဝကို ပြန်စမိပါလိမ့်မယ်။ ဒီအချက်ကို ဂေါတမဘုရား အလောင်းတော် နားလည်းခဲ့တာပေါ့။

အလောင်းတော်ဟာ လောကီဈာန်သမာပတ် ရှစ်ပါးကို ကျင့်ကြံပွားများ ခဲ့တာပဲ။ လောကီဈာန်တွေ ရပေမယ့် စိတ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ကိန်းဝပ်နေတဲ့ ကိလေသာတွေကို မပယ်နှုတ်ရသေးဘူးဆိုတာ သူ သဘောပေါက်ခဲ့ပါတယ်။ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဒီကိလေသာတွေကို မပယ်ဖျက်သေးရင် လွတ်မြောက်သူ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘုရားလောင်းဟာ တတိယအဆင့်ဖြစ်တဲ့ စိတ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာက ကိလေသာကို သုတ်သင်ခြင်း၊ ထိုးထွင်းသိမြင်မှု၊ အသိဉာဏ်၊ ပညာအတွက် ဆက်လက် ကျင့်ကြံတော် မူခဲ့ပါတယ်။ အိန္ဒိယရဲ့ ဘာသာရေး မျိုးစုံကို ဖော်ပြတဲ့ ကျယ်ပြန့်တဲ့ ရုပ်ပုံလွှာ ပန်းချီးကားချပ်ကြီး ကျွန်တော်တို့မှာ ရှိပါတယ်။

နောက်ပြီး “တဏှာရမ္မက်ကို စွန့်လွှတ်ကြ။ အမျက်ဒေါသကို စွန့်ပယ်ကြ။ ကာမဂုဏ် မခံစားကြနဲ့။ ရုပ်ဝတ္ထုပစ္စည်းအပေါ်မှာ အာဃာတအစွဲ မထားကြနဲ့”ဆိုပြီး တစ်သံတည်း ကြွေးကြော်တဲ့ ဆရာများစွာကိုလည်း ကျွန်တော်တို့ သိမြင်နေကြတာပဲ။ ဒါပေမယ့် ဒီကိစ္စကို နက်နက်နဲနဲ လုပ်ကြည့်ကြတဲ့အခါ ဗုဒ္ဓရှင်တော်မြတ် ဟောကြား ဖြန့်ဖြူးခဲ့တဲ့ အချက်ဟာ ထူးခြားပြောင်မြောက် နေတာကို တွေ့ရပါတယ်။ ဗုဒ္ဓလောက် နက်နဲတဲ့ အဆင့်ထိ ဘယ်ဆရာမှ မရောက်နိုင်ခဲ့ ပါဘူး။ ဗုဒ္ဓ ဟောညွှန်ပြသခဲ့တဲ့ လမ်းဟာ လူတိုင်းကို အဲဒီ နက်နဲမှုဆီ အရောက် ပို့ပေးပါတယ်။

တစ်ဦးတစ်ယောက်ဟာ အပေါ်ယံ အဆင့်မှာတော့ စိတ်ကို သန့်စင်နိုင်ပါတယ်။ ဒီထက် နည်းနည်း ပိုကောင်း ပိုပါလိမ့်မယ်။ ဒါပေမယ့် စိတ်ကို အနက်နဲဆုံး အဆင့်အထိ အမြစ်ပြတ် သန့်ရှင်းစင်ကြယ်ဖို့ နည်းလမ်းမှာတော့ လစ်ဟာမှု ရှိနေပါသေးတယ်။ အနုသယကိလေသာ အမြစ်ဖြတ်တဲ့ နည်းလမ်းကို ဗုဒ္ဓရှင်တော်မြတ် ဖော်ထုတ်ခဲ့ပါတယ်။

ကိလေသာတွေကို အမြစ်ကနေ ဖြတ်ထုတ်ပစ်ရပါမယ်။ ဒီ သင်္ခါရတရားတွေ ရှိနေသရွေ့ ပဋိစ္စသမုပ္ပါဒ်မှာ ပြထားတဲ့အတိုင်း တဏှာ ဥပါဒါန် ဘဝ-ဆိုတာတွေဟာ တစ်ဘဝပြီး တစ်ဘဝ ဆက်ဖြစ်နေဦးမှာပါ။ သတ္တဝါဟာ ဒုက္ခထဲမှာ လိမ့်နေရပါတယ်။ ဒုက္ခသံသရာ လည်နေရပါတယ်။ ဒုက္ခကနေ မလွတ်မြောက်နိုင် ပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက်ဟာ အထက်သံသရာဖြစ်တဲ့ ဗြဟ္မာ့ဘုံဘဝ ရူပလောက အရူပလောကတွေမှာ ဖြစ်ချင်ဖြစ်မယ်။ အဲဒီ သတ္တဝါဟာ ဒုက္ခသံသရာမှာပဲ ရှင်သန်နေဆဲပါ။ အနုသယ ကိလေသာတွေဟာ ဘဝမျိုးစေ့များ ဖြစ်ကြပါတယ်။ ဒီ သင်္ခါရတွေက တစ်ဘဝပြီးတစ်ဘဝ၊ တစ်ဘဝပြီး တစ်ဘဝ၊ ဘဝအဆက်ဆက် ဖြစ်ပေါ်စေပါတယ်။ အနုသယ ကိလေသာကို အမြစ်မဖြတ်နိုင်သေးသမျှ ဒုက္ခက မလွတ်မြောက်နိုင်သေးပါဘူး။

ဓမ္မဆိုတာဟာ ပြည့်စုံတဲ့ ပရိပုဏ္ဏ လုံးဝပြည့်စုံတဲ့ ကေဝလပရိပုဏ္ဏ ဖြစ်တယ်လို့ ဗုဒ္ဓ ဟောတော်မူ ခဲ့ပါတယ်။ ဓမ္မမှာ တစ်ခြား ဘာမှ ဖြည့်စွက်စရာ မရှိပါဘူး။ ဓမ္မထဲမှာ သဘောတရား အားလုံး ပါဝင်နေပါတယ်။ လိုနေတာရယ်လို့ မရှိပါဘူး။ သီလ သမာဓိ ပညာဆိုတဲ့ ဒီသုံးမျိုးထဲမှာ ဘာမှ လစ်ဟာမနေပါဘူး။ ဓမ္မဟာ ဘာမှ သန့်စင်ပယ်ထုတ်စရာ မလိုအောင် စင်ကြယ်တဲ့ ပရိသုဒ္ဓတရား ဖြစ်ပါတယ်။ ဘာမှ ပယ်ထုတ်ပစ်စရာ မရှိပါဘူး။ တစ်ခြား ဘာမှ ထပ်ဖြည့်စရာလည်း မလိုပါဘူး။ တရားတော်ဟာ ပြည့်စုံပါတယ်၊ သန့်ရှင်းပါတယ်။ ကေဝလပရိပုဏ္ဏ၊ ပရိသုဒ္ဓ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ နည်းစနစ် ဝိပဿနာဟာ ကမ္ဘာအနှံ့ ခရီးဆန့်နေပြီဆိုတာ ဒီနေ့ ကျွန်တော်တို့ သိမြင် နေရပါတယ်။ ဉာဏ်ကြီးရှင်တွေ သိပ္ပံပညာရှင်တွေ အဂျင်္င်နီယာတွေ စိတ်ပညာရှင်တွေ အားလုံးဟာ ဝိပဿနာကို လေ့လာခဲ့ကြပါပြီ။ ကိုယ်တွေ့ ကြုံခဲ့ကြပါပြီ။

ဗုဒ္ဓဘာသာများ အပါအဝင် ဟိန္ဒူ မွတ်ဆလင် ခရစ်ယန် ဂျိန်း ဂျူး ပါဆစ်-အစရှိတဲ့ ဘာသာဝါဒ အမျိုးစုံက ပုဂ္ဂိုလ်တွေဟာ ဝိပဿနာသင်တန်း တက်ရောက်ကြပါတယ်။ အစဉ်အလာအားဖြင့် ဗုဒ္ဓကိုဆန့်ကျင်တဲ့ အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေတောင်မှ ဝိပဿနာသင်တန်း ရောက်တဲ့ အခါ လက်ခံနိုင်ကြပါတယ်။

ဒါဟာ ဗုဒ္ဓတရားတော်ရဲ့ အလှတရားပဲ ဖြစ်ပါတယ်။ ဝိပဿနာဟာ ရိုးရှင်းပါတယ်။ လက်တွေ့ကျပါတယ်။ ကျယ်ဝန်းပါတယ်။ အားလုံး လက်ခံနိုင်ပါတယ်။ သီလ သမာဓိ ပညာကို ကျင့်သုံးလိုက်ရုံပါပဲ။ လုံလောက်ပါပြီ။

ဖယ်ထုတ်စရာ မရှိအောင် သန့်ရှင်းပါတယ်။ သီလထဲမှာ ဘာမှားနေတယ်ရယ်လို့ ဘယ်သူမှ မညွှန်ပြနိုင်ပါဘူး။ သမာဓိအရာမှာ ဘာမှားနေတယ်ရယ်လို့ ဘယ်သူမှ ထောက်မပြနိုင်ပါဘူး။ ပညာနဲ့ ပတ်သက်လို့ ဘာမှားနေတယ်ရယ်လို့ ဘယ်သူမှ လက်ညှိုးထိုး မပြနိုင်ပါဘူး။

ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရဖြစ်တဲ့ သီလ သမာဓိ ပညာကို လူတိုင်း လက်ခံနိုင်ပါတယ်။ ဒါ ဘာကြောင့်လဲဆိုရင် ဘာသာတရား အားလုံးဟာ စိတ်ကို စင်ကြယ်အောင် ထားနိုင်ဖို့ ဦးတည်တဲ့ အနှစ် သာရ အဆီအနှစ် ရှိကြလို့ပါပဲ။

ဘာသာတရားတိုင်းမှာ အသွင်အပြင် ပွဲသဘင် ဓလေ့ထုံးတမ်း ရိုးရာအစဉ်အလာ-စတဲ့ အပေါ်ယံလွှာ အကာတွေ ရှိပါတယ်။ အနှစ်သာရကိုသာ ဦးစားပေးမယ်ဆိုရင် အပေါ်ယံ အသွင်အပြင်မှာ ဘာသာတရား တစ်ခုနဲ့တစ်ခု ကွဲပြားခြားနား နေဦးတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အပေါ်ယံ အကာကို အလေးထားတဲ့ အခါမှာတော့ အတွင်းအနှစ်သာရ ပျောက်ဆုံးသွားပြီး ဘာသာတရားဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှုကို ဖန်တီး မပေးနိုင်တော့ပါဘူး။

ဗုဒ္ဓရဲ့ သွန်သင်မှုက အတွင်း အနှစ်သာရနှင့်အညီ ရပ်တည် ရှင်သန်ဖို့ အထောက်အပံ့ ပေးပါတယ်။ လက်ငင်း အကျိုးပေးပါတယ်။

ကျွန်တော်ဟာ ဆရာသမား ညွှန်ပြတဲ့အတိုင်း ဗုဒ္ဓတရားတော်တွေကို စတင်ဖတ်ရှု လေ့လာမိအောင်အထိ ဝိပဿနာ ကျင့်သုံးခြင်းရဲ့ အကျိုးကို ရရှိခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်က “ဘုရားရှင်ဟာ ငါတို့ရဲ့ ထုံးတမ်းစဉ်လာထဲက ကောင်းတာတွေကို သူ့တရားထဲ ထည့်သွင်းခဲ့တယ်။ အဲဒီ တရားထဲမှာ မာယာတွေ ထပ်ဖြည့်ပြန်တယ်”လို့ သင်ပြပေးတာ ခံခဲ့ရပါတယ်။

ဗုဒ္ဓတရားတော်ဟာ အလွန် အကျိုးရှိတယ်လို့ သိတဲ့အချိန်ကစပြီး ကျွန်တော်ဟာ အမှန်တရားနဲ့ ပတ်သက် လို့ ဒီအခြေအနေအထိ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓစကားတော် (တိပိဋက)ကို ဖတ်ရှုရတာ အလွန် ပျော်စရာ ကောင်းပါတယ်။ ပြန်ကြည့်လိုက်တော့ ကျွန်တော် ငယ်ဘဝက သိခဲ့ရတာတွေ မှားလိုက်ပုံများ။

သစ္စာတရားနဲ့ ပတ်သက်လို့ ဗုဒ္ဓရှင်တော်မြတ်က တကယ် ကိုယ်တိုင် တွေ့ကြုံရတာကို ဘယ်လို အလေး ပေးတယ် ဆိုတာ ကျွန်တော် သိမြင်လာခဲ့ရတယ်။ ပိဋကတ်တော်ဟာ အားတက်အောင် လှုံ့ဆော်ပေးပါတယ်။ ပိဋကတ်တော်မှာ ပါဝင်တဲ့ ဒီလိုအံ့ဩစရာ မြတ်ဗုဒ္ဓရဲ့ ဓမ္မကာယတော်ကို ကျွန်တော်တို့ သိမြင်ရပါတယ်။

ဘုရားရှင်ဟာ လူတွေကို တရားဟောတဲ့အခါ “သင့်တို့ကို ငါရဲ့ တပည့်သာဝကများ ဖြစ်လာအောင် လုပ်ဖို့ ငါစိတ်မကူးဘူး သင်တို့ကို သင်တို့ ဆရာဟောင်း တွေဆီကနေ ဆွဲယူဖို့ ငါ မကြိုးစားချင်ဘူး။ ဒုက္ဓက လွတ်မြောက်ဖို့ နည်းလမ်း ငါတွေ့ထားပြီ။ စမ်းသပ်ကြည့်စမ်းပါ”လို့ မိန့်တော်မူခဲ့ပါတယ်။

တစ်ခါမှာတော့ သဒ္ဓမ္မကို သံသယဝင်ကြတဲ့ ရသေ့ရဟန်းတွေကို ခုနစ်ရက်ပဲ အစမ်း လေ့ကျင့်ကြည့်ကြဖို့ တိုက်တွန်းတော် မူခဲ့ပါတယ်။ တကယ်လို့ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာလို့ ဆိုလာကြတဲ့ ကမ္ဘာ့လူသားတွေ ပိုမိုများပြားလာရင် သူတို့ ဘာအကျိုး ရမလဲ။ အေးလေ . . . သူတို့က သီလ သမာဓိ ပညာကို စတင် ကျင့်သုံးကြပြီဆိုရင်ပေါ့။ ဟုတ်တယ်။ ဗုဒ္ဓတရားတော်ရဲ့ အကျိုးကျေးဇူးကို သူတို့ သေချာပေါက် ရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ နာမည်ခံပေမယ့် သီလကို မကျင့်ဘူး၊ သမာဓိလည်း မထူထောင်ဘူး၊ ပညာကိုလည်း မတိုးပွားစေဘူး ဆိုရင်တော့ ဗုဒ္ဓတရားတော်ရဲ့ အကျိုးကျေးဇူးကို ဘယ်လိုရလိမ့် မလဲ။ သူ့တပည့် သာဝကတွေရဲ့ နာမည်ကို ပြောင်းလဲပစ်ဖို့ ဘုရားရှင် စိတ်မဝင်စားခဲ့ဘူး။ မောဂ္ဂလာန်ဆိုတဲ့နာမည်ဟာ မောဂ္ဂလာန်လို့ပဲ့ ဆက်လက်တည်ရှိခဲ့တယ်။ အဲဒီ နာမည်ဟာ ဗြဟ္မဏ အမည်ပဲ။ သီးခြား ဗြဟ္မဏအနွယ်တစ်ခုရဲ့ အမည်ပါ။ ကစ္စာနကိုလည်း ကစ္စာနလို့ပဲ ဆက်ခေါ်ခဲ့တယ်။ ဘာရဒွါဇကိုလည်း ဘာရဒွါဇလို့ပဲ ဆက်ခေါ်ခဲ့တယ်။ ကစ္စာန၊ ဘာရဒွါဇ-ဆိုတာတွေဟာ ဗြဟ္မဏအနွယ်တွေရဲ့ နာမည်ပဲ။

ဗုဒ္ဓတရားတော်ဟာ အလွန်ပဲ ရိုးရှင်းပါတယ်။ လေးနက်မှုလည်း ရှိပါတယ်။ ဒါပေမယ့် ဓမ္မကို တကယ်ကျင့်ဖို့ ဆိုရင်တော့ တကယ်ကြိုးစား ရမယ်။ “အလွန် လွယ်ပါတယ်။ ဒါပေမယ့် တကယ်ခက်တယ်”လို့ ကျွန်တော့်ဆရာကြီး ပြောလေ့ရှိတယ်။

တရားတော်ကို နာယူတာ ဒါမှမဟုတ် ကျမ်းစာကို ဖတ်ရှုတာဟာ အလွန် ကောင်းမွန်ပါတယ်။ ကာလေန ဓမ္မဿဝနံ-တဲ့။ တရားဆွေးနွေးတာ ကောင်းမြတ်ပါတယ်။ ကာလေန ဓမ္မသာကစ္ဆာ-တဲ့။ ဒါပေမယ့် ဆွေးနွေးနေရုံ၊ ငြင်းခုံနေရုံနဲ့ ဓမ္မကို လက်တွေ့ မကျင်ဘူး ဆိုရင်တော့ အလုပ် မဖြစ်ပါဘူး။ ဓမ္မလမ်းကြောင်းပေါ် တကယ် စတင်ခြေချရပါမယ်။ တရားလမ်းကြောင်းပေါ် မလျှောက်လှမ်းရင်တော့ တရားရဲ့ ကျေးဇူးကို မရနိုင်ပါဘူး။

ဘုရားရှင်ဟာ အားလုံးအတွက် အသုံးဝင်တဲ့ သဘာဝဥပဒေသ ယေဘုယျသဘာဝ ဥပဒေသဖြစ်တဲ့ ဓမ္မကို ဟောညွှန် သင်ပြခဲ့ပါတယ်။ ဗုဒ္ဓဟာ ရိုးရှင်းတဲ့ဘာသာစကား သိလွယ်တဲ့ နည်းလမ်းနဲ့ သင်ပြပေးခဲ့ပါတယ်။

ကျွန်တော်တို့က ဓမ္မကို လက်တွေ့ မကျင့်ဘဲ ယုံကြည်မှုဒသဿနအဖြစ် ပြောင်းလဲလိုက်တဲ့ အခါ “မင့် ယုံကြည်မှုက မှားတယ်။ ငါ့ ယုံကြည်မှုက မှန်တယ်။ မင့် ယုံကြည်မှုက မမှန်ဘူး။ ငါ့ ယုံကြည်မှုကမှ အစစ်အမှန်”ဆိုပြီး တိုက်ခိုက်ထိုးနှက်မှု စတော့တာပဲ။ ကျွန်တော်တို့ ဘာအကျိုး ရသလဲ။ ကျွန်တော့် ယုံကြည်မှုက မှန်နေ ကောင်းနေဦးတော့ ကျွန်တော် လက်တွေ့ မကျင့်သုံးဘူး ဆိုရင် အဲဒီ ယုံကြည်မှုက ဘာအသုံးကျမှာလဲ။

ကျွန်တော် မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ တရားဓမ္မထွန်းကားတဲ့ ဒီနိုင်ငံမှာ မွေးဖွားရတာကို ကျေနပ်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒီနိုင်ငံမှာ လူဦးရေ ရှစ်ဆယ်ရာခိုင်နှုန်းကျော်က ခန္ဓာထဲမှာ ထာဝရဝိဉာဉ် မရှိဘူးလို့ ယုံကြည်ကြပါတယ်။ သူတို့ဟာ ဒီကမ္ဘာကို ဖန်ဆင်းတဲ့ အနန္တစွမ်းအားရှင် ထာဝရဘုရားကို မယုံကြည်ကြ ပါဘူး။

အရင်က ကျွန်တော်ဟာ ဆယ်စုနှစ် သုံးခုကျော်အောင်ပဲ ဒီနိုင်ငံမှာနေပြီး ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိတဲ့ လူဦးရေက ခန္ဓာထဲမှာ ထာဝရဝိဉာဉ် ရှိတယ်လို့ လက်ခံတဲ့ နိုင်ငံတွေဆီ ခရီးလှည့်ခဲ့ပါတယ်။ သူတို့က အနန္တစွမ်းအားရှင် ထာဝရဘုရားကို ကမ္ဘာကို ဖန်ဆင်းသူအဖြစ် ယုံကြည်ကြပါတယ်။ ထာဝရဝိဉာဉ် ရှိတယ်၊ မရှိဘူးဆိုတဲ့ ငြင်းခုံမှုတွေ မြောက်များစွာ ရှိနိုင်ပါတယ်။

အနန္တတန်ခိုးရှင် ထာဝရဘုရား ရှိမရှိနဲ့ ပတ်သက်လို့လည်း အလားတူပဲ အငြင်းပွား နိုင်ပါတယ်။ ဒီလို အပြန်အလှန် ငြင်းခုံမှုတွေဟာ သိပ်ပြီး ကျေးဇူး မများပါဘူး။ ဓမ္မကို ကျင့်သုံးတဲ့အခါမှာ သဘာဝဓမ္မအားလုံးဟာ ဘာမှ မဟုတ်ပါလား၊ ရုပ်နဲ့နာမ်တို့ရဲ့ ဆက်နွှယ်မှုမျှသာ ပါလားလို့ ကိုယ်တိုင် တွေ့ကြုံနားလည် လာရပါတယ်။

အပေါ်ယံအလွှာမှာတော့ တကယ့် အစိုင်အခဲသဘော ဒြပ်သဘော တည်တံ့မှုသဘောလို့ ထင်ရပါတယ်။ ဒါဟာ ပညတ်ပါ။ အထင်အမြင်ပါ။ ဗုဒ္ဓရဲ့ သွန်သင်မှုဟာ ပညတ်ကို စွန့်ခွာခြင်း ဖြစ်ပါတယ်။ အဆုံးစွန်ဖြစ်တဲ့ အမှန်တရား ပရမတ္ထဆီ ဦးတည်တာ ထင်ရှားပါတယ်။ ပရမတ္ထသစ္စာအထိ ဆိုက်ရောက်ဖို့အတွက် အပေါ်ယံအလွှာကို ကျော်လွန်ဖို့ လိုပါတယ်။ ဝိပဿနာဆိုတာ ဒါပါပဲ။ ပညတ္တိံ ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ-ပညတ်ကို ကျော်ကြည့်ခြင်းဟာ ဝိပဿနာ ဖြစ်ပါတယ်တဲ့။

ခန္ဓာကိုယ်ထဲ ရှုမှတ်ကြည့်တဲ့အခါမှာ ရုပ်နဲ့နာမ် ပေါင်းစပ်မှု အတွင်းမှာ ရှိနေတဲ့ အရာအားလုံးဟာ မတည် မြဲခြင်း အနိစ္စ ဖြစ်တယ်လို့ နားလည်လာပါတယ်။ အရာအရာဟာ ပြောင်းလဲ နေပါတယ်။ ပြောင်းလဲနေတဲ့ အရာတွေဟာ တည်မြဲတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုရဲ့ အကြောင်းရင်း မဖြစ်နိုင်ပါဘူး။ တွေ့ကြုံခံစားရတဲ့ ပျော်ရွှင်ငြိမ်းချမ်းမှုဟာ အနှေးနဲ့အမြန်သာ ကွာမယ်၊ မပျော်ရွှင် မငြိမ်းချမ်းခြင်းအဖြစ် ပြောင်းလဲ လိမ့်မယ်လို့ နားလည်လာပါတယ်။ မပျော်ရွှင်မှုဟာ ယာယီပျော်ရွှင်မှုကနေ ဖြစ်လာတာပါ။

ဓမ္မလမ်းကြောင်းကို ဆက်လျှောက်တဲ့အခါ “ယံကိဥ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိံ”-ဆိုတဲ့အတိုင်း ရုပ်နာမ်ဖွဲ့စည်းမှုမှာ ပါဝင်တဲ့ အတွေ့အကြုံ မှန်သမျှမှာ ဒုက္ခသဘော ပါဝင်နေတယ်ဆိုတာ နားလည်လာပါတယ်။


အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
:)
ရှင်အာစာရ

Ref (10 May 2011):
http://www.vridhamma.org/en2004-13
http://www.mail-archive.com/mabindo@yahoogroups.com/msg00038.html

No comments:

Post a Comment