မက္ခ-ပဠာသ
မိတ်အဖြစ် ဆွေအဖြစ် မပေါင်းဖော်သင့်သော သူယုတ်တို့သည် မက္ခ-ပဠာသ ထူပြော ကြ၏။ သူယုတ်လက္ခဏာ ဖြစ်ကြသည့် မက္ခနှင့် ပဠာသတို့သည် အဘိဓမ္မာ တရားကိုယ် အားဖြင့် ဒေါသပင် ဖြစ်ကြပေသည်။ ဤ၌ သူတစ်ပါးကျေးဇူးကို ချေဖျက် တတ်သော ဒေါသသည် မက္ခမည်၏။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသသည် ပဠာသမည်၏။
မက္ခ
သူတစ်ပါး ကျေးဇူးကို ချေဖျက်တတ်သော မက္ခဟူသည်မှာ ကျေးဇူးကန်းတတ်သော ဒေါသပင် ဖြစ်ပေသည်။ မက္ခထူပြောသူသည် ပြုဖူးသော သူ့ကျေးဇူးကို ချေဆပ်ရန် မကြိုးစားသကဲ့သို့ ကျေးဇူးရှင်ကိုပင် ပြစ်မှား စော်ကားတတ်ကြ၏။ ကျေးဇူးကို မေ့ခြင်း ကျေးဇူးရှင်ကိုပင် ပြစ်မှားခြင်း မက္ခသဘောကို မဟာကပိဇာတ်၌ ထင်ရှားတွေ့ရ၏။
မဟာကပိဇာတ်
ရှေးအခါက ဘုရားလောင်း မျောက်မင်းသည် ဟိမဝန္တာ၌နေ၏။ တစ်ခါသော် နွားပျောက်သော ပုဏ္ဏားတစ်ယောက်သည် ဟိမဝန္တာ၌ မျက်စိလည်၍ ခုနစ်ရက်တိုင်တိုင် အစာပြတ်နေ၏။ ထိုပုဏ္ဏားသည် တည်ပင်တစ်ပင်ကို တွေ့၍ တည်သီးတက်ခူးရာ တည်ပင်ပေါ်မှ ပြုတ်ကျ၍ အတောင်ခြောက်ဆယ်နစ်သော ချောက်အတွင်းသို့ ရောက်သွား၏။ ထိုချောက်၌ ဆယ်ရက်ကြာ၏။
ဘုရားလောင်း မျောက်မင်းသည် ထိုပုဏ္ဏား ကိုကယ်တင်၏။ မျောက်မင်းသည် ချောက်တွင်းသို့ ကျောက်တုံးများ ချကာ ပုဏ္ဏားကို ကျောက်တုံးအဆင့်ဆင့်မှ တက်လာစေ၏။ ထို့နောက် မျောက်မင်းသည် ပင်ပန်းသောကြောင့် အိပ်ပျော်သွား၏။
ပုဏ္ဏားသည် အိပ်ပျော်နေသော မျောက်မင်း၏ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုခွဲကာ မျောက်သား စားရန်အားထုတ်၏။ ဦးခေါင်းကို ထုခွဲခံရသော မျောက်မင်းသည် မသေသော်လည်း ကြောက်လန့်၍ သစ်ပင်ပေါ် တက်ပြေး၏။ မျောက်မင်းသည် ကျေးဇူးကန်းသော ပုဏ္ဏားကို သည်းခံခွင့်လွှတ်၏။ သစ်ပင်အဆင့်ဆင့် ခုန်ကူးရင်း လမ်းပျောက်နေသော ပုဏ္ဏားကို တောအုပ်မှ ထုတ်ဆောင်၍ လမ်းမသို့ အရောက် ပို့ပေးလိုက်သေး၏။
မိတ်ဆွေကို ပြစ်မှားသော ပုဏ္ဏားသည် နူနာရောဂါ ခံစားရပြီး မြေမျိုခံရကာ အဝီစိငရဲသို့ကျ၏။
ပဠာသ
ပြိုင်ဆိုင်ခြင်း ပဠာသ ဟူသည်မှာ ထင်ထင်ရှားရှား သာလွန်သူကို မတူနိုင်မှန်း သိလျှက် အံတုမှုပင် ဖြစ်သည်။
ကိုယ်ကျင့်သီလ အားဖြင့်လည်းကောင်း၊ သမာဓိ၊ ပညာ၊ ဗဟုသုတ အားဖြင့်လည်းကောင်း၊ မျိုးရိုး၊ စီးပွားဥစ္စာ၊ ရုပ်ဆင်းလက္ခဏာ၊ အလိမ္မာ အားဖြင့်လည်းကောင်း သာလွန် မြင့်မြတ်သူကို အရိုအသေ မပေးနိုင်ဘဲ ယှဉ်ပြိုင်မှုမျိုး ဖြစ်၏။
အဆင့်အတူဘဲ မနိုင်မှန်းသိလျက် ယှဉ်ပြိုင်သူသည် မနိုင်သည့်အဆုံး၌ ပြိုင်ဘက်၏ အသက်ကိုပင် အန္တရာယ် ပြုတတ်၏။
အစစ အရာရာ မတူမှန်းသိလျှက် အံတုယှဉ်ပြိုင်လိုသူ သာဌေယျသမားများသည် ရှောင်ကြဉ်ရမည့် သူယုတ်မာပင် ဖြစ်ကြ၏။
အတ္တုက္ကံသန-ပရဝမ္ဘန
ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ခြင်းသည် အတ္တုက္ကံသနမည်၏။ သူတစ်ပါးကို နှိမ်ချခြင်းသည် ပရဝမ္ဘနမည်၏။ ကိုယ့်ကိုယ်ကိုယ် မြှောက်ခြင်းသည် သူ့ကို နှိမ်ရာ ရောက်နိုင်၏။ ထို့ကြောင့် အတ္တုက္ကံသနနှင့် ပရဝမ္ဘနကို နာမည်တစ်ခုတည်း အနေမျိုး တစ်ပေါင်းတည်း ခေါ်ဝေါ်လေ့ ရှိကြ၏။
ကြွားဝါတတ်သူသည် စွမ်းနိုင်သည်ဟု လေလုံးကြီး၍ မနိုင်ဝန်ကို ထမ်းရင်း ဘေးတွေ့ရတတ်၏။ ထိုသူနှင့် နီးစပ်နေလျှင် သူကြုံရသော အန္တရာယ်သည် မိမိထံ ရောက်လာနိုင်၏။
ကြွားဝါတတ်သူသည် တစ်ဖက်သားကို နှိမ့်ချ၍ အများ၏ အထင်ကြီးမှုကို ခံယူကာ အပေါင်းအသင်းတို့နှင့် အတူမျှယူ ခံစားသင့်သော အခွင့်အရေးကို တစ်ယောက်တည်း အရယူသွားတတ်၏။
ထို့ကြောင့် ကိုယ့်ဂုဏ်ကို ဖော်ကျူး၍ ကြွားဝါတတ်သူသည် မပေါင်းသင့်သူပင် ဖြစ်၏။
နိဂုံး
ချစ်ခင်မြတ်နိုးအပ်ခြင်းနှင့် ယုံကြည် စိတ်ချရခြင်းတို့သည် ဆွေစစ်မျိုးစစ် မိတ်စစ် ဆွေစစ်အဖြစ် သတ်မှတ်နိုင်ရန် လိုအပ်သော အဓိကအရည်အသွေးများ ဖြစ်ကြသည်။
မိတ်ဆွေကောင်း၏ အရည်အသွေးဖြစ်သည့် ယုံကြည်စိတ်ချရခြင်းနှင့် ချစ်ခင်မြတ်နိုးအပ်ခြင်းတို့သည် အပြန်အလှန် ဆက်စပ်မှု ရှိကြ၏။ လူ့ဂုဏ်သိက္ခာလည်း ဖြစ်ကြ၏။
ယုံကြည် စိတ်ချခံရသူသည် ပတ်ဝန်းကျင်အတွက် မြတ်နိုးဖွယ် မိတ်ဆွေကောင်း ဖြစ်၏။ တစ်ဖန် ချစ်မြတ်နိုးအပ်သော မိတ်ဆွေကောင်း တို့သည် ယုံကြည်စိတ်ချရသူများ ကြ၏။
ရိုင်းပျယုတ်မာသော အမူအရာကြောင့်ဖြစ်စေ၊ ခက်ထန်ကြမ်းတမ်းသော အပြောအဆိုကြောင့် ဖြစ်စေ၊ ကောက်ကျစ် အောက်တန်းကျသော စိတ်နေ သဘောထားကြောင့် ဖြစ်စေ မျက်မုန်းကျိုး ခံရသူများသည် သွေးသား ဆက်စပ်သူ ဆွေမျိုးတို့၏ ချစ်ခင်မြတ်နိုးမှုကိုပင် မရနိုင်။ အများ၏ စွန့်ပစ်မှု မျက်နှာလွှဲမှုကိုသာ ခံကြရ၏။ ချစ်ခင်မြတ်နိုးမှုကို မရလျှင် ယုံကြည်စိတ်ချမှု ကိုလည်း မရနိုင်။ မယုံသင်္ကာ စောင့်ကြည့်ခြင်းကိုသာ ခံရပေမည်။
ကိုယ်၊ နှုတ်၊ စိတ် ဖြောင့်မတ်သူတို့သည်သာ သူတစ်ပါးတို့၏ ချစ်ခင်မှုနှင့် ယုံကြည် စိတ်ချမှုတို့ကို ရယူနိုင်၏။ ဤသို့ ကံသုံးပါး ဖြောင့်မတ်သူများသည် စိတ်ချရသော မိတ်ဆွေ အမြတ်ဆုံး ဆွေမျိုးများ ဖြစ်ကြပေသည်။
ထို့ကြောင့် ရိုးသားဖြောင့်မတ်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့သည် အရေးအကြီးဆုံး ဖြစ်ကြ၏။
ဖြောင့်မတ်မှုကို အရင်းတည်၍ မိမိသူတစ်ပါး နှစ်ဦးသားတို့အတွက် ကောင်းကျိုး ဖြစ်စေသော အပြန်အလှန် ယုံကြည်စိတ်ချမှု၊ ချစ်ခင်မြတ်နိုးမှု တို့ကို အလေးအနက် တည်ဆောက်သင့်ပေသည်။
ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးသိမ်မွေ့ ဖြောင့်မတ်ခြင်းဖြင့် ပတ်ဝန်းကျင်၏ ချစ်ခင် မြတ်နိုး လေးစားမှုနှင့် ယုံကြည်စိတ်ချမှုတို့ကို ခံယူကာ ပတ်ဝန်းကျင်အတွက် မိတ်ကောင်း ဆွေကောင်းများ ဖြစ်သင့်ကြပေသည်။
ပတ်ဝန်းကျင်အတွက် ထာဝရ မိတ်ဆွေကောင်းများ ဖြစ်ကြ၍ ပတ်ဝန်းကျင်မှ မိတ်ဆွေကောင်းများ တွေ့ရှိနိုင်ကြပါစေ။
မိတ်ဆွေကောင်းကို အမှီပြု၍ လောကီစီးပွား လောကုတ္တရာစီးပွား တိုးတက်နိုင်ကြပါစေ။
ဤတွင် ပြီး၏။
[မခင်ပိုးအိဖြူရဲ့ ဆယ်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ထုတ်ဝေဖို့ ရေးပေးခဲ့ပါတယ်။
အုပ်ရေဘယ်လောက်လဲ မမှတ်မိတော့ပါ။ လေးငါးအုပ်လား လေးငါးဆယ်လား မသိပါ။
လေးငါးရာ လေးငါးထောင် မဟုတ်တာတော့ သေချာပါတယ်။]
တော်သလင်းလဆန်း (၅)ရက်၊ ၁၃၆၆-ခုနှစ်
:)
ရှင်အာစာရ
တန်ဘိုးမဖြတ်နိုင်သော မှတ်သားလိုက်နာစရာတွေ
ReplyDeleteပြည့်စုံလွန်းလှသော “မိတ်ဆွေကောင်း" ဆိုတဲ့
ဆောင်းပါးလေးကိုအစမှအဆုံးဖတ်ခွှင့်ရတဲ့အတွက်
အရှင်ဘုရား၏ကျေးဇူးအနန္တများကိုရည်စူးလျှက်
လက်စုံမိုး၍ရိုသေစွာဖြင့်ရှိခိုးကန်တော့ပါတယ်ဘုရား…။
သက်တော်ရာကျော် ရှည်ပါစေ။
ReplyDelete:)