Tuesday, April 12, 2011

Unconditional Love Story (1) - ခြွင်းချက်မဲ့တဲ့ အချစ်ပုံပြင် (1)


ဟိုရှေးရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံတော်မူနေတဲ့ အချိန်မှာ အတူနေကြတဲ့ ရဟန်းတော် ခုနစ်ပါး ရှိသတဲ့။ သူတို့ဟာ တောရဆောက်တည်ပြီး ဂူကြီးတစ်လုံးထဲမှာ အတူတကွ သီတင်းသုံး နေကြသတဲ့။ သူတို့ထဲမှာ အပြေအပြစ် ပြောတတ်ဆိုတတ်ပြီး ထူးထူးခြားခြား ချစ်ခင်ကြင်နာတတ်တဲ့ ရဟန်းတစ်ပါးကို ဦးစီးခေါင်းဆောင် တင်မြှောက်ထားကြသတဲ့။

ဆရာတော် ခုနစ်ပါးဆိုတာကတော့ ဦးစီးခေါင်ဆောင်ဆရာတော်၊ သူ့ရဲ့ ညီရဟန်းတော်၊ သူ့ရဲ့ မိတ်ဆွေရဟန်းတော်၊ သူ့ကို အမျိုးမျိုး ကလန်ကဆန်လုပ်ပြီး အမြဲတမ်း ဆန့်ကျင်နေတတ်တဲ့ ရဟန်းတော်၊ အချိန်မရွေး သေနိုင်လောက်အောင် နာမကျန်း ဖြစ်နေတဲ့ ဂိလာန ရဟန်းတော်၊ သေရက်စောင့်နေရတဲ့ အိုမင်းမစွမ်း ရဟန်းတော် နဲ့ တရားတစ်လုံးမှ မသိတဲ့ ဆန်ကုန်မြေလေး ရူးကြောင်ကြောင် ရဟန်းတော်တို့ ဖြစ်ကြသတဲ့။

တစ်နေ့တော့ ခိုးသားဓားပြ အုပ်စုတစ်စုဟာ ဆရာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ဂူကြီးကို တွေ့ရှိသွားပြီး အဲဒီဂူမှာ စခန်းချဖို့ ဆုံးဖြတ်လိုက်ကြသတဲ့။ ဒီတော့ အရင်ရောက်နှင့်တဲ့ ဆရာတော်တွေကို ဖယ်ရှားပစ်ဖို့ လိုတာပေါ့။ ဖယ်ရှားပစ်ရုံတင် ဘယ်ကမလဲ အဲဒီ ဂူကြီးထဲမှာ သူတို့စတည်းချနေတယ် ဆိုတဲ့သတင်း မပေါက်ကြားရအောင် နှုတ်ပိတ်တဲ့ အနေနဲ့ ဆရာတော်တွေကို သုတ်သင်ပစ်လိုက်ဖို့ပါ လိုတာပေါ့။

ဒါပေမယ့် ဆရာတော်တွေ ကံကောင်းတယ် ပြောရမလားပဲ။ ခေါင်းဆောင်ကောင်းတယ်လို့လဲ ဆိုနိုင်ပါတယ်။ အပြောကောင်းတဲ့ ခေါင်းဆောင်ဆရာတော်က ဓားပြတွေကို အမျိုးမျိုး လှည့်ပတ်နားချပြီး သဘောတူညီမှုတစ်ခု ရယူလိုက်နိုင်သတဲ့။ (ဘယ်လို နားချလိုက်သလဲ မပေးပါနဲ့။) ဆရာတော် ခုနစ်ပါးထဲက ခြောက်ပါးကို သွားလိုရာသွားခွင့် ပေးရမယ်၊ တစ်ပါးကိုတော့ စံပြအနေနဲ့ သတ်ပြရမယ်လို့ သဘောတူသတဲ့။ ခြောက်ပါးရဲ့ ရှေ့မှာ တစ်ပါးကို သတ်ပြပြီး ခြိမ်းခြောက် နှုတ်ပိတ်မယ့် သဘောပေါ့။ သတင်းပေါက်ကြားသွားရင် ကျန်တဲ့ဆရာတော်တွေကိုပါ လိုက်သတ်မယ်ဆိုတဲ့ သဘောပေါ့။

ဘာကိုမှ မငဲ့ကွက်ဘဲ လုပ်ချင်သလို လုပ်လိုက်နိုင်၊ ကြမ်းချင်သလို ကြမ်းလိုက်နိုင်၊ ရမ်ချင်းသလို ရမ်းလိုက်နိုင်တဲ့ သူခိုးဓားပြတွေဆီက နှိုက်ယူလိုက်နိုင်တဲ့ အခွင့်အရေးဟာ အကောင်းနဲ့အဆိုး ခြောက်အချိုးတစ် ဖြစ်နေတယ်ဆိုတော့ တော်တော်သက်သာတယ် ပြောရမှာပါ။ ဒါပေမယ့် ပြဿနာက ဘယ်ဆရာတော်ကို သတ်ခွင့်ပေးလိုက်ရမလဲ ဆိုတာကို ခေါင်းဆောင်ဆရာတော် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသတဲ့။

ခေါင်းဆောင်ဆရာတော်ဟာ သီတင်းသုံးဖော် အားလုံးကို ခြွင်းချက်မဲ့တဲ့ အချစ်နဲ့ တစ်ပြေးတည်း တစ်သားတည်း ချစ်ခင်ကြင်နာတော်မူသတဲ့။ ညီမို့၊ ညီမှ၊ မိတ်ဆွေမို့၊ မိတ်ဆွေမှ စတဲ့စတဲ့ အခြေအနေတွေ အငြိုးတွေ အစွဲတွေက ဆရာတော်ရဲ့ ချစ်ခြင်းမေတ္တာကို မထိန်းချုပ် မကန့်သတ် နိုင်ကြဘူး . . . တဲ့။


:)
ရှင်အာစာရ

Picture from (12 Apr 2011):
http://www.dafenoilpaintings.com/dafen-oil-painting-on-canvas-the-love-set156-p-28.html

3 comments:

  1. ဆက်ရန်မျှော်နေတယ်ဘုရား။

    ReplyDelete
  2. ဆက်မယ် ဆက်မယ်။ သိပ်မကြာစေရဘူး နော . . .။

    ReplyDelete