Tuesday, April 19, 2011

Unconditional Love Story (2) - ခြွင်းချက်မဲ့တဲ့ အချစ်ပုံပြင် (၂)

(. . . . . မှ အဆက်)

သူလိုငါလို သာမန်လူတွေ၊ သာမန်ဘုန်းကြီးတွေအတွက် ဆိုရင်တော့ အဖြေက ရှင်းနေတာပါ။

ညီရဟန်းတော် နဲ့ မိတ်ဆွေရဟန်းတော်ကိုတော့ အခွင့်ထူး ပေးရမယ်။ သူတို့ကို အသေခိုင်းလိုက်လို့ မဖြစ်ဘူး။

“ဒါ ခွင်ကောင်းပဲ။ ငါ့ကို အမြဲတမ်း ကလန်ကဆန်လုပ်တဲ့ကောင် သွားကွာ”ဆိုပြီး အမြဲတမ်း ဆန့်ကျင်ဘက် လုပ်နေတဲ့ ရဟန်းတော်ကို အသတ်ခိုင်းလိုက်မယ်။

ဒါမှမဟုတ် နာမကျန်း ဖြစ်နေတဲ့ ရဟန်းတော် နဲ့ အိုမင်းမစွမ်း ရဟန်းတော်တို့ဟာ သေလူတွေပဲ။ ကျန်တဲ့ ဆရာတော်တော်တွေရဲ့ လွတ်မြောက်ခွင့်နဲ့စာရင် သူတို့ဟာ တန်ဖိုးမရှိလှပါဘူး။ သူတို့ကို စွန့်လွှတ်လိုက်ရလို့ ဘာမှ အကျိုးမယုတ်နိုင်ပါဘူး။ သေကြပေါ့။

ဒါမှမဟုတ် ဆန်ကုန်မြေလေး ရူးကြောင်ကြောင် ရဟန်းတော်ကရော နှမြောစရာ မို့လား။ သူ့အတွက်ရော သူတစ်ပါးအတွက်ပါ၊ ပစ္စုပ္ပန်အတွက်ရော သံသရာအတွက်ပါ ဘာအသုံးကျလို့လဲ။ သေလိုက်စမ်း။

ဒါပေမယ့် ခေါင်းဆောင်ဆရာတော်ရဲ့ ချစ်ခြင်းမေတ္တာက ခြွင်းချက်မဲ့တဲ့ ချစ်မေတ္တာတဲ့။ သူရဲ့ နှလုံးသားတံခါးဟာ အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်းအတွက် လွတ်လွတ်ကျွတ်ကျွတ်ကြီး ဖွင့်လှစ်ထားပါသတဲ့။ သူမေတ္တာနဲ့ မထိုက်တန်သူရယ်လို့ လောကမှာ မရှိဘူးတဲ့။

ဒါဆိုရင်၊ ခေါင်းဆောင်ဆရာတော်ကြီးဟာ အားလုံးကို အညီအမျှချစ်လို့ ဘယ်သူကိုမှ မသေစေချင်ဘူးဆိုရင် အားလုံးအတွက် အနင့်နာခံပြီး  သေပေးလိုက်သင့်တာပေါ့။ “ငါ့ကိုသတ်ပါ။ သူတို့ သွားလိုရာ သွားပါစေ”လို့ ပြောလိုက်သင့်တာပေါ့။ ခေါင်းဆောင်ဆိုတာ လိုအပ်ရင် အနင့်နာခံရမှာပေါ့။ ဒါပေမယ့် ဆရာတော်ကြီးက သူကိုယ်သူလည်း မေတ္တာထားသတဲ့။ အနင့်နာခံပြီး အားလုံးကောင်းဖို့ သေပေးလိုက်ရင် သူ့ကိုယ်သူ မချစ်ရာရောက်သွားမှာမို့ သူ့ကိုသတ်ပါလို့လည်း ပြောမထွက်ရှာဘူးတဲ့။ သတ္တ၀ါ အားလုံးကို မိမိနဲ့ ထပ်တူ ချစ်တော်မူတာတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ခြွင်းချက်မထားဘဲ ချစ်တတ်တဲ့ ခေါင်းဆောင်ဆရာတော်ကြီး ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေလေတော့၏ဆိုပြီး ပုံပြင် ဆုံးသွားပါတယ်။

ဖတ်ရတာ ပိုပြီး အဆင်ပြေမလားလို့ သမားရိုးကျ လှပတဲ့ ဇာတ်သိမ်းခန်းလေး ဖြည့်စွက်လိုက်ပါတယ်။

“တစ်ပါးပါးကို နမူနာ သတ်ပြလိုက်ဖို့ ဓားတ၀င့်ဝင့် လုပ်နေတဲ့ ဓားပြဗိုလ်ကြီးဟာ ခေါင်းဆောင်ဆရာတော်ရဲ့ အခက်အခဲကို နားလည်သွားသတဲ့။ ဆရာတော်ကြီးရဲ့ မေတ္တာတရားကိုလည်း နက်နက်နဲနဲ ခံစားမိလိုက်သတဲ့။ မေတ္တာစူးသွားတာပေါ့။ ဒါကြောင့် ဘယ်ဆရာတော်ကိုမှ မသတ်ပါရစေနဲ့တော့ ဘုရားလို့ လျှောက်ထားလိုက်သတဲ့။ ဒါတင် ဘယ်ကမလဲ ဆရာတော်ကြီးရဲ့ ထံမှောက်မှာ ခိုးသားဓားပြတစ်ဖွဲ့လုံး ရဟန်းပြုလိုက်ကြသတဲ့။”

:)
ရှင်အာစာရ

Ref: pp 25-29, Unconditional Love, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies

4 comments:

  1. အဲဒီပုံပြင် ကြားဖူးတယ်ဘုရား.. အဲဒါမှ မေတ္တာအစစ်..

    ReplyDelete
  2. သူတပါးကို အဆုံးစွန် သည်းခံခွင့်လွှတ်တဲ့ ခန္တီပါရမီနဲ့ ကိုယ့်ကိုကိုယ် သူတပါးနဲ့ ထပ်တူ မေတ္တာထားတာ အဲဒီနှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နိုင်ပါသလား ဘုရား။ သူတပါး ဒုက္ခရောက် အခက်အခဲဖြစ်နေတာကို ကိုယ်ဒုက္ခရောက် အခက်အခဲအဖြစ်ခံပြီး ကူညီတာ (တန်းတူ မေတ္တာမထားရာ ရောက်လို့)မလုပ်သင့်ဘူးလို့ ယူရပါမလား ဘုရား။ တပည့်တော် လုပ်ဖြစ်နေကျ ဖြစ်နေလို့ပါ။

    ReplyDelete
  3. အဲဒီပုံပြင်က အဖြူရောင်မေတ္တာ(apymt)ကို ပြောပြတာထင်တယ်။ :)

    စွမ်းနိုင်ရင်ရင် ကိုယ်ကျိုးစွန့်တာ ကောင်းပါတယ်။ ဘုရားလောင်း ဖြည့်ခဲ့တဲ့ ဥပပါရမီ ပရမတ္ထပါရမီမျိုးပေါ့။ သာမန်လူတစ်ယောက် အနေနဲ့ကတော့ သူတစ်ပါးရဲ့ လက်ရှိဒုက္ခနဲ့ ကူညီရင် ကိုယ်ကြုံရမယ့် ဒုက္ခကို ယှဉ်ကြည့်သင့်တယ် ထင်ပါတယ်။ ကိုယ်က ဒုက္ခခံပြီး ကူညီနိုင်ပေမယ့် ကိုယ့်ဆီလာမယ့် ဒုက္ခက ကိုယ့်ဆွေကိုယ့်မျိုး ကိုယ့်သူငယ်ချင်းတွေထိ သက်ရောက်မှု ရှိမယ်ဆိုရင်တော့ ပိုပြီး သတိထားရမှာပေါ့။ ခန္တီ နဲ့ မေတ္တာဟာ ပါရမီ ဖြစ်သလို ဥပေက္ခာဟာလည်း ပါရမီဖြစ်တယ်ဆိုတာ သတိထားသင့်ပါတယ်။ :)

    ReplyDelete
  4. ကျေးဇူးတင်ပါတယ် ဘုရား။ လောလောဆယ်မှာ မဝေခွဲနိုင်တာတွေ ရှိနေသေးပေမယ့် (အခုမှတ်သားရတာလေးတွေကို နှလုံးသွင်းပြီး) အလေ့အကျင့်များလာတာနဲ့အမျှ ဆုံးဖြတ်ချက် သူ့အလိုလို မှန်ကန်လာလိမ့်မယ်လို့ ယူဆပါတယ်ဘုရား။

    ReplyDelete