Tuesday, April 26, 2011

Cakkavattisutta (Part 2) - စက္က၀တ္တိသုတ် (အပိုင်း ၂)


စကြာရတနာ ဖြစ်ပေါ်လာခြင်း

ထို မင်းသည် ဖခင်ရသေ့၏ စကားကို ဝန်ခံ၍ စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်ကို ကျင့်လေ၏။

လပြည့်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးကျင့်ဝတ်ကိုကျင်နေသည့် ထိုမင်းထံသို့ အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွသော အခြင်းအရာ အလုံးစုံရှိသော၊ မြတ်သော၊ လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော စကြာရတနာ ဆိုက်ရောက်လာ၏။

ထိုစကြာရတနာကို မြင်လတ်သော် မင်းသည် ဤသို့ ကြံ၏။
“ဥပုသ်ဆောက်တည်နေသော မင်းထံသို့ စကြာရတနာ ဖြစ်ပေါ်လာ ငြားအံ့ ထိုမင်းသည် စကြဝတေးမင်း ဖြစ်၏ဟု ငါ ကြားဖူး၏။ ငါသည် စကြဝတေးမင်း ဖြစ်လေပြီလော။”

ထို မင်းသည် နေရာမှထပြီးလျှင် အပေါ်ရုံ စုလျားကို ပခုံးတစ်ဖက်၌ တင်၍ လက်ဝဲလက်ဖြင့် ရေကရားကို ကိုင်လျက် “အသျှင် စကြာရတနာသည် လည်စေသတည်း။ အသျှင် စကြာရတနာသည် အောင်စေသတည်း”ဟုဆို၍ စကြာ ရတနာကို လက်ျာလက်ဖြင့် ရေသွန်းဖျန်း၏။

ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်လေ၏။ စစ်အင်္ဂါလေးပါးနှင့် တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏။ စကြာရတနာ ရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့် တကွသော စကြဝတေးမင်းသည် စခန်းချနေ၏။ ထိုအခါ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်ပြီးလျှင် လျှောက်ထား၏။
“မင်းကြီး . . . ကြွတော်မူပါ။ မင်းကြီး . . . အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါသည်။ မင်းကြီး . . . ဤနိုင်ငံသည် အရှင်၏ နိုင်ငံပါတည်း။ မင်းကြီး . . . ဆုံးမတော်မူပါ။”

စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏။
“အသက်ကို မသတ်အပ်။ မပေးသည်ကို မယူအပ်။ ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်။ မဟုတ်မမှန်သော စကားကို မပြောအပ်။ သေရည်သေရက်ကို မသောက်အပ်။ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံ သုံးစွဲကြကုန်လော့။”

ဤသို့လျှင် အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံ ဖြစ်ကုန်၏။ ထို့နောက် စကြာရတနာသည် တောင်အရပ်သို့လည်းကောင်း အနောက်အရပ်သို့လည်းကောင်း မြောက်အရပ်သို့လည်းကောင်း လည်လေ၏။ မင်းသည် စကြာရတနာ လည်လေရာ အရပ်သို့ စစ်အင်္ဂါလေးပါးနှင့်တကွ လိုက်ပါလေရာ တောင်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် လည်းကောင်း၊  အနောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် လည်းကောင်း၊ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် လည်းကောင်း စကြဝတေးမင်း၏ ဩဇာခံ ဖြစ်ကုန်၏။

ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍ စကြဝတေးမင်း၏ နေပြည်တော်သို့ ပြန်လာ၍ စကြဝတေးမင်း၏ နန်းတော်ကို တင့်တယ်စေလျက် နန်းတော်တံခါး လွှတ်ရုံးတော်မုခ်ဦး၌ ဝင်ရိုးတပ်ထားသကဲ့သို့ တည်နေ၏။

------

ဒုတိယ စကြာမင်းစသည် အကြောင်း

ဒုတိယ စကြာမင်း၊ တတိယ စကြာမင်း၊ စတုတ္ထ စကြာမင်း၊ ပဉ္စမ စကြာမင်း၊ ဆဋ္ဌမစကြာမင်း၊ သတ္တမ စကြာမင်း တို့သည်လည်း နှစ်ပေါင်းများစွာ မင်းပြုပြီးနောက် စကြာရတနာ ကွယ်ခါနီးသောအခါ သားကြီးအိမ်ရှေ့မင်းသားတို့ကို ထီးနန်းလွှဲကာ ရသေ့ဘောင်သို့ ဝင်ရောက်ကြ၏။ ထိုအခါ စကြာရတနာများ ကွယ်ပျောက်လေ၏။

သတ္တမ စကြာမင်း၏ သားကြီးသည် စကြာရတနာ ကွယ်ပျောက်သော်လည်း ဖခင်ရသေ့ထံ ချဉ်းကပ်၍ မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်ကို မမေး။ ထိုမင်းသည် မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုး၏၊ မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုးသော် ထိုမင်း၏ နိုင်ငံတို့သည် စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော ရှေးမင်းတို့၏ နိုင်ငံတို့ကဲ့သို့ ရှေ့နောက် ညီညွတ်စွာ မတိုးပွားကုန်။

ထိုအခါ အမှုဆောင်အမတ်များ၊ မင်းတိုင်ပင်အမတ်များ၊ ဘဏ္ဍာရေးအမတ်များ၊ အမတ်ချုပ်များ၊ စစ်သည်ဗိုလ်ပါများ၊ တံခါးမှူးများ၊ ပညာရှိပုရောဟိတ် အမတ်များ စည်းဝေးကြကုန်၍ မင်းအား လျှောက်ထားကြ၏။
“မင်းမြတ် . . . မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော မင်းတို့၏ ဇနပုဒ်တို့သည် တိုးပွားကုန်သကဲ့သို့ မိမိစိတ်အလိုဖြင့် နိုင်ငံကို ဆုံးမသော သင်မင်းမြတ်၏ နိုင်ငံတို့သည် ရှေ့နောက် ညီညွတ်စွာ မတိုးပွားကုန်။ အမတ်များ ဖြစ်ကုန်သော အကျွန်ုပ်တို့သည်လည်းကောင်း၊ တစ်ပါးသော သူတို့သည်လည်းကောင်း အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မှတ်သားထားပါကုန်၏။ သင်မင်းမြတ်သည် အကျွန်ုပ်တို့အား အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မေးပါလော့။ မေးသည်ရှိသော် ထိုအကျွန်ုပ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို သင်မင်းမြတ်အား ဖြေကြားပါကုန်အံ့။”

------

အသက်အဆင်းစသည် ယုတ်လျော့ခြင်း အကြောင်း

ထိုအခါ မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မေး၏။ မေးသည်ရှိသော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ဖြေကြားကုန်၏။

ထိုအမတ်တို့၏ စကားကို ကြားနာ၍ မင်းသည် တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်၏။ ပစ္စည်းဥစ္စာ မရှိသူတို့ကိုကား ပစ္စည်းဥစ္စာ မပေး။ ပစ္စည်းဥစ္စာ မရှိသူတို့ကို ပစ္စည်းဥစ္စာ မပေးသည်ရှိသော် ဆင်းရဲခြင်း ပွားများလာ၏။ ဆင်းရဲခြင်း ပွားများလာသောအခါ ယောက်ျားတစ်ယောက်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူ၏။ ထို ယောက်ျားကို ဖမ်းကုန်၏။

ဖမ်းပြီးလျှင် မင်းထံ လျှောက်ထားတင်ပြကြ၏။
“မင်းမြတ် . . . ဤယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏။”

ဤသို့ တင်ပြသော် မင်းသည် ထို ယောက်ျားကို စစ်မေး၏။
“အချင်းယောက်ျား . . . သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော။”

“မှန်ပါသည် အရှင်မင်းမြတ်။”

“အဘယ့်ကြောင့် ခိုးရသနည်း။”

“မင်းမြတ် . . . အသက်မွေးမှု မလုံလောက်သောကြောင့် ခိုးပါ၏။”

ထိုအခါ မင်းသည် ခိုးသူယောက်ျားအား ဥစ္စာအရင်းအနှီး ထုတ်ပေး၏။
“အမောင် ယောက်ျား . . . သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့။ မိဘကိုလည်း ကျွေးမွေးလော့။ သားမယားကိုလည်း ကျွေးမွေးလော့။ အလုပ်အကိုင်ကိုတို့လည်း လုပ်ကိုင်လော့။  ရဟန်းပုဏ္ဏားတို့ထံ၌ အလှူကိုလည်း ပြုလေလော့။”

ထိုယောက်ျားသည် မင်းကြီးထံမှောက်၌ ဝန်ခံစကားဆို၏။
“ကောင်းပါပြီ အရှင်မင်းကြီး။”

ထို့နောက် ယောက်ျားတစ်ယောက်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏။ ထိုယောကျာ်းကို ဖမ်း၍ မင်းကြီးထံ တင်ပြလျှောက်ထားကြ၏။

ထိုအခါ မင်းကြီသည် ထို ခိုးသူယောက်ျားအားလည်း ရှေးနည်းတူ စစ်မေး၍ ဥစ္စာအရင်းအနှီး ထုတ်ပေး၏။ ဥစ္စာဖြင့် အသက်မွေးရန်၊ မိဘနှင့် သားမယားကို လုပ်ကျွေးရန်၊ အလှူပြုရန် တိုက်တွန်း၏။ ခိုးသူလည်း မင်း၏ အထောက်အပံ့ နှင့် မင်း၏ အဆုံးအမကို ခံယူ၏။

ခိုးသူကို မင်းကြီးက ဥစ္စာအရင်းအနှီး  ထုတ်ပေးသည်ဟု ကြားသူတို့သည် ငါတို့လည်း ခိုးယူရမူ ကောင်းလေစွဟု အကြံဖြစ်၏။ ထိုအခါ ယောက်ျားတစ်ယောက်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူလေ၏။ ထိုခိုးသူ ယောက်ျားကို ဖမ်း၍ မင်းထံ လျှောက်ထားတင်ပြကြ၏။ ဤသို့ တင်ပြသော် မင်းသည် ထို ယောက်ျားကိုလည်း ရှေးနည်းအတိုင်း စစ်မေး၏။ ခိုးသူက အသက်မွေးမှု မလုံလောက်သောကြောင့် ခိုးယူသည် ဆိုသောအခါ မင်းသည် ဤသို့ ကြံစည်၏။

“သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူသောသူအား အကယ်၍ ငါသည် ဥစ္စာကို ပေးအံ့၊ ဤသို့ ပေးနေခဲ့လျှင် ဤခိုးမှုသည် တိုးပွားလတ္တံ့။ ငါသည် ဤ ခိုးသူယောက်ျားကို ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ရမူ ကောင်းလေစွ။ ခိုးမှုအမြစ်ပြတ်အောင် ပြုရမူ ကောင်းလေစွ။ ထိုသူ၏ ဦးခေါင်းကို ဖြတ်ရမူ ကောင်းလေစွ။”

ထို့နောက် မင်းသည် မင်းချင်းယောက်ျားတို့ကို အမိန့်ပေး၏။
“အချင်းတို့ ဤ ခိုးသူယောက်ျားကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန်ကြိုး တုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးသော် မြို့၏တောင်ဘက်၌ ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်လော့။ အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြုကုန်လော့။ ထို ခိုးသူယောကျာ်း၏ ဦးခေါင်းကို ဖြတ်ကုန်လော့။”

မင်းချင်းယောက်ျားတို့သည် မင်းမိန့်အတိုင်း ဆောင်ရွက်ကြ၏။

ထိုသတင်းကို ကြားကုန်သော လူတို့သည် ဤသို့ ကြံစည်ကြ၏။
“ငါတို့လည်း လက်နက်တို့ကို ပြုလုပ်ကုန်အံ့။ မပေးသော ဥစ္စာကို ခိုးယူကုန်အံ့။ ဥစ္စာရှင်တို့ကို အပြီးတိုင် နှိပ်ကွပ်ကုန်အံ့။ အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြုကုန်အံ့။ ဥစ္စာရှင် တို့၏ ဦးခေါင်းကို ဖြတ်ကုန်အံ့။”

ထိုသူတို့သည် ကြံစည်သည့်အတိုင်း ပြုကုန်၏။ ထက်သောလက်နက်တို့ကို ပြုလုပ်ကုန်၏။ ရွာကို လုယက်ဖျက်ဆီးကုန်၏။ နိဂုံးကို လုယက်ဖျက်ဆီးကုန်၏။ မြို့ကို လုယက်ဖျက်ဆီးကုန်၏၊ လမ်း၌ စောင့်၍ လုယက်ဖျက်ဆီးကုန်၏။ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူကြကုန်၏။ ဥစ္စာရှင်တို့ကို အပြီးတိုင် နှိပ်ကွပ်ကုန်၏။ အဆုံးစီရင်ခြင်းဖြင့် အမြစ်ပြတ်အောင် ပြုကုန်၏။ ဥစ္စာရှင်တို့၏ ဦးခေါင်းကို ဖြတ်ကုန်၏။

ဤသို့လျှင် ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ အထောက်အပံ့ကို မပေးသော် ဆင်းရဲခြင်း ပွားများလာ၏။ ဆင်းရဲခြင်း ပွားများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွားများလာ၏။ လက်နက်ပွားများလာ၏။ အသက်သတ်မှု ပွားများလာ၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏။ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏။ အသက်အဆင်း ဆုတ်ယုတ်သည်ဖြစ်၍ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်းသာ အသက်ရှည်တော့၏။

အနှစ်လေးသောင်း အသက်ရှည်ကုန်သော သူတို့တွင် ယောက်ျားတစ်ယောက်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏။ ထိုခိုးသူကို ဖမ်းကုန်၏။

ဖမ်းပြီးလျှင် မင်းထံ လျှောက်ထားတင်ပြကြ၏။
“မင်းမြတ် . . . ဤယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏။”

ဤသို့ တင်ပြသော် မင်းသည် ထို ယောက်ျားကို စစ်မေး၏။
“အချင်းယောက်ျား . . . သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော။”

ခိုးသူသည် သိလျက် မဟုတ်မမှန်သော စကားကို ဆို၏။
“အရှင်မင်းကြီး . . . မခိုးပါဘုရား။”

ဤသို့လျှင် မဟုတ်မမှန်ပြောမှု တိုးပွားလာပြန်၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏။ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏။ အနှစ်လေးသောင်း အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်းသာ အသက်ရှည်တော့၏။

အနှစ်နှစ်သောင်း အသက်ရှည်သော သူတို့တွင် ယောက်ျားတစ်ယောက်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့်ယူ၏။ အခြား ယောက်ျားတစ်ယောက်သည် ထိုအကြောင်းကို မင်းအား လျှောက်ထား၍ ကုန်းချောခြင်းကို ပြု၏။

ဤသို့လျှင် ကုန်းချောမှု တိုးပွားလာပြန်၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏။ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏။ အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်တစ်သောင်းသာ အသက်ရှည်တော့၏။

အနှစ်တစ်သောင်း အသက်ရှည်ကုန်သော သူတို့တွင် အချို့သတ္တဝါတို့သည် အဆင်းလှကုန်၏။ အချို့သတ္တဝါတို့သည် အဆင်းမလှကုန်။ အဆင်းမလှသော သတ္တဝါတို့သည် အဆင်းလှသော သတ္တဝါတို့ကို တပ်မက်ကုန်၍ သူတစ်ပါးတို့၏ သားမယားတို့ကို လွန်ကျူးကုန်၏။

ဤသို့လျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်မှု တိုးပွားလာပြန်၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အနှစ်တစ်သောင်း အသက်ရှည်ကုန်သော သတို့၏ သားသမီးတို့သည် အနှစ်ငါးထောင်သာ အသက်ရှည်တော့၏။

အနှစ်ငါးထောင် အသက်ရှည်ကုန်သော သူတို့တွင် ကြမ်းတမ်းသောစကား ပြိန်ဖျင်းသောစကားဟူသော တရားနှစ်ပါး တိုးပွားလာပြန်၏။ ထိုအခါ လူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အနှစ်ငါးထောင် အသက်ရှည်ကုန်သော သူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ထောင့်ငါးရာသာ အသက်ရှည်တော့၏။ အချို့သော သားသမီးတို့သည် အနှစ်နှစ်ထောင်သာ အသက်ရှည်တော့၏။

အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော သူတို့၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ၊ ပျက်စီးစေလိုခြင်း ဗျာပါဒတရားတို့ တိုးပွားလာပြန်၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော သတို့၏ သားသမီးတို့သည် အနှစ်တစ်ထောင်သာ အသက်ရှည်တော့၏။

အနှစ်တစ်ထောင် အသက်ရှည်ကုန်သော သူတို့၌ မှားသော အယူဝါဒတို့ တိုးပွားလာပြန်၏။ ထိုအခါ လူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အနှစ်တစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ငါးရာသာ အသက်ရှည်တော့၏။

အနှစ်ငါးရာ အသက်ရှည်ကုန်သော သူတို့၌ မတရားသော တပ်မက်ခြင်း အမိ အဒေါ် စသည်၌ တပ်မက်ခြင်း (အဓမ္မရာဂ)၊ အလွန်အကြူးတပ်မက်ခြင်း လောကထုံးတမ်းအားဖြင့် သုံးဆောင်မှီဝဲသင့်သော သူတို့၌ အလွန်အကြူးလိုက်စားခြင်း (ဝိသမလောဘ)၊ မှားသောအကျင့်တရား ယောက်ျားချင်း မိန်းမချင်း တပ်မက်မှု (မိစ္ဆာဓမ္မ) ဟူသော တရားသုံးပါးတို့ တိုးပွားလာပြန်၏။ ထိုအခါ သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အနှစ်ငါးရာ အသက်ရှည်ကုန်သော သူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ရာ့ငါးဆယ်သာ အသက်ရှည်တော့၏။ အချို့သော သားသမီးတို့သည် အနှစ်နှစ်ရာသာ အသက်ရှည်တော့၏။

အနှစ်နှစ်ရာ့ငါးဆယ်သာ အသက်ရှည်ကုန်သော သူတို့၌ အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊ အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့ တိုးပွားလာပြန်၏။ ထိုအခါ လူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏။ အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာသာ အသက်ရှည်တော့၏။

:)
ရှင်အာစာရ

(ဆက်ရန် . . . . .)

ကျမ်းညွှန်း - စက္က၀တ္တသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်၊ သုတ္တန္တပိဋက

No comments:

Post a Comment