Friday, April 1, 2011

Basic Method of Meditation (3-B, The End) - အခြေခံတရားရှုမှတ်နည်း (၃-ခ၊ နိဂုံး)



တစ်ခါတစ်ခါ ထင်ခါစမှာ နိမိတ်ဟာ မှုန်ဝါးနေတတ်ပါတယ်။ ဒီအခါ လှပတဲ့ အသက်ရှူမှုမှာ အစဉ်မပြတ် ကင်းဆိတ်စွာ အာရုံစိုက်မှုဖြစ်တဲ့ ပြီးခဲ့တဲ့ အဆင့်ကို ချက်ချင်း ပြန်သွားသင့်ပါတယ်။ မကြာခင် နိမိတ် ပြန်ရပါလိမ့်မယ်။

တစ်ခါတစ်ခါ နိမိတ်ဟာ တောက်ပနေပေမယ့် မတည်ငြိမ်ပါဘူး။ မီးပြတိုက်က အချက်ပြမီးလို လင်းလို်က်မှိန်လိုက် ဖြစ်နေပြီး ပျောက်ကွယ် သွားတတ်ပါတယ်။ လှပတဲ့ အသက်ရှုမှုကို စွန့်ခွာတာ စောလွန်းနေတယ် ဆိုတဲ့ အမှတ်အသားပေါ့။

စိတ်ဟာ ပိုပြီး သိမ်မွေ့တဲ့ နိမိတ်အပေါ် ရှင်းရှင်းလင်းလင်း အာရုံမစိုက်နိုင်သေးခင်မှာ ယောဂီဟာ လှပတဲ့ အသက်ရှူမှုမှာ အချိန်ကြာမြင့်စွာ သက်တောင့်သက်သာ အာရုံစိုက်နေနိုင်စွမ်း ရှိရပါမယ်။ စိတ်ကို လှပတဲ့ အသက်ရှူမှုမှာ လေ့ကျင့်ပါ။ သည်းခံမှုအပြည့်၊ လုံ့လအပြည့်နဲ့ လေ့ကျင့်ပါ။ နိမိတ် ယူသင့်တဲ့ အချိန် တန်ပြီဆိုရင် စိတ်ဟာ ထက်မြက်နေပါတယ်။ တည်ငြိမ်နေပါတယ်။ စောင့်ထိန်းရတာ လွယ်လာပါတယ်။

မထင်ရှားတဲ့နိမိတ် ဖြစ်ပေါ်ခြင်းရဲ့ အဓိက အကြောင်းကတော့ ရောင့်ရဲကျေနပ်မှု အဆင့်နိမ့်လွန်းလို့ပဲ ဖြစ်ပါတယ်။ သင်ဟာ တစ်စုံတစ်ရာကို “တောင့်တ”နေဆဲ ဖြစ်ပါတယ်။ ထုံးစံအားဖြင့် သင်ဟာ ထင်ရှားတဲ့ နိမိတ်ကို အလိုရှိနေပါတယ်။ ဈာန်ရချင်နေပါတယ်။ သတိထားလိုက်ပါ။ ဒါဟာ အရေးကြီးပါတယ်။ ဈာန်ဆိုတာ လွှတ်ပေးလိုက်တဲ့အဆင့်၊ မယုံကြည်နိုင်လောက်အောင် နက်နဲတဲ့ ကျေနပ်ရောင့်ရဲမှု အဆင့်တွေ ဖြစ်ပါတယ်။

ဆာလောင်မွတ်သိမ့်တဲ့ စိတ်ကို စွန့်လို်က်ပါ။ လှပတဲ့ အသက်ရှူမှုမှာ ကျေနပ်ရောင့်ရဲမှုကို ဖွံ့ဖြိုးအောင် လုပ်ပါ။ နိမိတ်နဲ့ ဈာန်တို့ဟာ အလိုလို ပေါ်လာပါလိမ့်မယ်။ နိမိတ် မတည်ငြိမ်ခြင်းရဲ့ အဓိက အကြောင်းကတော့ ရှူမှတ်သူဟာ စွက်ဖက်မှုကို မရပ်လိုက်သေးလို့၊ စွက်ဖက်နေသေးလို့ ဖြစ်ပါတယ်။ ရှုမှတ်သူဟာ ကားနောက်လိုက် စပယ်ယာလို ထိန်းချုပ်သူ ဖြစ်နေလို့ပါ။ မဆိုင်တဲ့နေရာမှာ အမြဲပါနေပြီး အရာရာကို ရှုပ်ထွေးအောင် လုပ်နေလို့ပါ။

ကမ္မဋ္ဌာန်းအလုပ်ဆိုတာ အေးဆေးနားနေမှုဆီ သွားနေတဲ့ သဘာဝ ဖြစ်စဉ်ပါ။ ဖြစ်စဉ်လမ်းကြောင်း ကနေ လုံးဝ ဖယ်ရှားနေဖို့ လိုပါတယ်။ အမှန်တကယ် လွှတ်ပေးလိုက်တဲ့ အခါမှ နက်နဲတဲ့ ကမ္မဋ္ဌာန်း ဖြစ်လာပါတယ်။ ဖြစ်စဉ်လမ်းကြောင်းမှာ “ပြုလုပ်သူ” မရှိတော့တဲ့ အထိ အမှန်တကယ် လွှတ်ထားလိုက်ခြင်းကို ဆိုလိုပါတယ်။
နက်နဲသိမ်မွေ့တဲ့ လွှတ်ပေးထားနိုင်ခြင်းကို ရရှိဖို့ ကျွမ်းကျင်ပါးနပ်တဲ့ နည်းတစ်ခုကတော့ နိမိတ်အပေါ်မှာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။ တိတ်ဆိတ်မှုကို ခဏလေး ဖြိုခွဲလိုက်ပါ။ သိမ်သိမ်မွေ့မွေ့လေးပေါ့။ “နိမိတ်အပေါ်မှာ ယုံကြည်တယ်”လို့ စိတ်ထဲမှာ တီးတိုးစကား ဆိုလိုက်ရုံပါပဲ။ “ပြုလုပ်သူ” အလျှော့ပေးပြီး ကွယ်ပျောက်သွား နိုင်အောင်လို့ပါ။

ဖြစ်ပေါ်နေသမျှကို သင်စောင့်ကြည့်နေတဲ့ အခိုက် သင့်ရှေ့မှာ နိမိတ်ကို ကိုယ်စားပြုထားတဲ့ စိတ်က ဖြစ်စဉ်ကို ထိန်းချုပ်သွားပါလိမ့်မယ်။ သိပ်သည်းတဲ့ နိမိတ်ရဲ့ အလှတရားဟာ ဘာအကူအညီမှ မလိုဘဲ အာရုံ စူးစိုက်မှုကို ချုပ်ကိုင်နိုင်စွမ်း ပိုရှိတဲ့အတွက် သင်ဘာမှ လုပ်စရာ မလိုပါဘူး။ မပါဝင် မဆုံးဖြတ်မိဖို့ သတိထားပါ။ “ဒါဘာလဲ?”၊ “ငါ ဘာဆက်လုပ်သင့်သလဲ?” စတဲ့ မေးခွန်းတွေဟာ တစ်ဖန်ပြန်လည် ပါဝင်စွက်ဖက်တဲ့ “ပြုလုပ်သူ”ရဲ့ အရေးကိစ္စတွေ ဖြစ်ပါတယ်။ ဒီစွက်ဖက်မှုဟာ ဖြစ်စဉ်ကို နှောင့်ယှက်ပါတယ်။

ခရီးစဉ် ပြီးဆုံးတဲ့အခါ အားလုံးကို ပြန်သုံးသပ် ကြည့်နို်င်ပါတယ်။ တော်တဲ့ သိပ္ပံပညာရှင်ဟာ အချက်အလက်တွေ အားလုံးရှိနေတဲ့အချိန်၊ စမ်းသပ်မှု ဆုံးခန်းရောက်မှ ပြန်လည် သုံးသပ်ပါတယ်။ အခုလည်း မသုံးသပ်ပါနဲ့ဦး။ ဘာကိုမှ မတွက်ချက်ပါနဲ့။ “အလုံးလား၊ အဝိုင်းလား”၊ “ထင်ရှားသလား၊ မထင်ရှားဘူးလား” ဆိုပြီး နိမိတ်ရဲ့ အနားသတ်ကို အာရုံစိုက်စရာ မလိုပါဘူး။ မလိုအပ်တာတွေ ဖြစ်ပါတယ်။ ရှုပ်ထွေး ကွဲပြားမှု ဆီကိုပဲ ပို့ပေးပါတယ်။ “အဇ္ဈတ္တ” “ဗဟိဒ္ဓ”တွဲစပ်မှုတွေ များပြားလာမယ်။ အနှောင့်အယှက်တွေ ပိုလာမယ်။

စိတ်ကို အာရုံကျရာ ညွတ်ကိုင်းခွင့် ပေးလိုက်ပါ။ စိတ်ဟာ ထုံစံအားဖြင့် နိမိတ်ရဲ့ ဗဟိုချက်ဆီ သွားပါလိမ့်မယ်။ နိမိတ်ရဲ့ ဗဟိုချက်ဟာ အလှပဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အလင်းတန်း အတောက်ပဆုံး၊ အသန့်ရှင်းဆုံး နေရာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် အာရုံစိုက်မှုကို နိမိတ်ဗဟိုချက်မှာ ဆွဲချထားခိုက်၊ အတွင်းပိုင်းမှာ ချထားခိုက်၊ ဒါမှမဟုတ် နိမိတ်အလင်းတန်းဟာ သင်အပါအဝင် ပတ်ပတ်လည်မှာ ပြန့်နေခိုက် သဘာဝအတိုင်း လွှတ်ပေးထားပြီး အလို်က်သင့် မျှောလိုက်နေပါ။

ဒါဟာ တကယ်တော့ အမြင်မျိုးစုံက ပုံဖော်ပေးတဲ့ အတွေ့အကြုံ တစ်မျိုးပါပဲ။ စိတ်ဟာ ကျေနပ်နှစ်သက်မှုမှာ စုစည်းနေပါစေ။ ဈာန်ဆိုတဲ့ ဒီကမ္မဋ္ဌာန်းရဲ့ သတ္တမအဆင့် ရောက်ပြီပေါ့။

ဈာန်ရဲ့ တံခါးဝမှာ တွေ့ရတတ်တဲ့ အတားအဆီး နှစ်ခုရှိပါတယ်။ ကြည်နူးမှုနဲ့ ကြောက်ရွံ့မှုပေါ့။ ကြည်နူးမှုဟာ စိတ်လှုပ်ရှားမှု ဖြစ်လာပါတယ်။ ဒီအခို်က်မှာ “ဟုတ်ပြီ၊ ဖြစ်ချင်နေတာ ဒါပဲ”လို့ စိတ်မှာ ထင်လိုက်မိရင် ဈာန် ပေါ်မလာတော့ပါဘူး။

တုန်လှုပ်ခြင်း ကင်းမဲ့မှုကို ဦးစားပေးတဲ့ အနေနဲ့ “ဟုတ်ပြီ”ဆိုတဲ့ အံ့ဩကျေနပ်တဲ့ တုံ့ပြန်မှုကို နှိပ်ကွပ်ဖို့ လိုပါတယ်။ အံဩကျေနပ်တဲ့ တုံ့ပြန်မှုတွေကို စနစ်တကျ ပိုင်ဆိုင်ထားနိုင်တဲ့ နေရာဖြစ်တဲ့ ဈာန်ကနေ ထွက်လာပြီးတဲ့အထိ အဲဒီ တုံ့ပြန်မှုတွေကို စွန့်ခွာထားနိုင်ပါတယ်။
ပိုဆိုးပုံရတဲ့ ဆီးတားမှုက ကြောက်ရွံ့မှု ဖြစ်ပါတယ်။ ဈာန်တရားရဲ့ သေးသိမ်တဲ့ စွမ်းအားနဲ့ နှစ်သက်ဖွယ်ရာကို သိလိုက်တော့၊ ဒါမှမဟုတ် နက်နဲတဲ့ ဈာန်အထိ ပြည့်စုံအောင် ဆက်လုပ်ရမယ်ဦးလို့ သိလိုက်တော့၊ တစ်စုံတစ်ခုကို သင့်ရဲ့ နောက်မှာ ချန်ထားခဲ့ရတော့မယ်လို့ သိလိုက်တော့ ကြောက်ရွံ့မှု ဖြစ်ပေါ်လာပါတယ်။

ဈာန်ရဲ့ရှေ့မှာ “ပြုလုပ်သူ” ငြိမ်သက်နေပါတယ်။ ဒါပေမယ့် ရှိနေဆဲပါ။ ဈာန်ရဲ့ အတွင်းပိုင်းမှာတော့ “ပြုလုပ်သူ” လုံးဝ မရှိတော့ပါဘူး။ “သိမှတ်သူ”ဟာ လုပ်စရာရှိတာ လုပ်နေဆဲပါ။ သင်ဟာ သိမှတ်မှု အပြည့်ရှိနေပါတယ်။ ဒါပေမယ့် ထိန်းချုပ်မှုတွေ အားလုံးဟာ လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ ရှိနေပါတယ်။ တွေးသိမှု တစ်ခုကိုတောင် ပုံမဖော်နိုင်ပါဘူး။ ဆုံးဖြတ်မှု မပြုနိုင်ပါဘူး။ ဆန္ဒဟာ အေးတိအေးစက် ဖြစ်နေပါတယ်။ ဒီအချက်ဟာ မရင့်ကျက်သူအတွက် ခြောက်လှန့်မှု ဖြစ်နို်င်ပါတယ်။ နိုးကြားမှု အပြည့်အဝ ရှိနေပါလျက်နဲ့ ချုပ်ထိန်းနိုင်မှု ကင်းမဲ့နေတဲ့ အတွေ့အကြုံမျိုး သင့်ဘဝ တစ်လျောက်လုံး တစ်ခါမှ မကြုံဖူးပါဘူး။ အဲဒီ ကြောက်ရွံ့မှုဟာ အခြေခံကျတဲ့ ပုဂ္ဂလိက ဆန္ဒလိုမျိုး တစ်ခုခုကို စွန့်လွှတ်လိုက်ရမှာကို ကြောက်နေတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟောညွှန်ခဲ့တဲ့ တရားတော်တွေနဲ့ ဆုလဒ်အဖြစ် မြင်တွေ့နိုင်တဲ့ ရှေ့နားကနေ ဆွဲဆောင်နေတဲ့ နှစ်သက်မှု ပီတိတို့ အပေါ်မှာ ယုံကြည်မှုသဒ္ဓါ ထားခြင်းအားဖြင့် ဒီကြောက်ရွံ့မှုကို အနိုင်ယူနိုင်ပါတယ်။ “ဒီဈာန်ချမ်းသာကို မကြောက်သင့်ဘူး၊ ကျင့်ကြံသင့်တယ်၊ ပွားများသင့်တယ်၊ ကြိမ်ဖန်များစွာ ပွားများသင့်တယ်”လို့ ဗုဒ္ဓရှင်တော်မြတ် မကြာခဏ အမိန့်ရှိခဲ့ပါတယ်။ (လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ်)။

ဒါ့ကြောင့် ကြောက်ရွံ့မှု ပေါ်မလာခင်ကနေ ရရှိလာမယ့် ကျေနပ်နှစ်သက်မှု အပေါ်မှာ ယုံကြည်မှု အပြည့်ထားပါ။ ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ စံနမူနာကောင်း အရိယာသာဝကတို့ အပေါ်မှာ သဒ္ဓါမြဲနေပါစေ။ သင့်ဘဝရဲ့ အလေးနက်ဆုံးအရာ ဖြစ်လာမယ့်၊ အားစိုက်ထုတ်မှု မပါတဲ့၊ အထည်ကိုယ်ဒြပ် ကင်းမဲ့တဲ့၊ အတ္တမရှိတဲ့၊ နှစ်သက်ဖွယ် အတွေ့အကြုံ ရရှိဖို့ ဓမ္မကို ယုံကြည်ပါ။ ဈာန်တရားက သင့်ကို နွေးနွေးထွေးထွေး ပွေ့ပိုက်လာပါစေ။ အခိုက်အတန့်အားဖြင့် ထိန်းချုပ်မှုကို လုံးဝလွှတ်လိုက်ဖို့ သတ္တိမွေးပါ။ အားလုံးကို ကိုယ်တိုင်တွေ့ကြုံ ခံစားပါ။

တကယ့် ဈာန်တရားဆိုရင် ကြာရှည် တည်နေပါလိမ့်မယ်။ အခိုက်အတန့်ပဲ တည်နေတယ်ဆိုရင်တော့ ဈာန်လို့ မခေါ်ထိုက်ပါဘူး။ ထုံးစံအားဖြင့် အထက်ဈာန်တွေဟာ နာရီပေါင်းများစွာ တည်နေနိုင်ပါတယ်။ အဇ္ဈတ္တမှာ ဖြစ်ပေါ်လာတဲ့အခါ ရွေးခြယ်စရာ မရှိပါဘူး။ အာရုံသိစိတ် ဖြစ်ပေါ်ဖို့ အဆင်သင့် ဖြစ်တဲ့အခါ၊ ကြိုတင်စုဆောင်းခဲ့တဲ့ စွန့်လွှတ်မှုလောင်စာ ကုန်ဆုံးသွားတဲ့ အခါကျမှပဲ သင်ဟာ ဈာန်က ထွက်လာပါလိမ့်မယ်။ ဒါတွေဟာ သူတို့ပင်ကိုယ် သဘာဝအားဖြင့် ကြာမြင့်စွာ တည်နေလေ့ရှိတဲ့၊ တည်ငြိမ်ပြီး နှစ်သက်စရာ လည်းကောင်းတဲ့ စိတ်အခြေအနေ တွေပဲ ဖြစ်ပါတယ်။

ဈာန်ရဲ့ ဝိသေသလက္ခဏာ နောက်တစ်မျိုးကတော့ ဈာန်ဆိုတာ အထက်က ဖော်ပြခဲ့သလို နိမိတ်ကို မြင်ပြီးတဲ့ နောက်မှာမှ ဖြစ်ပေါ်ပါတယ်။ နောက်ပြီး ဘယ်ဈာန်မှာပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်အပေါ်မှာ (ခန္ဓာကိုယ် နာကျင်မှုလို) တွေ့ကြုံခံစားဖို့၊ ပြင်ပက အသံကို ကြားရဖို့၊ တွေးကြံဖို့ မဖြစ်နိုင်ဘူး၊ ကုသိုလ်အတွေးတောင်မှ မတွေးနိုင်ဘူး ဆိုတာလည်း သိထားသင့် ပါတယ်။

ကာလကြာမြင့်စွာ မပြောင်းလဲဘဲ ဆက်လက်ဖြစ်တည်နေတဲ့ တစ်ခုတည်းသော ကျေနပ်နှစ်သက်မှု အတွေ့အကြံုံ၊ သန့်ရှင်းတဲ့ အမှတ်အသားမဲ့ သိမှုမျှသာ ရှိပါတယ်။ ဒါဟာ ရော်ရမ်းမှန်းဆမှု မဟုတ်ပါဘူး။ ထက်မြက်ထင်ရှားတဲ့ နိုးကြားသိတစ်ခု ဖြစ်ပါတယ်။ သင်ရထားတဲ့ဈာန်ဟာ တကယ့်အစစ်လား၊ စိတ်ကူး ယူဆမှုလားဆိုတာ သင်ကိုယ်တိုင် သိနို်င်ဖို့ ဒါကို ပြောပြရတာ ဖြစ်ပါတယ်။

ကမ္မဋ္ဌာန်းတရားနဲ့ ပတ်သက်တာတွေ အများကြီး ရှိပါသေးတယ်။ ဒီနေရာမှာတော့ ပထမဈာန် ရောက်တဲ့အထိ အဆင့်ခုနစ်ဆင့်ထားပြီး အခြေခံ နည်းစနစ်ကိုပဲ ဖော်ပြထားပါတယ်။

အထက်ဈာန်တွေနဲ့ ပတ်သက်လို့ နီဝရဏငါးပါး အကြောင်းနဲ့ သူတို့ကို ဘယ်လို ပယ်ရမယ်ဆိုတာ၊ သတိရဲ့ အဓိပ္ပာယ်နဲ့ အသုံးဝင်ပုံ၊ သတိပဋ္ဌာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါးနဲ့ ဣန္ဒြေငါးပါး၊ ပြောစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါတွေ အားလုံဟာ ကမ္မဋ္ဌာန်းတရားနဲ့ ဆက်စပ် ပတ်သက်နေပါတယ်။ ဒါပေမယ့် နောင် အခွင့်သင့်မှ တင်ပြဖို့ ချန်ခဲ့ပါမယ်။

ဒါတွေဟာ (ဝိပဿနာ)ဉာဏ်နဲ့ မဆိုင်တဲ့ “သမထကျင့်စဉ်မျှသာ” ဖြစ်တယ်လို့ နားလည်မှု လွဲတဲ့သူတွေ အတွက်ပေါ့။ ဒါဟာ သမထသက်သက်လည်း မဟုတ်ဘူး၊ ဝိပဿနာသက်သက်လည်း မဟုတ်ဘူးလို့ နားလည်လိုက်ပါ။ ဘာဝနာ ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားခဲ့တဲ့ နည်းစနစ်ပါ။ ဘုန်းကြီးတို့ရဲ့ ဆရာသမား၊ ဆရာတော် Ajahn Chahလည်း အပါအဝင် ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက တောရအစဉ်အလာမှာ ကျင့်သုံးလာတဲ့ နည်းစနစ် ဖြစ်ပါတယ်။

“သမထနဲ့ ဝိပဿနာကို ခွဲလို့ မရနိုင်ဘူး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာ-အာစာရ စတာတွေ မပါဘဲ သူတို့ကို နှစ်ခုတွဲပြီး ဖွံ့ဖြိုးအောင်လည်း မလုပ်နိုင်ဘူး”လို့ ဆရာတော် Ajahn Chahလည်း မကြာခဏ မိန့်တော်မူခဲ့ ပါတယ်။

တကယ်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ ခုနစ်ဆင့်မှာ တိုးတက်အောင်လုပ်ဖို့ ယောဂီဟာ နားလည်မှု လိုပါတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကိုလည်း လက်ခံနိုင်ရပါမယ်။ သီလလည်း စင်ကြယ်ရပါမယ်။ အဆင့် အားလုံးကို ရရှိဖို့ ဝိပဿနာ လိုပါတယ်။ “သဘာဝအတိုင်းလွှတ်ပေးထားခြင်း”ဟာ ဝိပဿနာ ပါပဲ။ ဒီ အဆင့်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ဝိပဿနာဟာ ပိုပိုပြီး လေးနက်သိမ်မွေ့ လာပါလိမ့်မယ်။ ဈာန်အထိ ရောက်တယ်ဆိုရင် သင့်ရဲ့ နားလည်မှု တစ်ခုလုံးကို ပြောင်းလဲပေးပါလိမ့်မယ်။

ဝိပဿနာဟာ ဈာန်ရဲ့ဘေးမှာ ဝို်င်းပတ်ပြီး ကခုန်နေသလိုပါပဲ။ ဈာန်ဟာလည်း ဝိပဿနာရဲ့ ဘေးမှာ ဝိုင်းပတ်ပြီး ကခုန်နေသလိုပါပဲ။

ဒါဟာ နိဗ္ဗာန်ရောက်မယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ “ဈာန်ဝင်စားသူအတွက် သောတာပန်ဖြစ်ခြင်း၊ သကဒါဂါမ်ဖြစ်ခြင်း၊ အနာဂါမ်ဖြစ်ခြင်း၊ ရဟန္တာဖြစ်ခြင်း ဆိုတဲ့ အကျိုးလေးမျိုး မျှော်လင့် နိုင်တယ်”လို့ ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့လို့ပါပဲ။ (ပါသာဒိကသုတ်၊ မဇ္ဈိမနိကာယ်)


Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။

အားလုံးပြီးပါပြီ။

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (14 March 2011):
http://secangkirteh.com/index.php?topic=647.90

No comments:

Post a Comment