ဖွင့်ဟခြင်း နှင့် လျှို့ဝှက်ခြင်း
မိတ်ဆွေကောင်းမည်သည် ကျိတ်၍ ကြံစည်လေ့ မရှိ။ ရိုးသား ပွင့်လင်း၏။ နှီးနှောတိုင်ပင်လေ့ရှိ၏။ အရေးကြီးသော ကိစ္စများကိုပင် ရင်းနှီးသူထံ ဖွင့်ဟတတ်၏။
မိတ်ဆွေကောင်းမည်သည် နှုတ်လုံ၏။ ဓားလျှိုလုပ်လေ့မရှိ။ ရင်းနှီးသူက ဖွင့်ဟ တိုင်ပင်လာသော တိုးတိုးတိတ်တိတ် ဆောင်ရွက်ရမည့် ကိစ္စများကို မပေါက်ကြားအောင် စောင့်ထိန်း ထားနိုင်၏။
မိမိအကြောင်း မိတ်ဆွေကို ဖွင့်ဟနိုင်သော မိတ်ဆွေကောင်း၏ သဘာဝနှင့် မိတ်ဆွေက ယုံယုံကြည်ကြည် ဖွင့်ဟလာသည့် လျှို့ဝှက်ရမည့် ကိစ္စကို မစောင့်ထိန်းသော သူယုတ်မာ၏ လက္ခဏာကို ပဏ္ဍရနာဂဇာတ်၌ အထင်အရှား တွေ့ရ၏။
ပဏ္ဍရနာဂရာဇဇာတ်
ရှေးအခါက ပဏ္ဍရနဂါးမင်းသည် တက္ကဒွန်းတစ်ယောက်ကို ကြည်ညို ဆည်းကပ်၏။ ထိုတက္ကဒွန်းသည် သင်္ဘောပျက်၍ ကရမ္ပိယသင်္ဘောဆိပ်သို့ ရောက်လာသော ကုန်သည်တည်း။ သင်္ဘောပျက်၍ အဝတ်များ ဆုံးရှုံးရသော ထိုကုန်သည်ကို ခေါင်းပါးသော အကျင့်ရှိသူဟု လူတို့က ကြည်ညိုကြ၏။
တစ်နေ့သော် နဂါးတို့ကို ဖမ်းယူ စားသောက်ရန် အခက်တွေ့နေသော ဂဠုန်မင်းသည် နဂါးဖမ်နည်းကို ရသေ့ထံ မေးမြန်း၏။ နဂါးမင်းထံမှ စုံစမ်းပေးရန် တောင်းပန်၏။
ထို့ကြောင့် တက္ကဒွန်းသည် “သင်တို့ကို ဖမ်းယူသော ဂဠုန်တို့ အဘယ့်ကြောင့် ပျက်စီး ရသနည်း”ဟု နဂါးမင်းကို မေး၏။ လျှို့ဝှက်အပ်သော အတိုင်အပင်ဖြစ်၍ နဂါးမင်းက မပြောဘဲနေ၏။
လျှို့ဝှက်ချက်ကား ဤသို့ ဖြစ်၏။ နဂါးတို့သည် ကျောက်ခဲကြီးကြီးကို ငုံ၍ ဝန်လေးအောင် ပြုထား၏။ ဂဠုန်တို့သည် နဂါးတို့ကို ဦးခေါင်းမှ ကိုက်ချီလေ့ရှိ၏။ ကျောက်ခဲဖြင့် ဝန်လေးသော နဂါးတို့ကို ဂဠုန်တို့ မသုတ်ချီနိုင်။ နဂါးကို သုတ်ချီရန် ကြိုးစားသော ဂဠုန်တို့သည် ရေနစ်သေရ၏။
အကယ်၍ ဂဠုန်တို့သည် နဂါးတို့ကို အမြီးမှသုတ်ချီ၍ အောက်သို့ တွဲလျားချလိုက်လျှင် နဂါးတို့၏ ပါးစပ်မှ ကျောက်ခဲများ ထွက်ကျလာမည်။ ထိုအခါ ပေါ့ပါးသွားသော နဂါးတို့ကို ဂဠုန်တို့သုတ်ချီနိုင်မည်။ ဤကား နဂါးတို့၏ လျှို့ဝှက်ချက်တည်း။
တက္ကဒွန်းသည် ထိုလျှို့ဝှက်ချက်ကို နဂါးမင်းထံ အဖန်တလဲလဲ ချဉ်းကပ်၍ မေးမြန်း စုံစမ်း၏။ နဂါးမင်းသည် တက္ကဒွန်းကို သူတော်ကောင်း အစစ်ထင်ပြီး ယုံကြည်စိတ်ချ သောကြောင့် “မည်သူ့ကိုမျှ ပြန်မပြောရ”ဟု ကတိတောင်း၍ လျှို့ဝှက်ချက်ကို ပြောပြလိုက်၏။
အယောင်ဆောင် တက္ကဒွန်းယုတ်သည် ကတိမတည်။ နဂါးတို့၏ လျှို့ဝှက်ချက်ကို ဂဠုန်မင်းအား ပြောပြလိုက်သောကြောင့် ဂဠုန်မင်းသည် နဂါးကို သုတ်ချီနိုင်၏။
ဘေးတွေ့သော်လည်းမစွန့်ခြင်း
မိတ်ဆွေကောင်းမည်သည် ပြည့်ပြည့်စုံစုံ ချမ်းသာနေသော အခါ၌ မြှောက်ပင့်စား၍ မပြည့်မစုံ ဆင်းရဲသော အခါ၌ နှိမ့်ချ၍ ဆက်ဆံ သောသူမျိုး မဟုတ်။ ဆိုးတူ ကောင်းဘက် ဆက်ဆံနိုင်သူမျိုး ဖြစ်၏။
အခက်တွေ့ချိန်၌ ကူညီသော မိတ်ဆွေများကို မဟာဥက္ကုသဇာတ်နှင့် ကုရုင်္ဂမိဂဇာတ်တို့၌ တွေ့ရ၏။
မဟာဥက္ကုသဇာတ်
ရှေးအခါက ပစ္စန္တရာဇ် မုဆိုးရွာအနီး၌ ရေအိုင်ကြီး တစ်အိုင်ရှိ၏။ ထိုအိုင်၏ တောင်ဘက်၌ သိန်းစွန် အဖိုတစ်ကောင် နေ၏။ အနောက်ဘက်၌ သိန်းစွန်မ နေ၏။ မြောက်ဘက်၌ ခြင်္သေ့ နေ၏။ အရှေ့ဘက်၌ ဝန်လိုငှက်နေ၏။ ရေအိုင်အလယ် မြေမြင့်ရာ အရပ်၌ လိပ်တစ်ကောင် နေ၏။
တစ်ခါသော် သိန်းစွန်အဖိုသည် သိန်းစွန် အမကို မယားအဖြစ် လုပ်ကျွေးရန် တောင်းပန်၏။ အဆွေခင်ပွန်း ရှိမှသာလျှင် လက်ခံမည်ဟု သိန်းစွန်မက ပြောသောကြောင့် သိန်းစွန်ဖိုသည် ဝန်လိုငှက်၊ ခြင်္သေ့၊ လိပ်တို့နှင့် မိတ်ဆွေဖွဲ့၏။ ထို့နောက် သိန်းစွန်တို့ ငြားကြပြီး သားငယ်နှစ်ကောင် ရ၏။
တစ်ညသော် မုဆိုးတို့သည် သိန်းငှက်တို့ကို သတ်ရန်ရောက်လာ၏။ ထိုအခါ သိန်းဖိုသည် မယား၏ အကြံပေးချက်အတိုင်း မိတ်ဆွေတို့ကို အကူအညီတောင်း၏။ မိတ်ဆွေတို့ကလည်း ကူညီသောကြောင့် အန္တရာယ်ကင်းရ၏။
မုဆိုးတို့သည် အလင်းရောင်ရအောင် မီးဖို၍ သိန်းငှက်သိုက်ရှိရာ ထိန်ပင်ပေါ် တက်၏။ ထိုစဉ် ဝန်လိုငှက်က အတောင်ဖြင့်လည်းကောင်း၊ နှုတ်သီးဖြင့်လည်းကောင်း ရေကို ဆောင်ယူကာ မိးဖိုကို ငြှိမ်းသတ်၏။ မုဆိုးတို့သည် ဝန်လိုငှက်ကိုပါ သတ်မည်ဟု ငြိုး၍ မီးညှိကြပြန်၏။ ငှက်ကလည်း ငြှိမ်းသတ်ပြန်၏။
သန်းခေါင်းချိန်ရောက်သော် ဝန်လိုငှက် ပင်ပန်းလာ၍ လိပ်ကို အကူအညီ တောင်းရ၏။ လိပ်သည် ကိုယ်ကို ရေမှာလူးကာ ညွန်၊ မှော်တို့ကို ယူ၍ မီးဖိုမှာ ဝပ်ကာ မီးအလင်းကို ငြှိမ်း၏။
မုဆိုးတို့သည် နွယ်ကြိုးကို နှုတ်ပြီး လိပ်ကို အဝတ်ပုဆိုးဖြင့် ရစ်ပတ်၍ နွယ်ဖြင့် ချည်၍ ဖမ်းကြ၏။ အားကောင်းသော လိပ်သည် မုဆိုးတို့ကို ရေနက်ရာသို့ ဆွဲခေါ်သွား၏။ မုဆိုးတို့သည် ရေမှ ပင်ပန်းစွာ ထွက်ခဲ့ကြပြီး တစ်ဖန် မီးမွှေးကြပြန်၏။
နောက်ဆုံး၌ ခြင်္သေ့မင်းကို အကူအညီ တောင်းရ၏။ ခြင်္သေ့မင်း ရောက်လာ သောအခါ မုဆိုးတို့သည် ကြောက်လန့် ထွက်ပြေးကြ၏။ ခြင်္သေ့မင်းသည် လိပ်နှင့် ငှက်တို့အား မိတ်ဆွေ ဖွဲ့ခြင်း၏အကျိုးကို ဟောကြား၏။
ကုရုင်္ဂမိဂဇာတ်
ရှေးအခါက ဘုရားလောင်း သမင်မင်းသည် လိပ်၊ ခေါက်ရှာငှက်တို့နှင့် မိတ်ဆွေ ဖွဲ့၏။ တစ်ခါသော် သမင်မင်းသည် ကျော့ကွင်းမှာ မိ၏။
ထိုအခါ လိပ်နှင့် ငှက်တို့က ကူညီကြ၏။ လိပ်သည် သားရေကျော့ကွင်းကို ကိုက်ဖြတ်၏။ ခေါက်ရှာငှက်သည် အိမ်မှ ထွက်လာသော မုဆိုးကို မျက်နှာမှာ အတောင်ဖြင့် ပုတ်ခတ်၍ တားမြစ်၏။ ခေါက်ရှာငှက်သည် မိုးလင်းချိန်၌ မုဆိုးကို မတားမြစ်နိုင်တော့ဘဲ လိပ်ထံပြေး၍ သတင်းပေးရ၏။ ထိုအခါ သားရေကျော့ကွင်းသည် တစ်လွန်းသာ ကျန်တော့၏။ လိပ်၏ သွားတို့လည်း ကြွေလုလု ဖြစ်လာ၏။ သမင်မင်းသည် မုဆိုး လာသည် ကိုမြင်လျှင် သားရေကြိုးကို ရုန်းဖြတ်ကာ တောသို့ဝင်ပြေး၏။ အားနည်းနေသော လိပ်ကိုကား မုဆိုးက ကောက်ယူ၍ အိပ်မှာထည့်ပြီး သစ်ငုတ်မှာ ချိတ်ထားလိုက်၏။
နောက်ပြန်လှည့်ကြည့်၍ လိပ်အဖမ်းခံရသည်ကို မြင်သော သမင်သည် အားနည်း ဟန်ပြု၍ မုဆိုးကို ကိုယ်ရောင်ပြကာ တောနက်ရာသို့ ခေါ်သွား၏။ မုဆိုးကို သွေးဆောင်လှည့်စားကာ မျက်ချေဖြတ်၍ လိပ်ထံ ပြန်လာ၏။ သစ်ငုတ်မှာ ချိတ်ထားသာ မုဆိုး၏ အိပ်ကို ဦးချိုဖြင့် ချိတ်ယူ၍ လိပ်ကိုကယ်၏။
ထို့နောက် သမင်မင်းသည် ငှက်နှင့်လိပ်တို့ကို ဆုံးမစကား ပြောပြီး မုဆိုး၏ အန္တရာယ်မှ လွတ်ရာသို့ သွားကြ၏။
ဆင်းရဲသော်လည်းမနှိမ်ချခြင်း
မိတ်ဆွေကောင်းမည်သည် အသားစီးရမှ ပေါင်းသင်းသူမဟုတ်။ ဂုဏ်ရှိမှ ချဉ်းကပ်သူ မဟုတ်။ ဆင်းရဲနိမ့်ကျသော မိတ်ဖက်ကိုသော်လည်း မနှိမ်မချ ကိုယ်နှင့် ထပ်တူ ချီးမြှောက်နိုင်သူ၊ ဖေးမ ကူညီသူ ဖြစ်၏။
ဆင်းရဲသော မိတ်ဆွေကို ချီးမြှောက်ရာ၌ ကာဠကဏ္ဏိဇာတ်တော်လာ အနာထပိဏ် သူဌေးသည် အတုယူလောက်သူ ဖြစ်၏။
ကာဠကဏ္ဏီဇာတ်
ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ မိတ်ဆွေဖြစ်၏။ ကာဠကဏ္ဏီနှင့် အနာထပိဏ်တို့သည် ငယ်ဖော်ကစားဖက်များ ဖြစ်ကြ၏။ အတူ ပညာသင်ယူဖက်လည်း ဖြစ်ကြ၏။
အရွယ်ရောက်သောအခါ အနာထပိဏ် ချမ်းသာချိန်၌ ကာဠကဏ္ဏီသည် ဆင်းရဲနေ၏။ စားရမဲ့ သောက်ရမဲ့ အခြေအနေထိ ရောက်သွား၏။
ထို့ကြောင့် အနာထပိဏ်သည် ဆင်းရဲနေသော ငယ်သူငယ်ချင်းကို အိမ်မှာခေါ်ထား၍ စောင့်ရှောက်၏။ ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ ဥစ္စာတို့ကို ထိန်းသိမ်း စောင့်ရှောက်ပေးရ၏။
တစ်ခါသော် အနာထပိဏ်သည် မိမိအပိုင်စားရသော ရွာသို့သွားစဉ် ကာဠကဏ္ဏီကို အိမ်စောင့်ထားခဲ့၏။ အနာထပိဏ်မရှိဟု သတင်းကြားသော သူခိုးတို့သည် လက်နက်ကိုယ်စီဖြင့် အနာထပိဏ်၏ အိမ်ကို ဝိုင်းရံကြ၏။
ကာဠကဏ္ဏီသည် ခိုးသူတို့ ရောက်လာသည်ကို သိ၍ အိမ်ထဲ၌ လူများရှိနေဟန် ပြု၏။ “ခရုသင်းမှုတ်လော့၊ စည်တီးလော့” စသည်ဖြင့် အိမ်တွင်း၌ ပွဲသဘင် ကျင်းပနေဟန်ဆောင်၏။ ခိုးသူတို့သည် အထင်မှားကာ လက်နက်တို့ကိုစွန့်၍ ပြေးကြ၏။ မိတ်ဆွေကောင်း ကာဠကဏ္ဏီကြောင့် အနာထပိဏ်သူဌေး၏ ပစ္စည်းများ မဆုံးရှုံးရခြင်း ဖြစ်၏။
ဆင်းရဲသောမိတ်ဆွေကို မနှိမ့်ချဘဲ ကူညီသင့်ကြောင်း၊ ထိုမိတ်ဆွေက ပြန်လည် ကျေးဇူးပြုတတ်ကြောင်း ဤဇာတ်တော်၌ ထင်ရှား၏။
ကြာကြာပေါင်းလေ မိတ်စစ်,မစစ် သိလေ..။
ReplyDeleteရိုသေစွာဖြင့်
ကြာမှသိတာလား။ အပါ့။ :)
ReplyDeleteThis comment has been removed by the author.
ReplyDelete"မိတ်ဆွေကောင်းမည်သည် အသားစီးရမှ ပေါင်းသင်းသူမဟုတ်။
ReplyDeleteဂုဏ်ရှိမှ ချဉ်းကပ်သူ မဟုတ်။
ဆင်းရဲနိမ့်ကျသော မိတ်ဖက်ကိုသော်လည်း မနှိမ်မချ
ကိုယ်နှင့် ထပ်တူ ချီးမြှောက်နိုင်သူ၊ ဖေးမ ကူညီသူ ဖြစ်၏။"
အဲဒီစကားကသိပ်တန်ဘိုးရှိပါတယ်...။
ကာဠကဏ္ဏီဇာတ်တော်ကအနာထပိဏ်ရဲ့စိတ်ဓါတ်က
လေးစားစရာကောင်းတယ်။
သူတော်ကောင်းတွေမို့ လားမသိ တယောက်နဲ့ တယောက်အပြန်အလှန်
စောင့်ရှောက်တတ်ကြတယ်။
အရမ်းကောင်းတဲ့ဥပမာတွေပါပဲ...
ကျေးဇူးအနန္တပါဘုရား...။
( မနေ့ ကရေးလိုက်တဲ့ Comment ကစာလုံးပေါင်းမှားသွားလို့ 
တပည့်တော်ပြန်ဖျက်လိုက်တာပါ...ခွှင့်လွှတ်တော်မူပါဘုရား...)
မအားတာနဲ့ အခုမှပဲပြန်ရေးလိုက်ရပါတယ်။ :)
စာလုံးပေါင်း မှားတာလား။ ဘာမှ အမှားမပါဘူး ထင်နေတာ။
ReplyDelete