Monday, March 14, 2011

Basic Method of Meditation (2-A) - အခြေခံတရားရှုမှတ်နည်း (၂-က)




အလေးနက်ဆုံး အမြင့်မြတ်ဆုံး ထိုးထွင်းသိမှုရဲ့ ဗီဇမျိုးစေ့ဖြစ်တဲ့၊ စိတ်ရဲ့ လှပတဲ့ တည်ငြိမ်တိတ်ဆိတ် သန့်စင်မှုလည်းဖြစ်တဲ့ တရားရှုမှတ်မှုရဲ့ ပန်းတိုင်ကို အပိုင်းသုံးပိုင်းပါတဲ့ ဒီဆောင်းပါးရဲ့ ပထမပိုင်းမှာ အကြမ်းဖျင်း ပုံဖော်ခဲ့ပါတယ်။ နောက်ပြီး ကမ္မဋ္ဌာန်းအားလုံးရဲ့ အဆက်အသွယ်၊ မပြတ်နိုင်တဲ့ ကြိုးမျှင်နဲ့တူတဲ့ ရုပ်ဝန်ထုပ် စိတ်ဝန်ထုပ်တွေကို စွန့်လွှတ်ခြင်းဆိုတဲ့ အရေးပါတဲ့ အချက်ကို ညွှန်ပြခဲ့ပါတယ်။ အပိုင်း (၁)မှာ နောက်ဆုံး အနေနဲ့ ကမ္မဋ္ဌာန်းရဲ့ ပထမအဆင့်လို့ သတ်မှတ်တဲ့ စရဏပိုင်းကို ရှည်ရှည်ဝေးဝေး ဖော်ပြခဲ့ပါတယ်။ ယောဂီဟာ ပစ္စုပ္ပန်မှာ အချိန်ကြာကြာ အဆက်မပြတ် သက်တောင့်သက်သာ နေနိုင်တဲ့အခါမှာ ပထမ အဆင့်ကို ရောက်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပစ္စုပ္ပန် အရှိအမှန်ဟာ အံဩစရာ ကောင်းပါတယ်၊ ကြီးကျယ်ခမ်းနားပါတယ်။ ဒီအဆင့်ရောက်ရင် အတော် ပြီးမြောက်ခဲ့ပါပြီ။ လေးနက်တဲ့ ကမ္မဋ္ဌာန်ရဲ့ အဆီးအတား၊ ပထမဆုံး ကြုံရတဲ့ ဝန်ထုပ်တွေကို လွှတ်ပစ်လိုက်ပါပြီ-ဆိုတဲ့၊ ပြီးခဲ့တဲ့ အခန်းမှာ ဖော်ပြခဲ့တဲ့ အဆင့်ထိ ရောက်ပေမယ့် ပိုပြီးလှပ ပိုပြီးရိုးရှင်း မှန်ကန်တဲ့ စိတ်အခြေအနေ (ဒုတိယအဆင့်)အထိ ရောက်အောင် ဆက်သွားသင့် ပါသေးတယ်။

ကင်းဆိတ်တဲ့ ပစ္စုပ္ပန်အသိ နဲ့ ပစ္စုပ္ပန်အတွေးတို့ရဲ့ ကွဲလွဲခြားနားမှုကို ရှင်းလင်းခွဲခြားခြင်းဟာ အသုံးဝင်ပါတယ်။ ရုပ်မြင်သံကြားမှာ ထုတ်လွှင်နေတဲ့ တင်းနစ်ပွဲကို ကြည့်နေသလိုပေါ့။ အဲဒီလို ပွဲမျိုးကို ကြည့်တဲ့အခါ တစ်ချိန်တည်းမှာ ပွဲစဉ်နှစ်ခု ရှိနေတယ်ဆိုတာ သတိထားမိကောင်း ထားမိပါလိမ့်မယ်။ မှန်သား ပြင်မှာ တွေ့ရတဲ့ပွဲနဲ့ ပွဲစဉ်ကို ကြေငြာဝေဖန်သူက ပြောပြနေတဲ့ နားနဲ့ကြားရတဲ့ ပွဲပေါ့။ ဩစတြေးလျားနဲ့ နယူးဇီလန် ကစားတယ်ဆိုရင် ဩစတြေးလျက ကြေငြာသူရဲ့ ဝေဖန်ချက်ဟာ တကယ့်အဖြစ်မှန်နဲ့ အများကြီး ကွာနေနိုင်ပါတယ်။ ဝေဖန်ချက်ဟာ မမျှမတ ဖြစ်တတ်ပါတယ်။

ဒီဥပမာမှာ ကမ္မဋ္ဌာန်းအတွင်းက ကင်းဆိတ်တဲ့ ပစ္စုပ္ပန်အသိဟာ ဝေဖန်ချက်မပါဘဲ မှန်သားပြင်က တင်းနစ်ပွဲကို ကြည့်ရတာနဲ့ တူပါတယ်။ ဝေဖန်တာကို အာရုံစိုက်ခြင်းဟာ ပစ္စုပ္ပန်ကို တွေးတောခြင်းနဲ့ တူပါ တယ်။ ဝေဖန်ချက်မပါဘဲ လေ့လာတဲ့အခါ၊ ကင်းဆိတ်တဲ့ ပစ္စုပ္ပန်အသိကိုပဲ ကြုံတွေ့ရတဲ့အခါ သစ္စာတရားနဲ့ ပိုနီးလာတယ်လို့ နားလည်သင့်ပါတယ်။

တစ်ခါတစ်ခါ အဇ္ဈတ္တမှတ်ချက်နဲ့ ကြံစည်ကြပါတယ်။ လောကကို သိနားလည်ကြပါတယ်။ တကယ်တော့ အဇ္ဈတ္တရဲ့ မှတ်ချက်အဆိုနဲ့ လောကကို မသိနိုင်ပါဘူး။ အဇ္ဈတ္တရဲ့ မှတ်ချက်အဆိုဟာ ဒုက္ခရဲ့ အကြောင်းရင်း မောဟကို လှိုင်းထစေပါတယ်။ အဇ္ဈတ္တမှတ်ချက်ကြောင့် ရန်သူကို ဒေါသထွက်ပါတယ်။ ချစ်ခင်သူကို အန္တရာယ် ကြီးမားစွာ တွယ်တာထားပါတယ်။ အဇ္ဈတ္တမှတ်ချက်ဟာ ဘဝပြဿနာအားလုံးကို ဖြစ်ပေါ်စေပါတယ်။ ကြောက်ရွံ့မှုနဲ့ အပြစ်အနာအဆာကို တည်ဆောက်ပါတယ်။ စိုးရိမ်မှုနဲ့ သိမ်ငယ်မှုကို ဖန်တီးပါတယ်။ လှည့်စားမှုတွေကို ဖန်တီးပါတယ်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်က ကျွမ်းကျင်တဲ့ ပွဲစဉ်ဝေဖန်သူဟာ ပွဲကြည့်ပရိတ်သတ် ဒေါသထွက်အောင်၊ မျက်ရည်ကျအောင် လုပ်နိုင်သလိုပါပဲ။

သစ္စာကို ရှာဖွေတယ်ဆိုရင် ကင်းရှင်းတိတ်ဆိတ်တဲ့ သိမှတ်မှုကို တန်ဖိုး ထားသင့်ပါတယ်။ တစ်ခြား ကိစ္စတွေမှာထက် တရားရှုမှတ်ရာမှာ အဲဒီအသိဟာ ပိုပြီးအရေးကြီးတယ်လို့ ယုံကြည်ပြီးတော့ပေါ့။ တွေးကြံမှုကို တန်ဖိုးထားခြင်းဟာ ကင်းဆိတ်တဲ့ သိမှတ်မှုအတွက် အဓိက အနှောင့်အယှက်ဖြစ် ပါတယ်။

တွေးကြံမှုအပေါ် အလေးပေးတာကို ဂရုတစိုက် ပယ်ရှားခြင်း၊ ကင်းဆိတ်တဲ့ သိမှတ်မှုရဲ့ တန်ဖိုးရှိမှုနဲ့ စစ်မှန်မှုကို နားလည်ခြင်းဟာ ဒုတိယအဆင့်ဖြစ်တဲ့ ထိုးထွင်းသိမြင်မှု ဖြစ်ပါတယ်။ ပစ္စုပ္ပန် အခိုက်အတန့်ကို သိတဲ့ ကင်းဆိတ်တဲ့ သိမှတ်မှုဖြစ်ပါတယ်။ တကယ် တက်ရောက်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။

အဇ္ဈတ္တဆုံးဖြတ်မှုကို ကျော်လွန်ဖို့ လှပတဲ့ နည်းလမ်းတစ်ခုကတော့ တစ်ဆင့်တက်ထားတဲ့ သိမှတ်မှု၊ ကင်းဆိတ်တဲ့ ပစ္စုပ္ပန် သိမှတ်မှုကို ဖွံ့ဖြိုးစေခြင်းပါပဲ။ ဘာဖြစ်ခဲ့တယ်ဆိုတာ မှတ်ချက်ချချိန် မရှိရအောင် အခိုက်အတန့်တိုင်းကို အနီးကပ် စောင့်ကြည့်နေခြင်းပါပဲ။ တွေးကြံမှုဆိုတာ ဖြစ်ခဲ့တဲ့အရာအပေါ်မှာ ထားတဲ့ သဘောထားအမြင် ဖြစ်ပါတယ်။ ဥပမာ “ကောင်းတယ်၊ မကောင်းဘူး၊ အဲဒါဘာလဲ” ပေါ့။ ဒီမှတ်ချက်တွေ အားလုံးဟာ ဖြစ်ပေါ်ခဲ့ပြီးတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့ အတွေ့ အကြုံကို မှတ်သားနေတဲ့အခါ၊ မှတ်ချက်ချနေတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အတွေ့အကြုံကို အာရုံမစိုက်နိုင် တော့ပါဘူး။

ဧည့်သည်ဟောင်းတွေနဲ့ အလုပ်ရှုပ်နေတာပါ။ ဧည့်သည်သစ်တွေကို ပစ်ထားတာပါ။ ဝင်လာကြတဲ့ ဧည့်သည်တွေကို တံခါးဝကနေ ကြိုတွေ့နေတဲ့ ဧည့်ခံပွဲတစ်ခုက အိမ်ရှင်တစ်ယောက်လို သင့်စိတ်ကို မှန်းဆ ကြည့်လိုက်ပါ။ ဧည့်သည်တစ်ယောက် ဝင်လာတော့ သူ့ကိုတွေ့ဆုံပြီး ဟိုအကြောင်း ဒီအကြောင်းတွေ လျှောက်ပြောနေမယ်ဆိုရင် ဧည့်သည်အသစ်တွေကို အာရုံစိုက်ရမယ့် သင့်တာဝန်ကို မလုပ်ဆောင်နိုင်တော့ ပါဘူး။ ဘာလို့လဲဆိုတော့ ဧည့်သည်အသစ်တွေ အချိန်ပြည့် ဝင်လာနေလို့ပါပဲ။ သင်လုပ်နိုင်တာက တစ်ယောက်ကို နှုတ်ဆက်ပြီး ချက်ချင်းပဲ နောက်တစ်ယောက်ကို နှုတ်ဆက်ဖို့ ဖြစ်ပါတယ်။ နောက်က ဝင်လာတဲ့သူ လွတ်သွားမှာ ဖြစ်တဲ့အတွက် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ခဏလေးတောင် စကား မပြောနိုင်ပါဘူး။

တရားရှုမှတ်တဲ့ အခါမှာ အာရုံတံခါးပေါက်ကနေ အတွေ့အကြုံတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ဝင်လာနေပါတယ်။ အတွေ့အကြုံ ဧည့်သည်တစ်ယောက်ကို သတိနဲ့ နှုတ်ဆက်လိုက်ပြီး သူနဲ့ဆက်ပြီး စကားဖောင်ဖွဲ့ (တွေးကြံ)နေရင် နောက်က ကပ်လိုက်လာတဲ့ အတွေ့အကြံုံ ဧည့်သည်ကို လွတ်သွားမှာပါ။ စိတ်ထဲ ဝင်လာတဲ့ ဧည့်သည်တိုင်းနဲ့၊ အတွေ့အကြုံ အားလုံးနဲ့အတူ ပစ္စုပ္ပန်အခိုက်အတန့်မှာ တကယ် ရှိနေပြီဆိုရင် အဇ္ဈတ္တ မှတ်ချက်အတွက် နေရာလွတ် မရှိတော့ပါဘူး။ စိတ်ထဲ ဝင်လာတိုင်း အရာရာကို သတိအပြည့်နဲ့ ဆက်ဆံ နေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မပြောအားတော့ပါဘူး။ ဒါဟာ ပစ္စုပ္ပန်သိမှတ်မှုကို ကင်းဆိတ်တဲ့ ပစ္စုပ္ပန်သိမှတ်မှု ဖြစ်အောင် အဆင့်မြှင့်လိုက်ခြင်း ပါပဲ။

အဇ္ဈတ္တကင်းဆိတ်မှု အဆင့်ကို မြှင့်တင်ခြင်းအားဖြင့် ကြီးလေးတဲ့ တစ်ခြားဝန်ထုပ်ကြီးကို စွန့်လိုက်ရာ ရောက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သင်ဟာ ဆက်တိုက် နှစ်ပေါင်း လေးငါးဆယ်ကြာအောင် လေးလံတဲ့ ကျောပိုးအိတ်ကြီးကို ထမ်းပိုးသယ်ဆောင်ရင်း ခရီးမိုင်ပေါင်း များစွာကို အပန်းတကြီး ချီတက်နေတဲ့သူနဲ့ တူပါတယ်။ အခု အဲဒီကျောပိုအိတ်ကို မြေကြီးပေါ် ခဏ ပစ်ချလိုက်ဖို့အတွက် သတ္တိရှိလာပါပြီ။ အသိဉာဏ် ရလိုက်ပါပြီ။ စိတ်မှာ ရောက်တတ်ရာရာ ကြံစည်ပြောဆိုခြင်း ဆိုတဲ့ ဝန်ထုပ်ကြီး မရှိတော့တဲ့အတွက် တကယ့်ကိုပဲ သက်သာသွားပါတယ်။ ပေါ့ပါးသွားပါတယ်။ လွတ်လပ်သွားပါတယ်။

ကင်းဆိတ်တဲ့ သိမှတ်မှုကို ဖွံ့ဖြိုးစေဖို့အတွက် အသုံးတည့်တဲ့ နည်းလမ်းတစ်ခုကတော့ အတွေးနှစ်ခု အကြား၊ စိတ်အကြံနှစ်ခု အကြားက ကွက်လပ်ကို သိမှတ်ခြင်း ဖြစ်ပါတယ်။ ထက်မြက်တဲ့ သတိနဲ့ အနီးကပ် စောင့်ကြည့်ရင် အတွေးတစ်ခု ပြီးဆုံးလို့ အတွေးသစ်တစ်ခု မစသေးတဲ့ အခိုက်တန့်ကို တွေ့ရမယ်။ အဲဒါပါပဲ။ ကင်းဆိတ်တဲ့ သိမှတ်မှုပေါ့။ အဲဒီ ကင်းဆိတ်မှုဟာ အစတော့ အခိုက်အတန့်လေးပဲ တည်လိမ့်မယ်။ တိုတောင်းတဲ့ ကင်းဆိတ်မှုကို ခွဲခြားသိမှတ်နိုင်တဲ့ အခါကျတော့ အဲဒီကင်းဆိတ်မှုနဲ့ ရင်းနှီးလာလိမ့်မယ်။ နောက်တော့ အဲဒီ ကင်းဆိတ်မှုဟာ ကြာရှည် တည်လာလိမ့်မယ်။ ကင်းဆိတ်မှုကို စတင် ခံစားရမယ်။ နောက်ဆုံးမှာ ကင်းဆိတ်မှုကို တွေ့ရပြီး ကင်းဆိတ်မှုဟာ တိုးပွားလည်းလာမယ်။ ဒါပေမယ့် ကင်းဆိတ်မှုဟာ ရှက်တတ်တယ် ဆိုတာ သတိထားပါ။ သင်က သူကို နှုတ်ဆက်စကား ဆိုလိုက်တာနဲ့ ချက်ချင်း ပျောက်ကွယ်သွားရော။

အဇ္ဈတ္တမှာ ကြံစည်ပြောဆိုမှုကို စွန့်လိုက်နိုင်မယ်၊ ပစ္စုပ္ပန်မှာ ကင်းဆိတ်တဲ့ အသိနဲ့ ကျေကျေနပ်နပ် နေနိုင်မယ်ဆိုရင် လူတိုင်းအတွက် အံ့ဩဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ ဉာဏ်ပညာနဲ့ အသိရှင်လင်းမှု ဖြစ်ပေါ်လာရေးမှာ ကင်းဆိတ်မှုက တွေးကြံမှုထက် သာပါတယ်။ အဇ္ဈတ္တမှာ ကင်းဆိတ်နေခြင်းဟာ ဘယ်လောက် နှစ်သက်စရာ ကောင်းတယ် ဘယ်လောက်တန်ဖိုး ရှိတယ်ဆိုတာကို နားလည်တဲ့အခါ ကင်းဆိတ်မှုဟာ ပိုပြီး ဆွဲဆောင်အား ကောင်းလာပါမယ်။ သင့်အတွက် ပိုပြီး အရေးပါလာပါမယ်။ အဇ္ဈတ္တမှာ ကင်းဆိတ်နေမှုဟာ စိတ်ရဲ့ညွတ်ကိုင်းရာ ဖြစ်လာပါတယ်။ စိတ်ဟာ ကင်းဆိတ်မှုကိုပဲ ရှာနေပါတော့တယ်။ တကယ့်အရှိတရားလား၊ ဘာများတည်ရှိသလဲဆိုပြီး အာရုံကပ်ရောက်မိတဲ့ နေရာမှာ ရှုနေပါတယ်။

ဒီအဆင့်မှာ အတွေးအကြံ အာလုံးဟာ အချက်အလက် ကင်းမဲ့တယ်၊ ဘာမှမဟုတ်ဘူး၊ အသိခက်မှုသာ ဖြစ်တယ်လို့ နားလည်းတဲ့အတွက် သင်ဟာ အချိန်တော်တော်များများ အဇ္ဈတ္တကင်းဆိတ်မှုမှာပဲ ဝမ်းမြောက်ဝမ်းသာ လွယ်လွယ်ကူကူ ရှိနေပါတော့တယ်။ ရှုမှတ်မှုရဲ့ ဒုတိယအဆင့်ဟာ ပစ္စုပ္ပန်အခိုက်အတန့် အပေါ်မှာထားတဲ့ ကင်းဆိတ်တဲ့ အသိ ဖြစ်ပါတယ်။ သင်ဟာ ဒီအဆင့်နှစ်ဆင့် ဖွံ့ဖြိုးအောင် ကြိုးစားရင်းနဲ့ပဲ အချိန်တော်တော်များများကို ကုန်လွန် စေနိုင်ပါတယ်။ ဒီအဆင့် ဖွံ့ဖြိုးလာမှ ရှေ့ဆက်ပြီး တရားတက်နိုင်မှာ ဖြစ်လို့ပါပဲ။ ပစ္စုပ္ပန်အခိုက်အတန့် အပေါ်မှာထားတဲ့ ကင်းဆိတ်တဲ့ အသိရောက်ရင် ငြိမ်းချမ်းပျော်ရွှင်ဖွယ် အတွေ့အကြုံကို ရမယ်။ နောက်ဆက်တွဲ အနေနဲ့ ဉာဏ်ရင့်လာမယ်။

ဆက်ပြီး အားထုတ်ချင်သေးတယ်ဆိုရင် စိတ်မှာပေါ်လာသမျှကို ကင်းဆိတ်တဲ့ အသိနဲ့ သိနေမယ့်အစား တစ်စုံတစ်ရာ အပေါ်မှာထားတဲ့ ကင်းဆိတ်တဲ့ သိမှတ်မှုကို ရွေးခြယ်နိုင်ပါတယ်။ တစ်စုံတစ်ရာ ဆိုတာဟာ အသက်ရှူမှုကို သိမှတ်တာလည်း ဖြစ်နိုင်တယ်။ မေတ္တာထားတာလည်း ဖြစ်နိုင်တယ်။ စိတ်မှာ ပုံဖော်ထားတဲ့ ရောင်စုံစက်ဝိုင်း ကသိုဏ်းဝန်းလည်း ဖြစ်နိုင်တယ်။ တစ်ခြား ဖြစ်နိုင်တာတွေလည်း ရှိပါသေးတယ်။ သိပ်မသိကြတဲ့ အာရုံဖြစ်ကောင်း ဖြစ်မယ်။ အသိသတိရဲ့ ဦးတည်ရာ တစ်ခုခုပေါ့။ အခုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အသက်ရှူမှုကို သိမှတ်တဲ့ ကင်းဆိတ်တဲ့ အသိကို ပြောပါမယ်။

စူးစိုက်ဖို့ အာရုံတစ်ခု ရွေးခြယ်ခြင်းဟာ အမျိုးမျိုး ကွဲပြားနေတာကို စွန့်လွှတ်လိုက်တာ၊ ဆန့်ကျင်ဘက် အားဖြင့် စည်းလုံးမှုဆီ ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။ စိတ်ဟာ စုရုံးမှု ရှိလာတဲ့အတွက် စွမ်းအင်ရှိပြီး နှစ်သက်ဖွယ်ရာ ငြိမ်းချမ်းမှု အတွေ့အကြုံလည်းဖြစ်တဲ့ အာရုံတစ်ခုတည်းမှာ တစ်ဆက်တည်း တည်နေမှုဟာ သိသိသာသာ တိုးပွားလာပါတယ်။

စားပွဲတစ်ခုပေါ်မှာ တပြိုင်တည်း မြည်နေတဲ့ တယ်လီဖုန်း ခြောက်လုံးရှိနေသလိုမျိုး အသိအာရုံ ကွဲပြားမှုဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး၊ စားပွဲမှာ သီးသန့် တယ်လီဖုန်းလိုင်း တစ်ခုတည်း ထားလိုက်သလိုမျိုး အသိအာရုံ ကွဲပြားမှုကို စွန့်လွှတ်လိုက်ခြင်းဟာ သက်သာရာ တစ်ခုဖြစ်တယ်၊ ပျော်ရွှင်ကျေနပ်စေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

Ajahn Brahmavamso ရဲ့ “The Basic Method of Meditation”ကို ဘာသာပြန်ပါတယ်။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။

Ref (2 March 2011):
http://www.buddhanet.net/budsas/ebud/ebmed035.htm
Picture from (14 March 2011):
http://howtopracticezen.com/intermediatezen.html

No comments:

Post a Comment