တရားရှုမှတ်တယ်ဆိုတာ သဘာဝအတိုင်း လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ တရားရှုမှတ်ရာမှာ တည်ငြိမ်တဲ့ အဇ္ဈတ္တလောကကို ရောက်နိုင်ဖို့ ရှုပ်ထွေးတဲ့ ဗဟိဒ္ဓလောကကို လွှတ်ပေးလိုက်ပါတယ်။ ဘာသာတရား အားလုံးနဲ့ များစွာသော ဓလေ့ထုံးတမ်းတွေမှာ ဒီရှုမှတ်မှုကို “သန့်စင်ပြီး စွမ်းအားပြည့်ဝတဲ့ စိတ်ကို ရရှိဖို့ နည်းလမ်း”အဖြစ် သိကြပါတယ်။ လောကကလွတ်မြောက်တဲ့၊ စင်ကြယ်တဲ့ ဒီစိတ်ကို တွေ့ကြုံ ခံစားလိုက်ရတာဟာ အံ့သြစရာ ကောင်းပါတယ်။ နှစ်သက်စရာလည်း ကောင်းပါတယ်။
တရားအားထုတ်ရာမှာ အစပိုင်းတော့ အခက်အခဲတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ အခက်အခဲက အလွန်လှပပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ အခြေအနေတွေဆီ ဦးဆောင်သွားလိမ့်မယ်လို့ နားလည်ပြီး အခက်အခဲကို သည်းခံစိတ်လည်း ရှိလာပါလိမ့်မယ်။ အားထုတ်ရကျိုး နပ်ပါလိမ့်မယ်။
အားစိုက်မှု မရှိဘဲ မတိုးတက်နိုင်ဘူးဆိုတဲ့ အချက်ဟာ သဘာဝနိယာမ ဖြစ်ပါတယ်။ လူပဲဖြစ်ဖြစ် ရှင်ရဟန်းပဲဖြစ်ဖြစ် အားထုတ်မှု မပါဘဲနဲ့ ဘာမှ မရနိုင်ပါဘူး။ တရား ရှုမှတ်ရာမှာပဲဖြစ်ဖြစ်၊ တစ်ခြား ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။ အားစိုက်မှု တစ်ခုတည်းနဲ့လည်း မလုံလောက်သေးပါဘူး။ အားစိုက်မှုမှာ ကျွမ်းကျင်မှုပါဖို့ လိုပါတယ်။ ဆိုလိုတာက စွမ်းအင်ကို နေရာမှန်ဆီ ဦးတည်ပေးလိုက်ဖို့နဲ့ သူ့တာဝန် မပြီးဆုံးမချင်း အဲဒီ နေရာမှန်မှာပဲ ဆက်လက် ထားရှိဖို့ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ အားစိုက်မှုက ဟန့်တားတာ၊ နှောင်ယှက်တာမျိုး မရှိပါဘူး။ နက်နဲတဲ့ ကမ္မဋ္ဌာန်းရဲ့ လှပတဲ့ ငြိမ်းချမ်းမှုကိုသာ ထုတ်လုပ်ဖန်တီး ပေးပါတယ်။
အားစိုက်မှုကို ဘယ်နေရာမှာ ဦးတည်ပေးရမလဲဆိုတာ သိနိုင်ဖို့ တရားရှုမှတ်မှုရဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိနားလည်ထားရပါမယ်။ တရားရှုမှတ်မှုရဲ့ ပန်းတိုင်ဟာ လှပတိတ်ဆိတ်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်ပြီး သန့်စင်တဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ အဲဒီပန်းတိုင်ကို သိနားလည်တယ်ဆိုရင် အားစိုက်ရမယ့် နေရာနဲ့ ပန်းတိုင် ရောက်အောင် အားထုတ်ရမယ့် နည်းလမ်းဟာ တကယ့်ကို ထင်ရှားလာပါတယ်။ သဘာဝအတိုင်း လွှတ်ပေးထားလိုက်ဖို့၊ စွန့်လွှတ်ဖို့ အလားအလာရှိတဲ့ စိတ်ကို ဖွံ့ဖြိုးအောင် လုပ်ဖို့ အားစိုက်ရပါတယ်။
ဗုဒ္ဓရှင်တော်မြတ် မိန့်တော်မူခဲ့တဲ့၊ ရိုးရှင်းပေမယ့် လေးနက်တဲ့ တရားများစွာထဲက တစ်ခုကတော့ “စွန့်လိုစိတ် ရှိတဲ့သူဟာ (တရားရှုမှတ်မှုရဲ့ ပန်းတိုင်) သမာဓိ ရလွယ်ပါတယ်” တဲ့။ ဒီလို ယောဂီမျိုးဟာ အလွန် အမင်း ငြိမ်းချမ်းတဲ့ အဇ္ဈတ္တ အခြေအနေကို အလိုအလျောက်နီးပါး ရရှိပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဟောတော်မူတာက လေးနက်တဲ့ ကမ္မဋ္ဌာန်းကို ရောက်ဖို့၊ စွမ်းအင် ပြည့်ဝတဲ့ အခြေအနေကို ရောက်ဖို့ အဓိက အကြောင်းဟာ စွန့်လွှတ်လိုခြင်း၊ သဘာဝအတိုင်း ဖြစ်ခွင့် ပေးလိုက်ခြင်းနဲ့ စွန့်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်တဲ့။
အားထုတ်နေတဲ့ ကာလအတွင်းမှာ စုဆောင်းသိုမှီးတဲ့စိတ်၊ ပစ္စည်းဝတ္ထုတွေအပေါ် ဆုပ်တွယ်ထားတဲ့ စိတ်ကို တိုးပွားအောင်လုပ်မှာ မဟုတ်ပါဘူး။ စွန့်လွှတ်တဲ့စိတ်၊ ဝန်ထုပ်တွေ ချပစ်လိုက်တဲ့စိတ်ကို ဖွံ့ဖြိုးအောင်ပဲ လုပ်ရပါမယ်။ ကမ္မဋ္ဌာန်းရဲ့ အပြင်ဘက်မှာတော့ လေးလံတဲ့ အထုပ်အပိုးလိုမျိုး တာဝန်ဝတ္တရား ဝန်ထုပ်များစွာကို သယ်ဆောင် ထမ်းရွက်ထားရပါတယ်။ တရားစခန်းမှာတော့ ဝန်စည်စလယ်တွေ တတ်နိုင်သလောက် လျှော့ချထားရဲ့လားလို့ ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်ကို အပေါ်ကနေ ဖိချထားတဲ့၊ အချိန်စီးတဲ့ တကယ့် ဝန်ထုပ်ဝန်ပိုးတွေလို့ မှတ်လိုက်ပါ။ သူတို့ကို ပြန်မကြည့်ဘဲ စွန့်ပစ်လိုက်ရင်းနဲ့ပဲ အဲဒီပစ္စည်းတွေကို သဘာဝအတိုင်း လွှတ်ပေးလိုက်ဖို့အတွက် မှန်ကန်တဲ့ သဘောထား ရရှိပါတယ်။ ဒီအားစိုက်မှု၊ ဒီသဘောထား၊ စွန့်လွှတ်မှုဆီ ဦးတည်တဲ့ စိတ်ရဲ့ ဒီပြောင်းလဲမှုက နက်ရှိုင်းတဲ့ ကမ္မဋ္ဌာန်းဆီ ပို့ပေးပါလိမ့်မယ်။
တရားစခန်းရဲ့ ပထမဆုံး အဆင့်တွေမှာပဲ စွန့်ခွာမှု နေက္ခမ္မစွမ်းအင်ကို ထုတ်လုပ်နိုင်ရဲ့လား၊ ပစ္စည်း ဝတ္ထုတွေကို စွန့်ပစ်လိုစိတ် မွေးနိုင်ရဲ့လား ဆန်းစစ်ကြည့်ပါ။ လွှတ်ပေးလိုက်တဲ့ သဘာဝဟာ နည်းနည်းချင်း နည်းနည်းချင်း ပေါ်လာပါလိမ့်မယ်။ စိတ်ထဲမှာ ပစ္စည်းဝတ္ထုတွေကို စွန့်လိုက်တဲ့အခါ ပိုပြီး ပေါ့ပါးလာတာကို ခံစားရပါလိမ့်မယ်။ ဝန်ထုပ်ဝန်ပိုးတွေ ကင်းသွားပါမယ်။ လွတ်လပ်သွားပါမယ်။ ကမ္မဋ္ဌာန်း တရားလမ်းစဉ်မှာ ဒီလို ပစ္စည်းဝတ္ထုတွေကို စွန့်လွှတ်ခြင်းဟာ သူ့အဆင့်နဲ့သူ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပေါ်လာပါတယ်။
ဒီအခြေခံ အဆင့်ကို မြန်မြန်လေး ကျော်လိုက်ချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလို ကျော်တယ် ဆိုရင်တော့ သတိရှိပါစေ။ တစ်ခါတစ်ခါ အခြေခံ အဆင့်တွေကို မြန်မြန်ကျော်လိုက်ရင် အခြေခံ မဲ့နေတတ် ပါတယ်။ အလွန်အားနည်းပြီး အလျင်စလို ပြုလုပ်ထားတဲ့ အုတ်မြစ်ပေါ်မှာ အိမ်ဆောက်တာနဲ့ တူနေပါတယ်။ အဆောက်အဦဟာ မြန်မြန် တက်သွားပေမယ့် မြန်မြန် ပြိုကျတတ်ပါတယ်။ သန်သန်မာမာ ခိုင်ခိုင်မြဲမြဲ ပြုလုပ်ထားတဲ့ အခြေခံနဲ့ ပထမအဆင့်မှာ အချိန်ယူခြင်းဟာ ပညာသား ပါပါတယ်။ အထက်အထက်က ကျေနပ်နှစ်သက်စရာ ကမ္မဋ္ဌာန်း အဆင့်တွေ ရောက်တဲ့အခါမှာ အထက်အဆင့် တွေဟာလည်း တည်ငြိမ် ခိုင်မြဲ နေပါလိမ့်မယ်။
ဘုန်းကြီးတို့ သင်ပြပေးတဲ့ ကမ္မဋ္ဌာန်းနည်းမှာတော့ အတိတ်နဲ့ အနာဂတ်က ဝန်စည်စလယ် အထုပ်အပိုးတွေကို စွန့်လွှတ်တဲ့၊ အလွန်ရိုးရှင်းတဲ့ အဆင့်က စတာကို ကြိုက်ပါတယ်။ ဒီကိစ္စဟာ အခြေခံ ကျလွန်းတယ်၊ အလွန်လွယ်ကူတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန် အခိုက်အတန့်မှာ အာရုံစိုက်ခြင်း ဖြစ်တဲ့ ပထမ ပန်းတိုင်ကို စနစ်တကျ မရောက်သေးခင် အထက်အဆင့်ကို လှမ်းမကျော်ဘဲ အခြေခံ အဆင့်မှာ အင်အားအပြည့် ထည့်လိုက်ရင် အထက်အဆင့်အတွက် အလွန်ခိုင်မာတဲ့ အခြေခံကို တည်ဆောက် ထားလိုက်ပြီလို့ နောက်ကျတော့ နားလည်လာပါလိမ့်မယ်။
အတိတ်ကို စွန့်လွှတ်ခြင်းဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ့်မိသားစု၊ ကိုယ်ဆောင်ရွက်ရမယ့် ကိစ္စ၊ ကိုယ့်တာဝန်ဝတ္တရား၊ ကိုယ့်သမိုင်းကြောင်း၊ ကလေးဘဝက ကိုယ်ကြုံခဲ့ရတဲ့ ကာလဆိုးကောင်း၊ ဒါတွေ ကိုတောင် ထည့်မစဉ်းစားတာ ဖြစ်ပါတယ်။ အတိတ်က အတွေ့အကြုံတွေကို လုံးဝ စိတ်မဝင်စားတော့ဘဲ စွန့် လွှတ်လိုက်တာ ဖြစ်ပါတယ်။ တရားအားထုတ်နေတဲ့ အချိန်မှာ သမိုင်းကြောင်း မရှိတဲ့သူ ဖြစ်လာပါတယ်။ ဘယ်က လာခဲ့တယ်၊ ဘယ်မှာ မွေးဖွားခဲ့တယ်၊ မိဘတွေက ဘယ်သူ၊ ဘယ်လို ကြီးပျင်းခဲ့ရတယ် ဆိုတာတောင် ထည့်မစဉ်းစား ပါနဲ့တော့။ အဲဒီ သမိုင်းကြောင်းတွေကို တရားအားထုတ်တဲ့ အခါမှာ စွန့်ပစ်လိုက်ရပါတယ်။ ဒီနည်းအားဖြင့် တရားအားထုတ်တဲ့ သူတွေဟာ တူညီလာကြပါတယ်။ အားထုပ်သူ ယောဂီတွေသာ ဖြစ်ကြပါတယ်။ ယောဂီ အဟောင်းပဲ ဖြစ်ဖြစ်၊ အသစ်ပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်လောက်ကြာကြာ အားထုတ်ဖူးပြီ ဆိုတာဟာ အရေး မကြီးတော့ပါဘူး။ အဲဒီ သမိုင်းကြောင်းကို စွန့်လိုက်နိုင်ရင် အားလုံးဟာ တူမျှပါတယ်။ လွတ်လပ်ပါတယ်။
အားလုံးကို ထိန်းချုပ် ကန့်သတ်ထားတဲ့၊ သဘာဝအတိုင်း လွတ်ပေးလိုက်ခြင်းကနေ ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းမှုကို မတိုးတက် မဖွံ့ဖြိုးနိုင်အောင် တားမြစ်ထားတဲ့ စိုးရိမ်ပတ်သက်မှုတွေ၊ သဘောထား အမြင်တွေ၊ တွေးထင်မှုတွေကနေ လွတ်မြောက်အောင် ကိုယ်တိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကိုယ့်သမိုင်းကြောင်း အစိတ်အပိုင်း အားလုံးကို လွှတ်ပစ်လိုက်ရပါမယ်။ တရား အားထုတ်တဲ့ အချိန်အထိ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်၊ အခုလေးတင် ဖြစ်ပေါ်ခဲ့တဲ့ အမှတ်သညာကိုတောင် လွှတ်ပေးလိုက်ရပါတယ်။
ဒီနည်းအားဖြင့် အတိတ်က ဝန်ထုပ်ကို ပစ္စုပ္ပန်ထိ သယ်မလာတော့ပါဘူး။ အခုလေးတင် ဘာဖြစ်ခဲ့သလဲ ဆိုတာ စိတ်မဝင်စား တော့ပါဘူး။ လွှတ်ပေးလိုက်ပါတယ်။ အတိတ်ကို စိတ်မှာ ပဲ့တင်အထပ် မခံပါဘူး။ စိတ်ဟာ အရူးထောင်မှာ စိတ်ဝေဒနာရှင်တွေ ထိခိုက်နာကျင်မှု မဖြစ်ရအောင် စီမံထားတဲ့ နံရံပျော့ပျော့ အခန်းလို ဖြစ်လာပါတယ်။ ဘယ်လိုသဘောထား ဘယ်လိုတွေးထင်မှုမျိုးပဲ ဖြစ်ပေါ်လာပါစေ နံရံပျော့ပျော့မှာ ဝင်တိုက်မိ ပါတယ်။ ပြန်ပြီး ကန်ထွက် မလာတော့ပါဘူး။ နံရံပျော့မှာ နစ်မြုတ်ပြီး အဲဒီမှာတင် ရပ်တန့် သွားပါတယ်။
ဒါကြောင့် အတိတ်ကို စိတ်မှာ ပဲ့တင်ထပ်ခွင့် မပေးပါဘူး။ မနေ့တစ်နေ့က အတိတ်တင် မကပါဘူး ပြီးခဲ့တဲ့ အချိန်တွေ အားလုံးကို ခွင့်မပေးတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဝန်မရှင်း တာတွေကို ပယ်စွန့် နေကြတာ၊ သဘာဝအတိုင်း လွှတ်ပေးလိုတဲ့ စိတ်ကို ဖွံ့ဖြိုးအောင် လုပ်နေကြတာ ဖြစ်လို့ပါပဲ။
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့ဖူးပါတယ်။ အတွဲအမှတ် မမှတ်မိတော့ပါ။
No comments:
Post a Comment