ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း
![]() |
မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
ဗဟိဒ္ဓအာရုံတွေကို လွှတ်ပေးထားပါ။ သားသမီးတွေနဲ့ ဆွေမျိုးတွေဆီရောက်တဲ့ အတွေးကို မဆုပ်ကိုင်မိ ပါစေနဲ့။ တစ်ခြား ဘာကိုမှလည်း ဆုပ်ကိုင်မထားပါနဲ့။ ထားလိုက်ပါ။ စိတ်ဟာ အာရုံ တစ်ခုတည်းမှာ စုစည်းနေပါစေ။ ကောင်းကောင်း စုစည်းမိနေတဲ့ စိတ်ဟာ အသက်ရှူမှု အပေါ်မှာ တည်နေပါစေ။ အသက်ရှူမှုဟာ တစ်ခုတည်းသော သိမှတ်စရာအာရုံ ဖြစ်နေပါစေ။ စိတ်ဟာ ပိုလို့ ပိုလို့ သိမ်မွေ့လာတဲ့အထိ, ခံစားမှု ဝေဒနာတွေ မထင်မရှား ဖြစ်လာတဲ့ အထိ, အဇ္ဈတ္တစင်ကြယ်မှုနဲ့ နိုးကြားမှုတို့ ဖြစ်ပေါ်လာတဲ့အထိ စူးစိုက်ရှူမှတ်ပါ။ နောက်ဆုံးမှာတော့ အသက်ရှူမှုကို ကိုယ့်ဆီလာတဲ့ ဆွေမျိုးတစ်ယောက်လို ရှူမြင်နိုင်ပါလိမ့်မယ်။ ဆွေးမျိုးတစ်ယောက် ပြန်ပြီဆိုရင် သူ့နောက်ထွက်ပြီး လိုက်ပို့ကြပါတယ်။ သူ လမ်းလျှောက်သွားတာ, ဒါမှမဟုတ် သူ ကားမောင်းထက်သွားတာ ကိုယ့်မြင်ကွင်းကနေ ကွယ်ပျောက်သွားတော့မှ အိမ်ထဲ ပြန်ဝင်ကြပါတယ်။ အသက်ရှုမှုကိုလည်း အလားတူပဲ စောင့်ကြည့်ကြရပါတယ်။ အသက်ရှူတာ ပြင်းရင် ပြင်းတယ်လို့ သိပါတယ်။ သိမ်မွေ့ရင် သိမ်မွေ့တယ်လို့ သိပါတယ်။ အသက်ရှုမှု ပိုပိုပြီး သိမ်မွေ့လာတာနဲ့အမျှ အဲဒီအသက်ရှူမှုကို နိုးကြားမှု အပြည့်နဲ့ အဆက်မပြတ် လိုက်သိနေပါတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူမှုဟာ လုံးဝ ချုပ်ငြိမ်းသွားပါရော။ ခံစားမှု သတိပဲ ကျန်ခဲ့ပါတော့တယ်။ ဒါကို ဗုဒ္ဓကို တွေရှိခြင်းလို့ ခေါ်ပါတယ်။ သိမြင်တော်မူတဲ့, နိုးကြားတော်မူတဲ့, ဉာဏ်အလင်း ကွန့်မြူးတော်မူတဲ့, ‘‘ဗုဒ္ဓ’’လို့ခေါ်တဲ့ ပုဂ္ဂိုလ်မြတ်ကို တွေ့လိုက်ရပါတယ်၊ နိုးကြားမှု အသိကို ရရှိပါတယ်။ ဒါဟာ ဉာဏ်ပညာ ဖြစ်ပါတယ်၊ ကြည်လင်ပြတ်သားမှု ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်မြတ်ကို တွေ့ရှိခြင်း, ကိုယ်တော်မြတ်နဲ့ အတူနေထိုင်ခြင်း ဖြစ်ပါတယ်။ ပရိနိဗ္ဗာန် စံတော်မူသွားတာဟာ သွေးနဲ့ သားနဲ့ သမိုင်းဖြစ်စဉ်ထဲက ဗုဒ္ဓသာ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့, တောက်ပြောင်တဲ့ သိမြင်မှု၊ ဗုဒ္ဓဉာဏ်ကို ဒီနေ့ ဒီအချိန်မှာ တွေ့ကြုံခံစား နိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ နှလုံးသားဟာ ဗုဒ္ဓတစ်ဆူပါပဲ။
သိမှုတစ်ခုကလွဲလို့ အရာရာကို လွှတ်ပေးထားလိုက်ပါ၊ ချထားလိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ ပေါ်ပေါက်လာတဲ့ အမြင်, ဒါမှမဟုတ် အကြား အာရုံတွေရဲ့ ကျီစားမှုကို မခံရပါစေနဲ့။ အာရုံတွေကို ချထားလိုက်ပါ။ အရာရာကို ဆုပ်ကိုင်ထားခြင်း အလျဉ်းမရှိ ပါစေနဲ့။ တစ်ဘက်သပ် သိရုံသာ သိနေလိုက်ပါ။ အတိတ် ဒါမှမဟုတ် အနာဂတ်ကို မစိုးမပူပါနဲ့။ အေးအေးတည်တည် နေလိုက်ပါ။ တိုးတက်ထွန်းကားမှု မရှိတဲ့, အနားယူခြင်းနဲ့ ရပ်တံ့ခြင်းကင်းတဲ့, ဆုပ်ကိုင်စရာ ဒါမှမဟုတ် တွယ်ငြိစရာ ဘာဆိုဘာမှ မရှိတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲ။ အတ္တမရှိလိို့, ငါမရှိလို့, ငါ့ဥစ္စာမရှိလို့ ပါပဲ။ အားလုံး လွတ်သွားပါပြီ။ ဒီနည်းလမ်းနဲ့ အရာရာကို ရှင်းထုတ်လိုက်ဖို့, ဘာကိုမှ သယ်ဆောင်မထားဖို့ ဗုဒ္ဓသွန်သင်တော်မူခဲ့ပါတယ်။ သိမြင်နားလည်ဖို့, သိမြင်နားလည်ပြီးဖြစ်ဖို့, လွှတ်ပေးလိုက်ဖို့ သွန်သင်တော်မူခဲ့ပါတယ်။
မွွေးဖွားမှုနဲ့ သေဆုံးမှု သံသရာစက်ဝန်းက လွတ်မြောက်ရာလမ်းဖြစ်တဲ့ ဓမ္မကို သိမြင်နားလည်ဖို့ ဆိုတာဟာ ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ လွှတ်ထားလိုက်နိုင်ဖို့, တရားကို နားလည်နေဖို့ ကြိုးစားပါ။ တရားနှလုံးသွင်းမှုမှာ တကယ်ခွန်အား စိုက်ထုတ်ပါ။ မိသားစုအကြောင်း တွေးမပူပါနဲ့။ ခုချိန်မှာတော့ သူတို့ဟာသူတို့ ရှိနေကြတာပေါ့။ နောင်တစ်ချိန်မှာ သူတို့လည်း ကိုယ့်လိုပဲ ဖြစ်ကြရမှာပါ။ ဒီကြမ္မာဆိုးကို လွတ်နိုင်တဲ့လူရယ်လို့ ကမ္ဘာမှာ မရှိပါဘူး။ အတည်မဲ့တဲ့ အရာအားလုံကို စွန့်လွှတ်လိုက်ဖို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။ အရာရာကို စွန့်လိုက်နိုင်ရင် သစ္စာကို သိပါလိမ့်မယ်။ မစွန့်နိုင်ရင် မသိနိုင်ပါဘူး။ ဒါ သဘာဝ ပါပဲ။ အားလုံးအတွက် ဒီသဘော အတူတူ ပါပဲ။ ဒါကြောင့် ဘာအတွက်မှ မစိုးရိမ်ပါနဲ့။ ဘာကိုမှ ဆုပ်တွယ်မထားပါနဲ့။
ကိုယ့်ဟာကိုယ် ကြံစည်စဉ်းစားတယ် ဆိုရင်တောင်မှ ပညာနဲ့ စဉ်းစားနေသရွေ့ မှန်ကန်ပါတယ်။ မို်က်မိုက်မဲမဲ မကြံစည် မစဉ်းစားပါနဲ့။ သားသမီးအကြောင်း စဉ်းစားတယ်ဆိုရင် ပညာနဲ့ စဉ်းစားပါ။ မိုက်မဲမှုနဲ့ မစဉ်းစားပါနဲ့။ ဘာကိုပဲ စိတ်ညွတ်သည်ဖြစ်စေ သူ့ရဲ့ သဘာဝကို သိတဲ့ ပညာနဲ့ ညွတ်ပါ၊ တစ်စုံတစ်ရာကို ပညာနဲ့ သိနားလည်လိုက်ရင် အဲဒီအရာကို လွှတ်ပေးလိုက်ပါတယ်။ ဆင်းရဲဒုက္ခလည်း မရှိတော့ပါဘူး။ စိတ်ဟာ အရောင်လက်လာပါတယ်။ ပျော်ရွှင်လာပါတယ်။ ငြိမ်းချမ်းလာပါတယ်။ အာရုံထွေပြားမှုက ကင်းလွတ်ပြီး မပြိုမကွဲ စုစည်း လာပါတယ်။ ခုလောလောဆယ် ကိုယ် ကူကယ်ရာ ရှာနိုင်တာက ကိုယ့်ရဲ့ အသက်ရှုမှုပဲ ဖြစ်ပါတယ်။
ဒါဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ် ဖြစ်ပါတယ်။ တစ်ခြားသူရဲ့ အလုပ် မဟုတ်ပါဘူး။ တစ်ခြားသူတွေ သူတို့အလုပ် သူတို့ လုပ်ကြပါစေ။ ကိုယ့်မှာ ကိုယ့်တာဝန်, ကိုယ့်အလုပ် ရှိနေပါတယ်။ ကိုယ့်မိသားစုဝင်တွေရဲ့ အလုပ်တာဝန်တွေကို ကိုယ် ယူစရာ မလိုပါဘူး။ တစ်ခြားတာဝန်တွေ ယူစရာ မလိုပါဘူး။ အဲဒါတွေ ထားလိုက်ပါ။ အဲဒီလို လွှတ်ပေးထားလိုက်ရင် ကိုယ့်စိတ် တည်ကြည်လာပါလိမ့်မယ်။ ခုလောလောဆယ်မှာ ကိုယ်လုပ်စရာ ရှိတာက ကိုယ့်စိတ်ကို စူးစိုက်ထားဖို့ ဖြစ်ပါတယ်။ စိတ်ကို ငြိမ်းချမ်းမှုဆီ ခေါ်ဆောင်လိုက်ပါ။ တစ်ခြားလုပ်စရာတွေကို တစ်ခြားသူတွေအတွက် ထားလိုက်ပါ။ အဆင်း, အသံ, အနံ့, အရသာ၊ ဒါတွေကို တစ်ခြားသူတွေ အာရုံစိုက်ကြပါစေ။ အရာရာကို ချန်ထားခဲ့ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ကိစ္စကို ဆောင်ရွက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းပါ။ နာကျင်ခံခက်မှုကို ကြောက်ရွံ့နေတာပဲ ဖြစ်ဖြစ်, သေရမှာ ကြောက်တာပဲ ဖြစ်ဖြစ်, တစ်ခြားသူတွေအတွက် စိုးရိမ်တာပဲဖြစ်ဖြစ်, ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်မှာ ပေါ်လာသမျှကို ‘‘ငါ့ကို မနှောင့်ယှက်ပါနဲ့။ သင်ဟာ ငါ့ရဲ့ အရေးကိစ္စ မဟုတ်တော့ဘူး’’လို့ ပြောလိုက်ပါ။ အဲဒီ လောကဓမ္မသဘာဝေတွေကို သိမြင်ရတဲ့ အခါမှာ ကိုယ့်ဟာကိုယ် ဒီအတိုင်းသာ ပြောလိုက်ပါ။
‘‘ဓမ္မ’’ဆိုတဲ့ စကားက ဘာကို ဆိုလိုတာလဲ? အရာရာဟာ ဓမ္မ ဖြစ်ပါတယ်။ ဓမ္မ မဟုတ်တာရယ်လို့ မရှိပါဘူး။ ‘‘လောက’’ဆိုတာကရော ဘာလဲ? လောကဆိုတာ အခုလောလောဆယ် ကိုယ့်စိတ်ကို နှောက်ယှက် ဒုက္ခပေးနေတဲ့ စိတ်အထင်တစ်ခုသာ ဖြစ်ပါတယ်။ ‘‘ဒီလူက ဘာလုပ်လိုက်မှာလဲ? ဟိုလူက ဘာလုပ်လိုက်မှာလဲ? ငါသေရင် သူတို့ကို ဘယ်သူက စောက်ရှောက်မှာလဲ? သူတို့ ဘယ်လိုတွေများ စီမံဆောင်ရွက်ကြမှာပါလိမ့်?’’တဲ့။ ‘‘လောက’’ဆိုတာ ဒါပါပဲ။ သေရမှာကြောက်တဲ့စိတ်, နာရမှာ ကြောက်တဲ့စိတ် ဖြစ်ပေါ်လာခြင်းဟာလည်း လောကပါပဲ။
လောကကို စွန့်လိုက်ပါတော့။ လောကဟာ သူဟာသူ ရှိနေတာပါ။ လောကကို စိတ်ထဲဝင်ခွင့် ပေးလိုက်ရင်, စိတ်ကိုလွှမ်းမိုးခြယ်လှယ်ခွင့် ပေးလိုက်ရင် စိတ်ဟာ မကြည်လင်တော့ပါဘူး။ စိတ်က စိတ်ကို ပြန်မမြင်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ထဲမှာ ဘာပဲပေါ်လာပေါ်လာ ‘‘ဒါ ငါ့ကိစ္စ မဟုတ်ဘူး၊ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ’’လို့သာ ပြောလိုက်ပါ။
အချိန်ကြာကြာ အသက်ရှင် နေထိုင်ချင်သေးတယ်ဆိုတဲ့ အတွေးစိတ်ကူးဟာ ကိုယ့်ကို ဆင်းရဲစေပါတယ်။ အခုပဲ သေလိုက်ချင်တယ်၊ မြန်မြန်သာ သေလိုက်ချင်တယ်ဆိုတဲ့ အတွေးစိတ်ကူးဟာလည်း မဟုတ်သေးပါဘူး။ ဒုက္ခပဲ မဟုတ်လား။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်မပိုင်ပါဘူး။ သူတို့သဘာဝနိယာမအတိုင်း သူတို့ ဖြစ်နေကြတာပါ။ ရုပ်ခန္ဓာရဲ့ ဘသာဝလမ်းကြောင်းနဲ့ ပတ်သက်လို့ ဘာမှ မလုပ်နိုင်ပါဘူး။ ရုပ်ခန္ဓာကို နည်းနည်းပါးပါး အလှပြင်နိုင်ပါတယ်။ ဆွဲဆောင်မှုရှိလာအောင်, အခိုက်အတန့် သန့်ပြန့်နေအောင် လုပ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေ နှုတ်ခမ်းနီ ဆိုးကြတာ, လက်သည်းရှည် ထားကြတာလို့ပေါ့။ အရွယ်ရလာတော့လည်း ဒီခရီးအတွက် ဒီလှေပဲ စီးကြရပါတယ်။ ဒါဟာ ရုပ်ခန္ဓာရဲ့ ဘသာဝလမ်းကြောင်းပါပဲ။ တစ်ခြားလမ်းကြောင်း ပြောင်းမပေးနိုင်ပါဘူး။ ကိုယ့်အနေနဲ့ ပိုကောင်းအောင် ပိုလှအောင် လုပ်ပေးနိုင်တာက စိတ်ပဲ ဖြစ်ပါတယ်။
အုတ်နဲ့ သစ်နဲ့ လူတိုင်း အိမ်ဆောက်နိုင်ကြပါတယ်။ ဘုရားရှင် ရှုမြင်တော်မူခဲ့တာက ဒီလိုပါ။ အဲဒီလို အိမ်မျိုးဟာ ကိုယ့်အိမ်အစစ် မဟုတ်ပါဘူး။ နာမည်ခံသာ ဖြစ်ပါတယ်။ လောကထဲက အိမ်ပါ။ လောကလမ်းကြောင်း လိုက်သွားမှာပါ။ အဇ္ဈတ္တငြိမ်းချမ်းမှုဟာ ကိုယ့်အိမ်အစစ် ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းနဲ့ ဆောက်လုပ်ထားတဲ့ ဗဟိဒ္ဓအိမ်ဟာ အလွန်တစ်ရာ လှပကောင်း လှပနိုင်ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းမှု မရှိပါဘူး။ ဒီဟာကို စိုးရိမ်ရ, ဟိုဟာကို စိုးရိမ်ရ၊ ဒီဟာကို ပူပန်ရ, ဟိုဟာကို ပူပန်ရနဲ့ပါ။ ဒါကြောင့် အိမ်အစစ် မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြင်အပမှာ ရှိနေပါတယ်။ အနှေးနဲ့ အမြန် စွန့်လွှတ်လိုက်ရပါလိမ့်မယ်။ ကိုယ် တကယ်ပိုင်တာ မဟုတ်တဲ့အတွက် ကိုယ်အမြဲနေနိုင်တဲ့နေရာ မဟုတ်ပါဘူး။ လောကရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ခန္ဓာအိမ်လည်း အတူတူပါပဲ။ ကိုယ်က အတ္တလို့ ယူဆတယ်၊ ‘ငါ’, ‘ငါ့ဥစ္စာ’လို့ သတ်မှတ်တယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လောကအိမ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာဟာ မွေးဖွားချိန်ကနေ ခုထိပဲ သူ့သဘာဝ လမ်းကြောင်းအတိုင်း ဖြစ်ပျက်စီးဆင်း နေပါတယ်၊ အိုပါတယ်။ နာပါတယ်။ မအိုအောင် မနာအောင် လုပ်လို့ မရနိုင်ပါဘူး။ အဲဒါ သူ့သဘာဝပဲ ဖြစ်ပါတယ်။ ခန္ဓာ့သဘာဝကို တစ်မျိုးတစ်ဖုံ ဖြစ်စေချင်တာဟာ ဘဲကို ကြက်ဖြစ်စေချင်တာလိုမျိုး ရူးသွတ်မှု ဖြစ်ပါတယ်။ အဲဒီလို ဆန္ဒဟာ မဖြစ်နိုင်ဘူးလို့ သိလိုက်တဲ့အခါမှာ၊ ဘဲဟာ ဘဲပဲဖြစ်ရမယ်, ကြက်ဟာ ကြက်ပဲဖြစ်ရမယ်, ခန္ဓာဟာ အိုရမယ် သေရမယ်လို့ သိလိုက်တဲ့အခါမှာ အင်အားနဲ့ စွမ်းအင်ကို တွေ့ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်က ခန္ဓာကိုယ်ကို ဆက်လက် ရှင်သန်နေစေချင်တယ်၊ အချိန်ကြာကြာ တည်ရှိနေစေချင်တယ်။ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဆရာတော် အချန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။
Original message (Our Real Home) is available (Jan 22, 2011) at
www.accesstoinsight.org/lib/thai/chah/bl111.html
ရှင်အာစာရ
Picture from (Jan 22, 2011):
http://picasaweb.google.com/watnongpahpong/LuangPorChah#5054629244599641650
ReplyDeleteဘုန်းဘုန်း လှေစီးတာတော့ စီးချင်တယ်.. ဒါပေမယ့် လှေကိုဘယ်သူလှော်လဲမသိ.. တပည့်တော် မလှော်တတ်.. :P
ကူးတို့ခ ပေးနိုင်သူများ ကိုယ်တိုင် လှေလှော်တတ်ဖို့ မလိုပါ။ လှေသူကြီး ကိုယ်တိုင် လှေလှော်ပါမည်။ ဤခရီးနီးပါသည်။ :)
ReplyDeleteလှေနဲ့ မသွားတော့ဘူးဘုန်းဘုန်း.. ကျည်ဆံရထားနဲ့ပဲ သွားတော့မယ်.. :P
ReplyDeleteသွားဗျာ... ခေတ်မီဖွံ့ဖြိုးတိုးတက်သော အ၀ှာ...ဆီသို့ :)
ReplyDeleteဟိုက်.. အ၀ှာဆိုတာ လေးထပ်တိုက်လား၊ ခြောက်ထပ်တိုက်လား ဘုရား :)
ReplyDeleteအားရင် ဘုရားဖူး ကြွပါဦးဘုန်းဘုန်း..။
http://www.facebook.com/album.php?aid=28644&id=100000928587931&l=bfc985408a