Friday, January 21, 2011

Our Real Home (Part 1) - အိမ်အစစ် (အပိုင်း - ၁)


ကွယ်လွန်ခါနီး သက်ကြီးရွယ်အို တစ်ဦးသို့ ဟောကြားချက်
အိမ်အစစ်
မရဏတရားသို့ ချဉ်းကပ်ခြင်း

မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

 ရိုရိုသေသေ လေးလေးစားစား တရားနာမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါ။ ဘုန်းကြီး တရားဟောနေတဲ့ အချိန်မှာ ဘုရားရှင် ကိုယ်တော်တိုင် ရှေ့မှာ လာထိုင်နေသလို သဘောထားပြီး ဘုန်းကြီးရဲ့ စကားလုံးတွေကို နားစိုက်ထောင်ပါ။ မျက်စိတွေ ပိတ်ထားပါ။ သက်တောင့်သက်သာ ရှိနေပါစေ။ စိတ်ကို စုစည်းပါ။ စိတ် တည်ငြိမ်နေပါစေ။ သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားကို ရိုသေလေးစားတဲ့ အနေနဲ့ ပညာ, သစ္စာနဲ့ ၀ိသုဒ္ဓိ ရတနာ သုံးမျိုးကို နှလုံးအိမ်မှာ တည်ရှိခွင့် ပေးလိုက်ပါ။

ဒီနေ့ ပေးဖို့ကမ်းဖို့ ဘာရုပ်ဝတ္ထုပစ္စည်းကိုမှ ဘုန်းကြီးတို့ ယူမလာပါဘူး။ ဓမ္မပဲ ယူလာခဲ့ပါတယ်။ ဘုရားတရားတော်တွေပဲ ယူလာခဲ့ပါတယ်။ ကောင်းကောင်း နားစိုက်နာယူပါ။ ပါရမီတော်တွေ ထုံးမွှမ်းထားတော်မူတဲ့ ဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ခန္ဓပရိနိဗ္ဗာန်ကို ရှောင်လွှဲတော် မမူနိုင်ခဲ့တာ နားလည်းထားသင့် ပါတယ်။ ကိုယ်တော်မြတ်ဟာ အသက်အရွယ် ကြီးရင့်တဲ့ အခါမှာ ခန္ဓာဝန် ချတော်မူခဲ့ပါတယ်။ လေးလံတဲ့ ဝန်ထုပ်ကို ပစ်ချတော် မူခဲ့ပါတယ်။ အခု ဒကာဒကာမတို့လည်း ခန္ဓာကိုယ်အပေါ် မှီခိုရတဲ့ နှစ်တွေ များခဲ့ပြီဆိုတဲ့ အချက်ကို ကျေကျေနပ်နပ် လက်ခံဖို့အတွက် ကြားနာသင်ယူကြရပါမယ်။ အဲဒါ လုံလောက်ပြီလို့ ခံယူသင့်ပါတယ်။

ခန္ဓာကိုယ်ကို အချိန်အကြာကြီး အသုံးပြုခဲ့ပြီးဖြစ်တဲ့ ပုဂံခွက်ယောက်စတဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ နှိုင်းစာနိုင်ပါတယ်။ အဲဒီ ပစ္စည်းပစ္စယတွေဟာ အစက သန့်ရှင်း တောက်ပြောင်နေခဲ့တယ်။ ဒါပေမယ့် အချိန်တော်ကြာအောင် အသုံးပြုပြီးတဲ့နောက်မှာတော့ ပျက်စီးယိုယွင်းစ ပြုလာပါတယ်။ တစ်ချို့ ကွဲပျက်သွားပါပြီ။ တစ်ချို့ ပျောက်ရှသွားပါပြီ။ မပျောက်မပျက် ကျန်ခဲ့တာတွေလည်း ယိုယွင်းလာပါပြီ။ ခိုင်မာသပ်ရပ်မှု မရှိတော့ပါဘူး။ ဒီလို ဖြစ်ရတာဟာ သူတို့ရဲ့ သဘာဝပါပဲ။ ကိုယ့်ခန္ဓာလည်း ဒီသဘောပါပဲ။ မွေးဖွားခဲ့တဲ့ နေ့ကစပြီး လူူငယ်ဘဝ, လူရွယ်လူလတ်ဘဝကနေ အခုလို အိုမင်းတဲ့ အသက်အရွယ်အထိ ဘဝတစ်လျှောက်လုံး အဆက်မပြတ် ပြောင်းလဲ လာခဲ့ပါတယ်။ အဲဒီသဘာဝကို လက်ခံရပါမယ်။ အဇ္ဈတ္တတရား, ခန္ဓာကိုယ်ထဲကတရားပဲဖြစ်ဖြစ်, ဒါမှမဟုတ် ခန္ဓာပြင်ပက တရားပဲဖြစ်ဖြစ် ပြုပြင်စီမံပေးရတဲ့ (သင်္ခါရ)တရားတွေမှာ အတ္တဝိဉာဉ် မရှိပါဘူး။ သင်္ခါရတရားတို့ရဲ့ သဘာဝဟာ ပြောင်းလဲခြင်းသာ ဖြစ်ပါတယ်။ ဒီအမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အထိ ဆင်ခြင်သုံးသပ်ပါ။

ဟောဒီ ယိုယွင်းနေတဲ့ အသားစု အသားစိုင်ဟာ သစ္စာဓမ္မ ဖြစ်ပါတယ်။ အမှန်တရားပါပဲ။ ဒီခန္ဓာကိုယ်မှာ ရှိနေတဲ့ အမှန်တရားဟာ သစ္စာဓမ္မ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မပြောင်းလဲတဲ့ သွန်သင်ဟောကြားချက်လည်း ဖြစ်ပါတယ်။ ဘုရားရှင်က ခန္ဓာကိုယ်ကိုကြည့်ဖို့, ခန္ဓာကိုယ် စူးစိုက်ရှုမှတ်ဖို့, ခန္ဓာရဲ့ သဘောမှန်နဲ့ အသားကျနေဖို့ ဟောကြား ဆုံးမတော်မူခဲ့ပါတယ်။ ခန္ဓာမှာ ဘယ်လို ခြေအနေတွေ ရှိနေရှိနေ ခန္ဓာနဲ့ ပတ်သက်လို့ သက်တောင့်သက်သာပဲ ရှိနေနို်င်ရမယ်။ ရုပ်ခန္ဓာဟာ လှောင်ပိတ် အကျဉ်းချ ခံနေရတယ်၊ နာမ်ခန္ဓာကိုတော့ ရုပ်ခန္ဓာနဲ့အတူ အကျဉ်းချ မခံစေရဘူးလို့ သေချာသိမှတ် ဆုံးဖြတ်နိုင်ဖို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ ကဲ ဟုတ်ပြီ။ အသက်အရွယ်နဲ့အတူ ရုပ်ခန္ဓာ ဆုတ်ယုတ်ယိုယွင်း လာတဲ့အခါမှာ အဲဒီ ဆုတ်ယုတ်ယိုယွင်းမှုကို မတွန်းလှန်ပါနဲ့။ ဒါပေမယ့် စိတ်ကိုတော့ ရုပ်နဲ့အတူ ကျဆုံးပျက်စီး မသွားပါစေနဲ့။ စိတ်ကို သီးသန့်ထားပါ။ သင်္ခါရတရားတို့ရဲ့ ဓမ္မတာလမ်းကြောင်းဖြစ်တဲ့ အမှန်တရားကို သိမြင်နားလည်းခြင်းအားဖြင့် စိတ်ဓာတ်စွမ်းအင် မြှင့်တင်ပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝပဲ၊ တစ်ခြားနည်းလမ်းနဲ့ မပြောင်းလဲနိုင်ဘူး။ မွေးဖွားပြီးရင် အိုမင်းရမယ်၊ နာဖျားရမယ်၊ နောက်ပြီး သေဆုံးရအုံးမယ်ဆိုတာ ဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်ပါပဲ။ ဒါဟာ ကြုံတွေ့နေရတဲ့ တကယ့် အမှန်တရားကြီးပါပဲ။ ခန္ဓာကို ပညာနဲ့ ကြည့်ပါ။ သဘောပေါက် နားလည်ပါ။

တကယ်လို့ ကိုယ့်အိမ်က ရေလွှမ်း ခံရတယ်, ပြာကျသွားအောင် မီးလောင်ခံရတယ် ဆိုရင်တောင်မှ၊ ဘယ်လိုခြိမ်းခြောက်မှု အန္တရာယ်နဲ့ပဲ ကြုံရကြုံရ အိမ်ကို အိမ်လို့ပဲ သဘောထားလိုက်ပါ။ ရေလွှမ်းမိုးမှု ဖြစ်လာပြီဆိုရင် အတွေးထဲမှာ ရေဝင်မလာပါစေနဲ့။ မီးလောင်မှု ဖြစ်ပွားပြီဆိုရင် နှလုံးသားကို မီးမစွဲပါစေနဲ့။ ရေလွှမ်းခံရတဲ့အိမ်, မီးလောင်ခံရတဲ့အိမ်, ကိုယ့်ခန္ဓာရဲ့ အပြင်ဘက်မှာ ရှိနေတဲ့အိမ်ကို အိမ်လို့ပဲ သဘောထားလိုက်ပါ။ စိတ်ကို တွယ်တာစရာတွေကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါ။ အချိန်တန်ပါပြီ။

အချိန် အကြာကြီး ရှင်သန်ခဲ့ပြီးပါပြီ။ အဆင်းမျိုးစုံ အသွင်မျိုးစုံကို ကိုယ့်မျက်စိနဲ့ မြင်ပြီးခဲ့ပါပြီ။ အသံမျိုးစုံကို ကိုယ့်နားနဲ့ ကြားပြီးခဲ့ပါပြီ။ အတွေ့အကြုံတွေ အများကြီး ရပြီးခဲ့ပါပြီ။ အားလုံးဟာ အတွေ့အကြုံတွေသာ ဖြစ်ပါတယ်။ အရသာရှိတဲ့ အစာတွေ စားပြီးခဲ့ပါပြီ။ ကောင်းတဲ့အရသာ အားလုံးဟာ ကောင်းတဲ့အရသာတွေသာ ဖြစ်ပါတယ်။ ဒါထက်မပိုပါဘူး။ မလိုလားအပ်တဲ့ အရသာတွေဟာ မလိုလားအပ်တဲ့ အရသာတွေသာ ဖြစ်ပါတယ်။ ဒါပါပဲ။ မျက်စိက အဆင်းလှလှကို မြင်ရရင်လည်း ဒါပါပဲ။ လှပတဲ့ အဆင်းပါပဲ။ မလှပတဲ့ အဆင်းဟာလည်း မလှပတဲ့ အဆင်းသာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဂီတသံချိုချိုကို နားနဲ့ကြားတယ်။ အသံဆိုတာထက် မပိုပါဘူး။ နားကလောစရာ သံစဉ်မညီတဲ့ အသံလည်း ဒါပါပဲ။ ရှင်းရှင်းလေးပါ။

ဆင်းရဲသည်ဖြစ်စေ, ချမ်းသာသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ, အိုမင်းသည်ဖြစ်စေ၊ လူဖြစ်စေ, တိရစ္ဆာန်ဖြစ်စေ ကမ္ဘာမှာရှိတဲ့ ဘယ်သတ္တဝါမှ အခြေအနေ တစ်ခုတည်းမှာ ကြာရှည် တည်မနေနိုင်ပါဘူး၊ တွေ့ကြုံရတဲ့ အရာမှန်သမျှ ပြောင်းလဲရမယ်, ကွေကွင်းရမယ်လို့ ဗုဒ္ဓရှင်တော် မိန့်မြွှက်ခဲ့ပါတယ်။ ဒါဟာ ပြုပြင်ပြောင်လဲလို့ မရတဲ့ ဘဝအမှန်တရားပါပဲ။ ကိုယ်တကယ် လုပ်နိုင်တာက လူပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိတဲ့အကြောင်း ဘယ်အရာမှ ‘ငါ’, ‘ငါ့ဥစ္စာ’ မဟုတ်တဲ့အကြောင်း သိနိုင်ဖို့ ရုပ်နဲ့နာမ်ကို စူးစိုက်ရှုမှတ်ရုံ ရှိတာပဲလို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ တွေ့ကြုံရတာတွေဟာ အခိုက်အတန့်သာ မှန်ကန်ပါတယ်။ အမည်သညာအားဖြင့်သာ ကိုယ့်အိမ်လို့ ဆိုရတဲ့, ကိုယ်သွားလေရာ ယူဆောင်မသွားနိုင်တဲ့ အိမ်နဲ့ တူပါတယ်။ ကိုယ့်စည်းစိမ်, ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း, ကိုယ့်မိသားစုတွေလည်း အတူတူပါပဲ။ ကိုယ့်ပစ္စည်းဆိုပေမယ့် ကိုယ်မပိုင်ပါဘူး။ သဘာဝတရားက ပိုင်ပါတယ်။ ဒီအမှန်တရားဟာ ကိုယ်တစ်ယောက်တည်းအတွက်သာ မဟုတ်ပါဘူး။ လူတိုင်းအတွက် ဒီလိုပါပဲ။ ဘုရားရှင်နဲ့ သူ့ရဲ့ အရိယာသာဝကတွေ အတွက်လည်း ဒီအတိုင်းပါပဲ။ ကိုယ်နဲ့ မတူတာက သူတို့ရဲ့ ရှုမြင်ပုံသာ ဖြစ်ပါတယ်။ သင်္ခါရတရားတို့ရဲ့ ဖြစ်ပျက်ပုံနည်းလမ်းကို သူတို့ လက်ခံယူဆပုံက ထူးခြားပါတယ်။ သူတို့မြင်ပုံက အရာရာကို ကိုယ်မပိုင် ဆိုတာထက် တစ်ခြားမပိုဘူးတဲ့။ ဒါ့ကြောင့် ဘုရားရှင်က ခြေဖျားကနေ ဦးခေါင်းအဆုံးအထိ, တစ်ခါ ဦးခေါင်းကနေ ခြေဖျားအထိ ဒီခန္ဓာကိုယ်ကို သုံးသပ်စစ်ဆေးဖို့ မိန့်မြွှက်တော်မူခဲ့ပါတယ်။ ခန္ဓာကိုယ်ကို ကြည့်လိုက်စမ်းပါ။ ဘာတွေ တွေ့ရသလဲ။ တကယ် စင်ကြယ်သန့်ရှင်းတဲ့အရာ ရှိပါသလား။ တည်တံ့ခိုင်မြဲတဲ့ အနှစ်သာရ တွေ့ရပါသလား။ ခန္ဓာကိုယ် တစ်ခုလုံးဟာ အစဉ်မပြတ် တန်ဖိုး လျော့ကျလျော့ကျလို့ နေပါတယ်။ ခန္ဓာကိုယ်ကို ကိုယ်မပိုင်ဘူးလို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ သဘာဝပါပဲ။ ဘာကြောင့်လဲဆိုတော့ သင်္ခါရတရား အားလုံးဟာ ဖြစ်ပျက်ပြောင်းလဲ နေရလို့ပါပဲ။ ခန္ဓာကိုယ်ကို တစ်ခြား ဘယ်လိုနည်းလမ်းနဲ့ ဘာများလုပ်နိုင်ပါသလဲ။ ခန္ဓာကိုယ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ လမ်းစဉ်မှာ မှားယွင်းမှု တစ်စုံတစ်ရာ မရှိပါဘူး။ ခန္ဓာကိုယ်က ကိုယ့်ကို ဆင်းရဲအောင်လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အထင်မှားမှုက ကိုယ့်ကို ဆင်းရဲအောင် လုပ်တာပါ။ အမှန်တရားကို အမှားမှား အယွင်းယွင်း ရှုမြင်သုံးသပ်လိုက်ပြီဆိုရင် မှားယွင်းရှုပ်ထွေးဖို့ သေချာနေပါပြီ။

ခန္ဓာ့သဘာဝဟာ မြစ်ရေလိုပါပဲ။ မြစ်သဘာဝဟာ စုန်မြောစီးဆင်းပါတယ်၊ ဆန်တက် စီးဆင်းတယ်လို့ မရှိပါဘူး။ ဒါဟာ သူ့သဘာဝပဲ။ တစ်ဦးတစ်ယောက်က မြစ်ကမ်းမှာ သွားရပ်, ပုံမှန် လမ်းကြောင်းအတိုင်း အလျဉ်အမြန်  စီးဆင်းနေတဲ့ မြစ်ရေကို ကြည့်ပြီး ရူးရူးမိုက်မိုက်နဲ့ မြစ်ရေ ဆန်တက်စေချင် နေတယ်ဆိုရင် သူပဲ ကြေကွဲ ခံစားရပါလိမ့်မယ်။ သူဘာပဲလုပ်လုပ် သူ့ရဲ့သဘောထား မှားယွင်းမှုကြောင့် သူ စိတ်ငြိမ်းချမ်းမှု မရနိုင်ပါဘူး။ သဘာဝရေစီးကို ဆန့်ကျင်တဲ့အတွေး, သူ့ရဲ့ အမြင်မှားမှုကြောင့် သူမပျော်ရွှင်နိုင်ပါဘူး။ သူ့မှာ မှန်ကန်တဲ့အမြင် ရှိမယ်ဆိုရင် ရေဆိုတာ မလွှဲသာ မရှောင်သာ နိမ့်ရာကိုသာ စုန်မြောစီးဆင်းရတယ်လို့ သူ နားလည်ပါလိမ့်မယ်။ အဲဒီ အချက်ကို သဘောမပေါက်သေးသမျှ သူ စိတ်ဆင်းရဲရပါလိမ့်မယ်။ စိတ်မကျေမချမ်း ဖြစ်ရပါလိမ့်မယ်။

နိမ့်ရာစီးဆင်းရတဲ့ မြစ်ဟာ ကိုယ်ခန္ဓာနဲ့ တူပါတယ်။ ခန္ဓာကိုယ်ဟာ နုပျိုပြီးတဲ့နောက် အိုမင်းလာခဲ့ပါပြီ။ အသေဘက် ဦးတည်နေပါပြီ။ ခန္ဓာ့သဘာဝနဲ့ ဆန့်ကျင်ပြီး မမျှော်လင့်ပါနဲ့။ ကိုယ့်မှာ ဒီပြဿနာကို ပြေလည်စေနိုင်တဲ့ စွမ်းအင် မရှိပါဘူး။ သင်္ခါရတရားတို့ရဲ့ ဖြစ်ပုံပျက်ပုံ နည်းလမ်းကို သိမြင်ဖို့, သူတို့အပေါ် တွယ်တာမှုကို ဖယ်ရှားပစ်ဖို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သဘာဝအတိုင်း လက်ခံခြင်းဟာ ကိုယ့်ရဲ့ ခိုးကိုးရာပါပဲ။

ဆရာတော် အချန်ချား၏ ဟောကြားချက်ကို ဘာသာပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

Original message (Our Real Home) is available ((Jan 21, 2011)) at
www.accesstoinsight.org/lib/thai/chah/bl111.html

ရှင်အာစာရ

Picture from (Jan 21, 2011):
http://www.freesangha.com/forums/index.php?topic=2161.0

2 comments:

  1. သဘာဝအတိုင်း လက်မခံခြင်းဟာ... ???

    ဆရာတော် ဘုန်းဘုန်း ဦးအာစာရ၏ ဘာသာပြန်ဆိုချက်ကို ဖတ်မှတ်ပါသည်။
    ဆက်ဖတ်ပါဦးမည်။ :)

    ReplyDelete
  2. . . . ဟာ
    . . . ပန်းစံပယ်ရနံ့လေးလို
    :)

    ReplyDelete