မှာ ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။ |
ဒုက္ခမေ၀ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။
ဟိ၊ ဘုံသုံးပါ၌ ဒုက္ခအတိ ဖြစ်ပုံကို ဟောဦးအံ့။ တိ ဘူမေ၊ ဘုံသုံးပါးလုံး၌။ ဒုက္ခမေ၀၊ ဆင်းရဲအမှု ဒုက္ခအစုသည်သာလျှင်။ သမ္ဘောတိ၊ မရပ်မစဲ ထပ်တလဲလဲ တဖွဲဖွဲ ဖြစ်ပေါ်၍ နေ၏။
ဒုက္ခံ၊ ဆင်းရဲအမှု ဒုက္ခစုသည်သာလျှင်။ တိဋ္ဌတိ စ၊ ဌီသဘောအားဖြင့်လည်း တည်၍ နေ၏။
ဝေတိ စ၊ ဌီကလွန်မြောက် ချုပ်ခြင်းသို့ ရောက်၍လည်း နေ၏။
ဒုက္ခာ၊ ဆင်းရဲအစု ဒုက္ခမှုမှ။ အညံ၊ တစ်ပါးသော တရားမျိုးသည်။ န နိရုဇ္ဈတိ၊ ချုပ်လေသည် မရှိ။
သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ ဘုရားရှင် ဟောတော်မူသည့်အတိုင်း လောကသုံးပါး၌ ဖြစ် တည် ချုပ်ပျက်နေသမျှ အရာအားလုံးတို့သည် ဆင်းရဲဒုက္ခသာလျှင် ဖြစ်ကြလေကုန်၏။ သို့သော် မည်သည့်သတ္တ၀ါမှ ဒုက္ခကို မလိုလားကြပေ။ အဟိတ်တိရစ္ဆာန်တို့သည်ပင် ဒုက္ခကို ကြောက်လန့်ကြ၏။ သက်ရှိမှန်သမျှသည် ဒုက္ခကို အတတ်နိုင်ဆုံး ရှောင်ကွင်းကြ၏။ အပြန်အားဖြင့် ချမ်းသာအောင် ကြိုးပမ်းကြသည်။ ဒုက္ခငြိမ်းကြောင်း၊ သုခပွားကြောင်း နည်းလမ်းကောင်းများ ဖော်ထုတ်ကြသည်။ ကုသိုလ်ကောင်းမှု ပြုဆည်းပူးခြင်းသည် ဒုက္ခငြိမ်းကြောင်း၊ သုခပွားကြောင်း နည်းလမ်းကောင်း ဖြစ်၏။ အသိဥာဏ် မြင့်မားသူတို့က ကုသိုလ်ပြု၍ ချမ်းသာထူထောင်ကြသည်။ သို့သော် ကုသိုလ်ကောင်းမှုကြောင့် ရရှိလာသော ဘ၀စည်းစိမ်တို့သည် ချမ်းသာ အစစ်အမှန် မဟုတ်ကြပေ။ ပျက်ခြင်းအဆုံးရှိ၍ မစစ်မှန်သော ချမ်းသာကို ဒုက္ခဟုသာ ဆိုရ၏။ ဤသို့ဖြင့် ဒုက္ခဘုံသားတို့သည် ဒုက္ခမှ မလွတ်မြောက်နိုင်ဘဲ ရှိကြလေ၏။
ကုသိုလ်ကောင်းမှု ပြုလုပ်စဉ် ချမ်းသာဖို့အရေး မျှော်တွေးကြသည်။ သုခဝေဒနာ၊ ချမ်းသာသုခကို ခံစားလိုသော မျှော်လင့်ခြင်းသည် ဒုက္ခမျိုးစေ့သာ ဖြစ်၏။ မျှော်လင့်တောင့်တမှုသည် လောဘ၊ တဏှာ မည်၏။ သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့ကား တဏှာနှင့် ဆက်စပ်နေကြသည်။ သုခဝေဒနာ ခံစားရစဉ် တပ်မက်မှု လောဘတဏှာ ဖြစ်ပေါ်နေသည်မှာ ထင်ရှား၏။ ဒုက္ခဝေဒနာ ခံစားရခိုက်မှာလည်း တဏှာပါဝင်နိုင်၏။ ဒုက္ခရောက်နေသူသည် သုခကို လှမ်း၍ တောင့်တကာ တဏှာဖြစ်၏။ ချမ်းသာကို မျှော်လင့်မှု၊ ဒုက္ခမှ လွတ်မြောက်လိုမှုတို့၌ ဝေဒနာသဘော၊ တဏှာသဘောတို့ ပါဝင်နေပေသည်။ တဏှာရှိနေသမျှ ဒုက္ခလည်း စင်နိုင်မည် မဟုတ်ပေ။
ရပိုင်ထားသော သုခကို ခံစားရင်း တဏှာဖြစ်၏။ မရသေးသော သုခကို မျှော်လင့်၍လည်း တဏှာဖြစ်၏။ သုခကို မျှော်လင့်၍ ကံပြုကာ သင်္ခါရကို ထူထောင်၏။ ကံပြုရာ၌ စေတနာ အရင်းခံဖြစ်သည်။ စေတနာ၊ ကံ၊ သင်္ခါရကြောင့် မျှော်လင့်ချက် ပြည့်ဝကာ ချမ်းသာကို ခံစားကြရသည်။ ကံအကျိုးဆက် ချမ်းသာသုခကို ခံစားခြင်းသည် ဝေဒနာ မည်၏။ ဝေဒနာသည် ခန္ဓာထိုက်၏။ ဝေဒနက္ခာသည် ဒုက္ခသာတည်း။
ဒုက္ခမှ လွတ်မြောက်ရန်၊ သုခကို ရရှိရန် ကောင်းမှုပြုသော်လည်း ဒုက္ခကိုသာ ပြန်လည်ရရှိသောကြောင့် ဒုက္ခသံသရာ လည်နေကြရ၏။ ဆင်းရဲခြင်း အစစ်အမှန် ဒုက္ခသစ္စာကို သိမြင်နိုင်မှသာလျှင် ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။ ဒုက္ခကို မြင်၍ တပ်မက်သာယာမှု တဏှာအစေးကို သုတ်သင်နိုင်မှသာ ချမ်းသာခြင်း အစစ်အမှန် မြတ်နိဗ္ဗာန်ကို ရရှိနိုင်ပေလိမ့်မည်။ ထိုကြောင့် ဒုက္ခသစ္စာကို ရှာဖွေသင့်သည်။ မြင်အောင် ရှုသင့်သည်။
အာယတော အပဂတောတိ အပါယော။
အာယတော၊ ကြီးပွားခြင်းမှ။
အပဂတော၊ ကင်းသည်တည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
အပါယော၊ အပါယ်မည်၏။
ဒုက္ခမျိုးစုံရှိသော သံသရာလောက၌ အပါယ်ဘုံသည် အကြီးဆုံးသော ဆင်းရဲ ဖြစ်၏။ အပါယ်ဘ၀တို့ကား ဆင်းရဲခြင်း အတုံးအခဲတည်း။ ချမ်းသာခြင်း ကင်းဆိတ်၏။ ကြီးပွားချမ်းသာ မရှိ။ ချမ်းသာခြင်း အညွှန့်တုံးနေသောကြောင့် အပါယ်ဟု ခေါ်သည်။ အပါယ်လေးဘုံသားတို့သည် ဘ၀အညွှန့်တုံး၍ အရှုံးကြီး ရှုံသူများ ဖြစ်ကြ၏။ ဘ၀နိမ့်ကျသူများ ဖြစ်ကြ၏။ ပဋိသန္ဓေစိတ်၌ ပညာပါဝင်ယှဉ်တွဲမှုလည်း မရှိသောကြောင့် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့ကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ကြပေ။ မဂ်ဥာဏ်ဖိုလ်ဥာဏ် ဝေးစွ သာမန် အသိအလိမ္မာပင် မရှိကြပေ။ ဒါန သီလစသော ကုသိုလ် အခွင့်အလမ်းလည်း မရှိသလောက် ရှား၏။ အပါယ်ဘုံကား ထိတ်လန့် ရွံရှာဖွယ် ဖြစ်ပေသည်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ကိုသာ အပါယ်ဟု သာမန်အားဖြင့် သတ်မှတ်၏။ သို့သော် အရိယာ ပုဂ္ဂိုလ်မြတ်တို့၏ ဥာဏ်အမြင်၌ကား ဘုံသုံးဆယ့်တစ်မျိုး ခွဲခြားအပ်သော အနမတဂ္ဂသံသရာကြီး တစ်ခုလုံးသည် ဒုက္ခအစုသာ ဖြစ်သောကြောင့် အပါယမည်၏။ ဘုံလောက ဘ၀သံသရာကြီး တစ်ခုလုံးသည် ချမ်းသာဟူ၍ မြူမျှမရှိ။ ဆင်းရဲခြင်း အတိပြီး၏။ ဘုံဘ၀၌ တည်ရှိသမျှ အရာအားလုံး ဒုက္ခသဘောသို့သာ ဆိုက်ရောက်ကြရသည်။
ဒုက္ခဒုက္ခ = ထင်သာမြင်သာသော ဖြစ်ရိုးဖြစ်စဉ် ဆင်းရဲမှု၊
ဝိပရိနာမဒုက္ခ = အခိုက်အတန့်အားဖြင့် ကောင်းမြတ်ချမ်းသာသည် ထင်ရသော်လည်း ပျက်စီးခြင်း ချမ်းသာမဲ့ခြင်း၌သာ အဆုံးသတ်ရသော ဆင်းရဲမှု၊
သင်္ခါရဒုက္ခ = မရပ်မနား တပြောင်းပြန်ပြန် ဖြစ်ချုပ်နေခြင်း၊ ပြုပြင်စီမံရခြင်း ဆင်းရဲမှု၊
လောကသားတို့သည် ဤဒုက္ခတို့ဖြင့်သာ သံသရာလည်နေကြရ၏။ ဘ၀သံသရာ၏ သဘောမှန်ကို သိမြင်တော်မူကြသော အရိယာသူမြတ်တို့သည် သံသရာ တစ်ခုလုံးကို ဒုက္ခဟုသာ ရှုမြင်သုံးသပ်ကြ၏။ အပါယ်ကဲ့သို့ ထိတ်လန့်ဖွယ်ဟုသာ နှလုံးသွင်းကြလေ သည်။ (ထိတ်လန့်ဖွယ် ဒုက္ခဟု ရှုမြင်ပုံကို ဆိုလိုပါသည်။ ကုသိုလ်အခွင့်အရေးရှိသော သုဂတိဘ၀တို့ကား ကောင်းမြတ်ကြသည်သာတည်း။)
အ၀ိဇ္ဇာ နှင့် တဏှာကို မူရင်းထား၍ အစချီသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၌ ချမ်းသာသုခဟူ၍ မရှိပေ။ အကျိုးအကြောင်း ဆက်စပ်နေသော ဒုက္ခအစုတို့သာ အဆက်မပြတ် ဖြစ်ပွားနေကြ၏။ ထိုဒုက္ခစက်ဝိုင်းကို သံသရာလောကဟု ခေါ်သည်။ ဘုရားရှင်ကလည်း “ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ - ချမ်းသာမဖက် သက်သက်သော ဒုက္ခတို့သာလျှင် မရပ်မစဲ တဖွဲဖွဲ ဖြစ်ပေါ်နေ၏”ဟု ဟောတော်မူသည်။ ပဋိစ္စသမုပ္ပါဒ်နည်းအရ ဒုက္ခအစုသာဖြစ်၍ အပါယ်ဟု ခေါ်ဆိုထိုက်သော ဘ၀သံသရာကို ငြီးငွေ့စက်ဆုပ်သင့်ပေသည်။
ဘ၀သံသရာကို စက်ဆုပ်မှသာလျှင် ဒုက္ခကို အဆုံးသတ်နိုင်ပေမည်။ သို့သော် ဘ၀ကို စက်ဆုပ်ရန် မလွယ်ကူပေ။ သံသရာလောကသားတို့၏ ဘ၀ကျင်လည်မှု အတည်တကျ မရှိခြင်း၊ လားရောက်ရာ ဘ၀ကို ကြိုတင် မခန့်မှန်းနိုင်ခြင်းဟူသော သံသရာလောက၏ ၀ိနိပါတသဘောကို မြင်ပါမှ ဘ၀ကို ထိတ်လန့် စက်ဆုပ်နိုင်ပေမည်။
ဝိနိပါတနံ ၀ိနိပါတော။
ဝိနိပါတနံ၊ ဖရိုဖရဲ လွင့်စင်ကျရောက်ခြင်းသည်။
ဝိနိပါတော၊ ၀ိနိပါတမည်၏။
သံသရာ ကျင်လည်ရသော ပုထုဇဉ်သားတို့သည် မျှော်မှန်းသောဘ၀၊ ရောက်လိုသော ဘ၀ကို အတိအကျ အသေအချာ မလားရောက်နိုင်ကြပေ။ လေနှင်ရာ လွင့်ရသော အမှိုက်ကဲ့သို့လည်းကောင်း၊ မြစ်ရေချောင်းရေ သယ်ဆောင်ရာ မျောပါရသော ဒိုက်ဖတ်ကဲ့သို့လည်းကောင်း ကံပစ်ချရာ ဘ၀သံသရာမှာ ဖြစ်ရောက် ကျင်လည်ရ၏။ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ဗြဟ္မာကြီးပင် ဖြစ်နေပါစေ ပုထုဇဉ်မှန်သမျှ သံသရာ၌ ပရမ်းပတာ ကျင်လည်ကြရသည်။ နေ၀သညာနာသညာယနတ ဗြဟ္မာကြီးမှ စ၍ အပါယ်ဘုံသား ကမျဉ်းနီလေးတိုင်အောင် ကြီး ငယ် ယုတ် မြတ် ပုထုဇဉ် မှန်သမျှ ချွင်းချက်မရှိဘဲ ဘုံဘ၀ အရွေ့အပြောင်း အတိမ်းအစောင်း ရှိနိုင်သည်။ ဤသို့ စည်းမရှိ ကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေသော ဤလောကသံသရာကို ၀ိနိပါတဟု ခေါ်သည်။ ၀ိနိပါတဘေး သင့်နေသော ဘ၀သံသရာကား ဒုက္ခသာတည်း။
လောကသံသရာ၏ ဆင်းရဲပုံ၊ ပုထုဇဉ် လောကသားတို့၏ ဘ၀ကျင်လည်မှု မသေချာပုံတို့ကို လေ့လာမှတ်သား ကြားနာသိ၊ နှိုင်းဆဆင်ခြင်သိ၊ ထိုးထွင်းပိုင်းခြားသိ အသိဥာဏ် အဆင့်ဆင့်ဖြင့် ပိုင်းခြားထင်ထင် သိမြင်နိုင်မှ ချမ်းသာပေလိမ့်မည်။ ပုဂ္ဂိုလ် သတ္တ၀ါဟူ၍ မရှိဘဲ ပရမတ်သဘောတို့ အကျိုးအကြောင်း ဆက်စပ်ကာ မရပ်မနား ဖြစ်ပွားနေခြင်း ပဋိစ္စသမုပ္ပါဒ် သဘောကို မြင်မှသာလျှင် “ငါငါ”ဟု စွဲလမ်းသော အတ္တဒိဋ္ဌိကို လွန်မြောက်ကာ ဒုက္ခကို အဆုံးသတ်နိုင်ပေလိမ့်မည်။
သံသရာ၏ ဆင်းရဲပုံ ပဋိစ္စသမုပ္ပါဒ် သဘောကို မြင်အောင်ကြည့်၍၊ သတ္တ၀ါတို့ ဖရိုဖရဲ ကျင်လည်ရသော သံသရာ၏ ၀ိနိပါတဘေးကို ထိတ်လန့်သံဝေဂ ယူ၍ ဝေဒနာ၊ တဏှာတို့ မပါဝင်စေဘဲ ကုသိုလ်ကောင်းမှု ပြုလုပ်ဆည်းပူးကာ အစစ်အမှန် ချမ်းသာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
ဘုန်းဘုန်း တပည့်တော်ရောက်..
ReplyDeleteပဋိသန္ဓေ၊ အိုနာသေဟု၊ လေးထွေရင်းမြစ်၊ ဒုက္ခဖြစ်၏၊ မချစ်ယှဉ်တွဲ၊ ချစ်သူကွဲနှင့်၊ လိုလည်းမရ၊ အကျဉ်းပြသော်၊ ပဉ္စဥပါဒါ၊ ငါးခန္ဓာ၊ သစ္စာဒုက္ခ မှန်မောလှ။ (မင်းကွန်းဆရာတော်ဘုရား ရေးသားတဲ့ လင်္ကာပါဘုရား)
ဟဲ ဟဲ ဒါလည်း အလွတ်ကျက်ထားတာ.. အာဂုံရမှ အာဂလူ :D
သြ.....။ 2011 New Year Resolution (http://www.apymt.com/?p=1990)မချခင်ကတည်းက "နယ်ပယ်ချိန်းဖို့ ကြိုးစား" နေခဲ့တာ ကိုး ကွယ့် . . .
ReplyDelete:)