Saturday, December 4, 2010

The Way to Nibbana (Part 19) - နိဗ္ဗာန်လမ်း (အပိုင်း ၁၉)

သောပါဒိသေသနိဗ္ဗာနဓာတ် နှင့် အနုပါဒိသေသနိဗ္ဗာနဓာတ်

ကျမ်းစာတို့၌ နိဗ္ဗာန်ကို သောပါဒိသေသနိဗ္ဗာနဓာတ် နှင့် အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု မကြာမကြာ ညွှန်းဆိုလေ့ ရှိ၏။

ဤ နိဗ္ဗာနဓာတ်တို့သည် နိဗ္ဗာန်နှစ်မျိုး မဟုတ်ကြပေ။ မသေဆုံးမီ နှင့် သေဆုံးပြီးနောက်ဟူ၍ နိဗ္ဗာန်ကို တွေ့ကြုံခံစားရခြင်း နှစ်မျိုးအပေါ် မူတည်၍ တစ်ခုတည်းသော နိဗ္ဗာန်က အမည်နှစ်မျိုး ရနေခြင်း ဖြစ်၏။

နိဗ္ဗာန်ကို ဖွေရှာသူသည် နိဗ္ဗာန်ကို မျက်မှောက်ပြုထိုက်သူဖြစ်လျှင် ယခုဘ၀မှာပင် နိဗ္ဗာန်ရနိုင်၏။ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ကို နောက်ဘ၀ရောက်မှ ရရှိနိုင်သည်ဟု ဗုဒ္ဓဘာသာက ဘယ်နေရာမှာမှ ဖော်ပြမထားပေ။ ဤနေရာ၌ ဗုဒ္ဓဘာသာ နိဗ္ဗာန်သဘောတရားသည် သေသည့်နောက်မှ ရရှိနိုင်သော တစ်ခြားဘာသာဝင်တို့၏ ထာဝရ နိဗ္ဗာန်ဘုံ အယူအဆနှင့် ကွဲပြားခြားနား၏။

လက်ရှိ ဘ၀ခန္ဓာဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည့်အခါ သဥပါဒိသေသ နိဗ္ဗာနဓာတ်ဟု ခေါ်၏။ ရဟန္တာပုဂ္ဂိုလ်တစ်ပါး ခန္ဓာပျက်သုဉ်းပြီးနောက် သံသရာ ဆက်နေမည့် ရုပ်ကြွင်း ချန်မထားခဲ့ဘဲ ပရိနိဗ္ဗာန်ပြုသောအခါ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဟု ခေါ်၏။

ဣတိဝုတ်ပါဠိတော်၌ ဤသို့ ဘုရားရှင် မိန့်တော်မူခဲ့၏။

“ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း ဟူမူကား ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်၊ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်တို့တည်း။ ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါ ကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်)ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘ၀သံယောဇဉ် ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏။ ထို ရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘ၀၏ အကြောင်းကံ မကုန်သေးသမျှ) ဣနြေ္ဒငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင်တည်း။ ထို ရဟန္တာပုဂ္ဂိုလ်သည် ယင်း ဣနြေ္ဒငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့် မချုပ်ကုန်သောကြောင့်ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံတို့ကို ခံစား၏။ ချမ်းသာဆင်းရဲကို ခံစား၏။ ထို ရဟန္တာ ပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ ဤ ရာဂ ဒေါသ မောဟ ကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။”

“ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။”

“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါ ကုန်ခန်းသူ . . . . . ဤ အတ္တဘော၌ပင် ထိုရဟန္တာ ပုဂ္ဂိုလ်အား ခံစားမှု 'ဝေဒနာ' အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးငါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။”

“တဏှာဒိဋ္ဌိ အစွမ်းဖြင့် တစ်စုံတစ်ခုသော တရားကို မမှီသော တာဒိဂုဏ်ရှင် ဖြစ်တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။ မှန်၏။ တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက် အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါး ကြွင်းကျန်၏။ ဘ၀တဏှာ ကုန်ခန်း၏။

ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသော အခါ၌ ဖြစ်၏။ ယင်း နိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့် ဘ၀တို့သည် ချုပ်ကုန်၏။ အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သောစိတ် ရှိကုန်၏။ ဘ၀တဏှာ ကုန်ခန်းကုန်၏။

ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ တာဒိဂုဏ်ရှင် ထို ဘုရာသခင်တို့သည် အလုံးစုံသော ဘ၀တို့ကို ပယ်စွန့်ကုန်၏။”

နိဗ္ဗာန်၏ သဘောလက္ခဏာများ

ငါ့ရှင် နိဗ္ဗာန်ဟူသည် အဘယ်နည်း။ ငါ့ရှင် ရာဂကုန်ရာ၊ ဒေါသကုန်ရာ၊ မောဟကုန်ရာကို “နိဗ္ဗာန်”ဟု ဆိုအပ်၏။ (သံယုတ္တနိကာယ)

ရုပ်နာမ်ဓမ္မတို့ တည်ရှိနေသည့် သံသရာနှင့် ဆန့်ကျင်ဘက်အားဖြင့် နိဗ္ဗာန်သည် ခိုင်မြဲ၏ (ဓူဝ)၊ နှစ်လိုဖွယ် ရှိ၏ (သုဘ)၊ ချမ်းသာ၏ (သုခ)။

ဗုဒ္ဓဘာသာ အလိုအရ လောကီ လောကုတ္တရာ အရာရာကို အကြောင်းတရားတို့၏ ပြုပြင်စီမံခြင်း ခံရသောတရား (သင်္ခတ)နှင့် အကြောင်းတရားတို့၏ ပြုပြင်စီမံခြင်း မခံရသောတရာ (အသင်္ခတ)ဟူ၍ အုပ်စုနှစ်ခု ခွဲခြားအပ်၏။

ပြုပြင်စီမံအပ်သော အရာတို့၏ သွင်ပြင်လက္ခဏာ သုံးမျိုးရှိ၏ (သင်္ခတလက္ခဏာနိ)။ ၎င်းတို့မှာ ဖြစ်ပေါ်လာခြင်း (ဥပ္ပါဒ)၊ ပျက်သုဉ်းသွားခြင်း (၀ယ) နှင့် ပြောင်းလဲ ရွေ့လျောခြင်း (ဌိတဿ အညထတ္တံ)တို့ ဖြစ်၏။

ဖြစ်ပေါ်လာခြင်း သို့မဟုတ် ပေါ်ပေါက်လာခြင်းသည် အကြောင်းတရားတစ်ခု သို့မဟုတ် အကြောင်းတရား များစွာတို့ကြောင့် ဖြစ်ပေါ်လာရသည့် အရာအားလုံးတို့၏ အဓိက လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ဖြစ်ပေါ်လာသော သို့မဟုတ် ပေါ်ပေါက်လာသော အရာသည် ပြောင်းလဲရ၏။ ပျက်သုဉ်းရ၏။ အပြုပြင်ခံ သင်္ခါရတရား မှန်သမျှသည် အစဉ်အမြဲ ဖြစ်ထွန်းပေါ်ပေါက်နေ၏။ အမြဲတစေ ပြောင်းလဲနေ၏။ အရာရာတိုင်းနှင့် သက်ဆိုင်သော ပြောင်းလဲခြင်း နိယာမသည် အသေးဆုံး ရောဂါမိုးမွှား သို့မဟုတ် အငယ်ဆုံး ရုပ်ဝတ္ထု အမှုံအမွှားမှ စ၍ အကြီးမားဆုံး သတ္တ၀ါ သို့မဟုတ် အကြီးကျယ်ဆုံး အရာဝတ္ထုတိုင်အောင် စကြ၀ဠာ အတွင်း၌ ရှိရှိသမျှ ရုပ်နာမ်ဓမ္မ အားလုံးတို့ အပေါ်၌ သက်ရောက်မှု ရှိ၏။ မမြင်အပ် မမြင်နိုင်သော်လည်း စိတ်သည် ရုပ်ထက် ပို၍ပင် လျှင်မြန်စွာ ပြောင်းလဲနေ၏။

ဘုရားရဟန္တာတို့ မျက်မှောက်ပြုအပ်သည့် လောကုတ္တရာ တရားဖြစ်သော နိဗ္ဗာန်သည် အကြောင်းတရား၏ ပြုပြင်စီမံမှုကို မခံရဟု ဆို၏။ ထို့ကြောင့် နိဗ္ဗာန်သည် ဖြစ်ပေါ်ခြင်း၊ ပြောင်းလဲခြင်း၊ ပျက်လျှောခြင်းသဘော မရှိပေ။ နိဗ္ဗာန်၌ မွေးဖွားခြင်း မရှိ (အဇာတ)။ အိုမင်းခြင်း မရှိ (အဇရ)။ သေဆုံးခြင်း မရှိ (အမရ)။ အတိအကျ ဆိုရလျှင် နိဗ္ဗာန်သည် အကျိုးလည်း မဟုတ်။ အကြောင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ထူးကဲ ပြည့်စုံသောတရား ဖြစ်၏ (ကေလ၀)။ အကြောင်းတရားမှ ဖြစ်ပေါ်လာသော အရာမှန်သမျှ မလွှဲမရှောင်သာ ပျက်စီးရ၏။ ထိုသို့သော သဘာဝသည် မနှစ်သက်ဖွယ် ဖြစ်၏ (အသုဘ)။

ဘ၀သည် လူ၏ မြတ်နိုးစရာ အကောင်းဆုံးသော ပိုင်ဆိုင်မှု ဖြစ်၏။ သို့သော် မကိုင်တွယ် မဖြေရှင်းနိုင်သော ပြဿနာများ၊ ဆင်းရဲပြင်းထန်သည့် ၀န်ထုပ်ဝန်ပိုးများနှင့် တွေ့ကြုံ ရင်ဆိုင်ရသောအခါ ထိုဘ၀သည် မနှစ်သက်ဖွယ် ၀န်ထုပ်ဝန်ပိုး ဖြစ်လာ၏။ တစ်ခါတစ်ရံ၌ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံခြင်းဖြင့် ပုဂ္ဂိုလ်ရေး အကြပ်အတည်း အားလုံး ပြေလည်သွားလေမည့်အလား လူသားသည် သူ့ဘ၀ကို အဆုံးစီရင်ကာ သက်သာရာ ရှာတတ်၏။

ကိုယ်ကာယတို့ကို တန်ဆာဆင်ပြီး နှစ်သက်မြတ်နိုးကြ၏။ နှစ်သက်ဖွယ်ကောင်းသော၊ စွဲမက်ဖွယ်ဖြစ်သော၊ ဆွဲဆောင်မှုရှိသော ထိုထို ရူပကာယတို့သည် အသက်အရွယ် နှင့် ရောဂါဘယတို့ကြောင့် ပုံပျက်ပန်းပျက် ဖြစ်လာသောအခါ အလွန်အမင်း စက်ဆုပ်ဖွယ်ရာများ ဖြစ်လာ၏။

လူတို့သည် နှစ်သက် ပျော်မွေ့ဖွယ်ရာများ ၀န်းရံလျက်၊ ချစ်ခင် နီးစပ်သူတို့နှင့်အတူ အေးချမ်း ပျော်ရွှင်စွာ အသက်ရှင်လိုကြ၏။ သို့သော် ကြမ္မာဆိုးများကြောင့် ကောက်ကျစ်သော လောကသည် လူတို့၏ မျှော်လင့်ချက် တောင့်တချက်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်လာလျှင် ရှောင်လွှဲ၍ မရသော ပူဆွေးမှုသည် မဖော်ပြနိုင်လောက်အောင်ပင် ဆိုးရွား ပြင်းထန်လာ၏။

သေသပ်လှပသော အောက်ဖော်ပြပါ ပုံပြင်သည် ဘ၀၏ မတည်မြဲသော သဘာဝနှင့် ဆွဲဆောင် ဖြားယောင်းတတ်သော နှစ်သက်ဖွယ် အာရုံတို့ကို အချက်ကျကျ သရုပ်ဖော်ပြနိုင်၏။

တောနက်တစ်ခုအတွင်း ခရီးနှင်နေသူ လူတစ်ယောက်ကို ဆူးများ ကျောက်တုံးများဖြင့် ၀န်းရံထား၏။ ရုတ်တရက် သူ အံ့သြတုန်လှုပ်သွားအောင် ဆင်တစ်ကောင် ရောက်လာပြီး သူ့ကို လိုက်၏။ ထိုသူသည် အထိတ်တလန့် ထွက်ပြေးပြီး ရေတွင်းတစ်ခုကို တွေ့ရသောအခါ ပုန်းနေရန် ထိုရေတွင်းထဲ ပြေးဝင်လိုက်၏။ သို့သော် ရေတွင်း အောက်ခြေ၌ မြွေပွေးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်ရပြန်၏။ သို့သော် တစ်ခြားလွတ်လမ်း မရှိသောကြောင့် ရေတွင်းထဲ ခုန်ချလိုက်၏။ ရေတွင်းထဲ၌ ပေါက်နေသော ဆူးထူထပ်သည့် နွယ်တစ်ခုကို ဆွဲမိ၏။ အပေါ်သို့ မော့ကြည့်လိုက်ရာ နွယ်ကို ကိုက်ဖြတ်နေသည့် ကြွက်နှစ်ကောင်ကို တွေ့ရ၏။ ကြွက်ဖြူတစ်ကောင် နှင့် ကြွက်နက်တစ်ကောင် ဖြစ်၏။ သူ့မျက်နှာ၏ အထက်၌ ပျားအုံးတစ်အုံ ရှိ၏။ ထိုပျားအုံမှ တခါတခါ ပျားရည်စက်များ ယိုစီးကျနေ၏။ ထိုသူသည် ပြုတ်ကျတော့မည့် အခြေအနေကို မိုက်မဲစွာ မေ့ထားပြီး ပျားရည်ကို လောဘတကြီး အရသာခံနေ၏။ သူ့ကို သနားသူ တစ်ယောက်က လွတ်မြောက်မည့် လမ်းကို ညွှန်ပြရန် စေတနာ့ဝန်ထမ်း လာ၏။ သို့သော် လောဘသားသည် သူ့စိတ်ကြိုက် ကျေနပ်အားရသည်အထိ ခံစားခွင့် ပေးပါရန် တောင်းပန်နေ၏။

ဆူးခင်းသောလမ်း ဟူသည်ကား သံသရာ၊ ဘ၀ပင်လယ် ဖြစ်၏။ လူ့ဘ၀ဟူသည် ပန်းမွေ့ရာ မဟုတ်။ လူ့ဘ၀ဟူသည် အခက်အခဲများ နှင့် ကျော်လွှားရမည့် အဆီးအတားများ ၀န်းရံနေ၏။ ဆန့်ကျင်ဘက် နှင့် မတော်မတရား နှိမ်ချဝေဖန်မှုများ ၀န်းရံနေ၏။ ထိုးနှက် တိုက်ခိုက်မှုများနှင့် သည်းခံရမည့် စွက်ဖက်မှုများ ၀န်းရံနေ၏။ ဤကား ဆူးခင်းသော ဘ၀လမ်းပေတည်း။

ဆင်သည် သေခြင်းတရားနှင့် တူ၏။ မြွေပွေးသည် အိုမင်းရင့်ရော်မှုနှင့် တူ၏။ နွယ်သည် မွေးဖွားမှု ဇာတိနှင့် တူ၏။ ကြွက်နှစ်ကောင်သည် နေ့နှင့်ညတို့နှင့် တူ၏။ ပျားရည်စက်တို့သည် မတည်မြဲသည့် ကာမချမ်းသာတို့နှင့် တူ၏။ သနားကြင်နာတတ်သောသူ ဟူသည်ကား ဘုရားရှင်ပင် ဖြစ်၏။

ရုပ်ဝတ္တုချမ်းသာဟု ဆိုအပ်သော အရာကား အလိုဆန္ဒ အားရနှစ်သက်မှုသာ ဖြစ်၏။ အလိုရှိအပ်သည်ကို ရရှိသောအခါ လိုအင်ဆန္ဒ နောက်တစ်မျိုး ဖြစ်ပေါ်လာ၏။ အလိုဆန္ဒ အားလုံးကို မဖြည့်ဆည်းနိုင်ပေ။

သောကသည် ဘ၀၏ အခြေခံ အစိတ်အပိုင်း ဖြစ်၏။ သောကကို မရှောင်လွှဲနိုင်ပေ။ နိဗ္ဗာန်သည် မပြုအပ်သည့် အသင်္ခတ ဖြစ်သောကြောင့် ခိုင်မြဲ၏ (ဓုဝ)။ လိုလားအပ်၏ (သုဘ)။ ချမ်းသာ၏ (သုခ)။

နိဗ္ဗာန်ချမ်းသာကို သာမန် လောကချမ်းသာတို့နှင့် ခွဲခြား နားလည်အပ်၏။ နိဗ္ဗာန်ချမ်းသာသည် ထပ်တလဲလဲ ခံစားရ၍ ရိုးအီသွားမည့် အရာမဟုတ်။ ငြီးငွေ့ဖွယ် ဖြစ်သွားမည့် အရာလည်း မဟုတ်ပေ။ မငြီးငွေ့စေနိုင်သော မပြောင်းလဲနိုင်သော ချမ်းသာတစ်မျိုး ဖြစ်၏။ တပ်မက်စွဲလမ်းမှုတို့ကို ငြိမ်းအေး ပြေပျောက်စေခြင်းအားဖြင့် နိဗ္ဗာန်ချမ်းသာ ဖြစ်ပေါ်လာ၏ (၀ူပသမ)။ အလိုဆန္ဒ အားရနှစ်သက်မှု၏ အကျိုးဆက်ဖြစ်သော လောကီချမ်းသာ ယာယီပျော်ရွှင်မှု (ဝေဒယိတ)တို့နှင့် မတူပေ။

ဗဟုဝေဒယိတသုတ်၌ ဘုရားရှင်သည် နှစ်သက်ဖွယ်ရာ အာရုံလှုံ့ဆော်မှုမှ ဖြစ်ပေါ်လာသော အကြမ်းစား ရုပ်ဝတ္တုချမ်းသာကို အစပြု၍ ချမ်းသာမှု အဆင့်ဆယ်မျိုး ဟောကြားတော်မူ၏။ အကျင့်စရဏ အဆင့်ဆင့် မြင့်လာသည်နှင့်အမျှ ခံစားမှု အမျိုးအစားလည်း အဆင့်တက်လာ၏။ မြင့်မြတ်လာ၏။ သိမ်မွေ့လာ၏။ လောကအမြင်အရ သုခဟု နားလည် သိမှတ်ရန် ခက်ခဲသည်အထိ သိမ်မွေ့လာ၏။ ပထမဈာန် အခိုက်အန့်၌ အာရုံခံ ပသာဒ ငါးမျိုးအပေါ် မှီခိုရခြင်း လုံးဝကင်းလွတ်သော သာမန်လူတို့ မခံစားနိုင်သော ချမ်းသာသုခကို ခံစားရ၏။ ရုပ်ဝါဒီပုဂ္ဂိုလ် အလွန်အမင်း တန်ဖိုးထားသည့် ကာမဂုဏ် ချမ်းသာအပေါ် နှစ်သက်တောင့်တမှုကို ထိန်းချုပ် ပိတ်ပင်ခြင်းအားဖြင့် ဤ ဈာန်ချမ်းသာကို ခံစားနိုင်၏။ သို့သော် စတုတ္ထဈာန်သို့ ရောက်သောအခါ ဤ ဈာန်ချမ်းသာကိုပင် ရုန့်ရင်းကြမ်းတမ်းသော ချမ်းသာ အကျိုးမဲ့သော ချမ်းသာအဖြစ် စွန့်လွှတ်အပ်၏။ စတုတ္တဈာန်၌ အညီအမျှ ရှုမှု (ဥပေက္ခာ)ကို ချမ်းသာသုခဟု သတ်မှတ်၏။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

No comments:

Post a Comment