Wednesday, December 1, 2010

The Way to Nibbana (Part 18) - နိဗ္ဗာန်လမ်း (အပိုင်း ၁၈)

အဓိပ္ပာယ် ဖွင့်ဆိုချက်

နိဗ္ဗာနဟူသော ပါဠ် (နိရ်ဝါနဟူသော သက္ကတ) စကားလုံးသည် “နိ” နှင့် “၀ါန” နှစ်ပုဒ်ပေါင်းထားခြင်း ဖြစ်၏။ “နိ”သည် မရှိခြင်း အနက်ကိုဟောသော ဥပသာရပုဒ် ဖြစ်၏။ “၀ါန”သည် (ယက်ကန်း)ရက်လုပ်ခြင်း သို့မဟုတ် တပ်မက်ခြင်းဟု အဓိပ္ပာယ် ရ၏။ ဤ တပ်မက်မှုသည် ဘ၀တစ်ခုကို အခြား ဘ၀တစ်ခုနှင့် ဆက်သွယ်ပေးသော ကြိုးကဲ့သို့ ပြုမူဆောင်ရွက်၏။

“၀ါန-ဟုဆိုအပ်သော တပ်မက်မှု တဏှာမှ နိ-ထွက်မြောက်တတ်သောကြေင့် နိဗ္ဗာန်ဟု ခေါ်ဆိုအပ်၏။”

သတ္တ၀ါ တစ်ဦးတစ်ယောက်သည် တပ်မက်မှု တွယ်တာမှုတို့ဖြင့် နှောင်ဖွဲခံထားရသမျှ ကလပတ်လုံး လေးမြင့်ရှည်ကြာသည့် မွေးသေသံသရာ စက်ဝန်း၌ ပုံသဏ္ဌာန် တစ်မျိုးဖြင့် အကောင်အထည် ပေါ်လာမည့် ကံသစ်တို့ကို ပြုလုပ် ဆည်းပူးနေ၏။ တပ်မက်မှု မှန်သမျှကို သုတ်သင်ပြီးသည့်အခါ အကျိုးပေးနိုင်သည့် ကံစွမ်းတို့သည် အကျိုးပေး ရပ်စွဲသွားပြီး ပုဂ္ဂိုလ်သတ္တ၀ါလည်း မွေးသေသံသရာမှ လွတ်မြောက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုလေ၏။ ဗုဒ္ဓဘာသာ၏ လွတ်မြောက်မှု သဘောတရားမှာ မကောင်းမှုနှင့် ငရဲတို့မှ လွတ်မြောက်မှုမျှသာ မဟုတ်။ အမြဲမပြတ် ပြန်လည် ဖြစ်ထွန်းနေသည့် မွေးသေသံသရာမှ လွတ်မြောက်မှု ဖြစ်၏။

တပ်မက်မှု (လောဘ)၊ မုန်းတီးမှု (ဒေါသ) နှင့် မသိမိုက်မဲမှု (မောဟ)ဟု ဆိုအပ်သော မီးသုံးမျိုးတို့ ချုပ်ငြိမ်းမှု အဖြစ်ဖြင့်လည်း နိဗ္ဗာန်ကို ရှင်းပြအပ်၏။

“တစ်လောကကလုံး မီးဟုန်းဟုန်း တောက်လောင်နေ၏။ မည်သည့်မီးဖြင့် တောက်လောင်သနည်း ဟူမူကား လောဘမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေ၀မီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီးတို့ဖြင့် တောက်လောင်၏။”ဟု ဘုရားရှင် ဟောတော်မူ၏။

ဤမီးများ အေးငြိမ်းရာ အဖြစ်ဖြင့် နိဗ္ဗာန်ကို အဓိပ္ပာယ်တစ်မျိုး ဘာသာပြန်ဆိုနိုင်၏။ ဤသို့ဖြင့် နိဗ္ဗာန်ဟူသည် ရာဂစသော ဤမီးများ ချုပ်ငြိမ်းမှုသာ ဖြစ်၍ တစ်ခြား ဘာမှ မဟုတ်ဟုလည်း ကောက်ချက် မချနိုင်ပေ။ ရာဂစသော မီးများ ချုပ်ငြိမ်းမှုကို ဥစ္ဆေဒ၀ါဒအရ ချုပ်ဆုံးမှုနှင့် ခွဲခြား နားလည်သင့်၏။ ဤ နေရာ၌ ရာဂစသော မီးများ ချုပ်ငြိမ်းခြင်း ဟူသည်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသာ ဖြစ်၏။

နိဗ္ဗာန်ဟူသည် အဘာဝတရားလော

နိဗ္ဗာန်ကို အာရုံခံ ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ရုံမျှဖြင့် “နိဗ္ဗာန်ဟူသည် အဘာဝသဘော မရှိတရား ဖြစ်သည်”ဟု ဆိုခြင်းသည် သဘာဝ မကျပေ။ မျက်စိအမြင် ကန်းသူသည် အလင်းရောင်ကို မမြင်နိုင်ရုံမျှဖြင့် “အလင်းရောင် မရှိ”ဟု မှတ်ချက်ချသည်နှင့် တူ၏။ အများသိကြသည့် ပုံပြင်တစ်ခု၌ ရေနှင့်သာ ရင်းနှီးကျွမ်းဝင်သော ငါးတစ်ကောင်သည် လိပ်တစ်ကောင်နှင့် ဆွေးနွေးငြင်းခုံပြီးနောက် “ကုန်းမြေဟူသည် မရှိ”ဟု ကျေကျေနပ်နပ် အားရပါးရ မှတ်ချက်ချ၏။ သူ စုံစမ်း မေးမြန်းသမျှ “မရှိ မဟုတ်”ဟုသာ အဖြေရသောကြောင့် ဖြစ်၏။

တစ်ခါက ငါးတစ်ကောင် ရှိခဲ့၏။ ငါးဖြစ်သောကြောင့် တစ်သက်လုံး ရေမှာသာ နေရ၏။ ရေမှတစ်ပါး တစ်ခြားအရာ ဘာကိုမှ မသိပေ။ တစ်နေ့သ၌ ရေကန်မှာ နေကုန်နေခမ်း ကူးခတ်နေစဉ် ကုန်းမြေအလည်အပတ် ခရီးမှ ပြန်လာသော သူ့မိတ်တွေ လိပ်တစ်ကောင်နှင့် တွေ့၏။

“ကောင်းသော နေ့ပါ ကိုရွှေလိပ်။ မတွေ့ရတာ ကြာပြီ။ ဘယ်များ သွားနေပါသလဲ။”ဟု ငါးက မေး၏။
“အိုး၊ ခြောက်သွေ့တဲ့ ကုန်းမြေက အခုပဲ ပြန်လာပါတယ်”ဟု လိပ်က ပြန်ဖြေ၏။

“ခြောက်သွေ့တဲ့ ကုန်းမြေတဲ့လား။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ ဘာပြောတာလဲ။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ မရှိပါဘူး။ အဲဒါမျိုး မတွေ့ဖူးပါဘူး။ ခြောက်သွေ့တဲ့ ကုန်းမြေဆိုတာ အလကားပြောတာပါ”ဟု ငါးက တအံ့တသြ ဆို၏။

“ကောင်းပါပြီ။ အဲဒီအတိုင်း သင်ထင်မယ်ဆို ထင်နိုင်ပါတယ်။ တားမြစ် ကန့်ကွက်မယ့်သူ မရှိပါဘူး။ ဒါပေမယ့် အဲဒါ ငါရောက်ခဲ့တဲ့ ဒေသပါပဲ”ဟု လိပ်က ရိုးရိုးသားသား ပြန်ပြော၏။

“အိုး၊ လာပါဦး။ အဓိပ္ပာယ်ရှိတာ ပြောစမ်းပါ။ သင့်ရဲ့ ကုန်းမြေဆိုတာ ဘယ်လိုဟာလဲ ပြောပြစမ်းပါ။ ကုန်းမြေတစ်ခုလုံး စိုရွှဲနေတာလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ မစိုဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဆိုတာ နူးညံ့သိမ်မွေ့ စိုပြည်နေပြီ အေးစိမ့်နေတာလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ မနူးညံ မသိမ်မွေ့ဘူး။ မစိုပြည်ဘူး။ မအေးဘူး”ဟု လိပ်ကဖြေ၏။

“ကုန်မြေဆိုတာ အလင်းရောင် ဖောက်ထွင်းနိုင်လောက်အောင် ကြည်လင်နေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ အလင်း ဖောက်ထွင်းနိုင်လောက်အောင် မကြည်ဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေထဲမှာ ငါ့ရဲ့ ဆူးတောင်တွေနဲ့ ရွေ့လျားကူးခတ်လို့ရအောင်၊ ငါ့နှာခေါင်းနဲ့ တွန်းထိုးလို့ရအောင် နူးညံ့ပျော့ပျောင်း နေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ နူးညံ့ ပျော့ပျောင်းမနေဘူး။ ကုန်းမြေမှာ သင် မကူးခတ်နိုင်ဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဆိုတာ ရွေ့လျား စီးဆင်းနေသလား”ဟု ငါးက မေး၏။

“ဟင့်အင်း။ ရွေ့လည်း မရွေ့ဘူး။ စီးလည်း မစီးဘူး”ဟု လိပ်က ဖြေ၏။

“ကုန်းမြေဟာ လှိုင်းထသလား။ အဲဒီ မြေပြင်မှာ အမြှုတ်တွေ ဖွေးနေသလား”ဟု သည်းမခံနိုင်တော့ဘဲ နှာခေါင်းရှုံ့လျက် ငါးက မေး၏။

“ဟင့်အင်း။ လှိုင်းထတာ မတွေ့ခဲ့ရဘူး”ဟု လိပ်က ဖြေ၏။

“ဒါဆို”ဟု ငါးက ကျေကျေနပ်နပ် အားရပါးရ အာမေဍိတ် ပြုလိုက်၏။ “ကုန်းမြေဆိုတာ ဘာမှ မဟုတ်ပါဘူးလို့ ငါ မပြောခဲ့ဘူးလား။ ငါ မေးလိုက်ပြီလေ။ ငါမေးတော့ သင်ဖြေခဲ့တာပဲ။ ကုန်းမြေဆိုတာ စိုလည်း မစိုဘူး။ အေးလည်း မအေးဘူး။ ကြည်လည်း မကြည်ဘူး။ နူးညံ့မှုလည်း မရှိဘူးတဲ့။ စီးလည်း မစီးဆင်းဘူး။ လှိုင်းလည်း မထဘူးတဲ့။ ဒါတွေ တစ်ခုမှ မဟုတ်ရင် တစ်ခြား ဘာဖြစ်ဦးမလဲ။ ဘာမှ မဟုတ်ပါဘူးနော်။ လာပြောမနေနဲ့”ဟု ဆို၏။

“ကောင်းပါပြီ။ ကောင်းပါပြီ”ဟု လိပ်က ပြန်ပြော၏။ “ကုန်းမြေဆိုတာ ဘာမှ မဟုတ်ပါဘူးလို့ သင် ထင်မြင် ဆုံးဖြတ်တယ်ဆိုရင် ဆုံးဖြတ်ရုံပါပဲ။ ဒါပေမယ် သင်မသိဖူးရုံးနဲ့ပဲ သင်မသိဖူးတဲ့ အရာကို ဘာမှမဟုတ်ဘူးလို့ ပြောတဲ့အတွက် ရေဆိုတာဘာ၊ ကုန်းမြေဆိုတာဘာရယ်လို့ သိတဲ့ သူတွေကတော့ သင့်ကို မိုက်မဲတဲ့ ငါးတစ်ကောင်လို့ ပြောကြမှာပဲ”ဟု ဆို၏။

ထို့နောက် လိပ်သည် ငါးကို သူ့ရေအိုင်ငယ်၌ ချန်ထားခဲ့ပြီး ဝေးရာသို့ လှည့်ထွက်သွား၏။ ဘာမှ မဟုတ်သည့် ခြောက်သွေ့သော ကုန်းမြေသို့ နောက်တစ်ဖန် အလည်အပတ် ခရီးထွက်သွားလေ၏။

အဓိပ္ပာယ် ပြည့်ဝသည့် ဤပုံပြင်၌ “ကုန်းမြေ၊ ပင်လယ် နှစ်မျိုးလုံးနှင့် အကျွမ်းဝင်သော လိပ်သည် ကုန်းမြေ၏ သဘောမှန်ကို ငါး နားလည်အောင် ရှင်းမပြနိုင်သကဲ့သို့၊ ငါးသည်လည်း ပင်လယ်နှင့်သာ အကျွမ်းဝင်သောကြောင့် ကုန်းမြေဘာဖြစ်သည်ကို နားမလည်နိုင်”ဆိုသော အချက်မှာ ထင်ရှား၏။ အလားတူပင် လောကီ လောကုတ္တရာ နှစ်မျိုးလုံးကို သိကျွမ်းသော ရဟန္တာတို့သည် လောကုတ္တရာ တရားကို လောကသားတစ်ယောက် နားလည်အောင် လောကဝေါဟာဖြင့် ရှင်းမပြနိုင်ပေ။ လောကသား အနေနှင့်လည်း လောကီဗဟုသုတမျှဖြင့် လောကုတ္တရာကို နားမလည်နိုင်ပေ။

နိဗ္ဗာန်သည် ဘာမှမဟုတ်သည့် အဘာဝတရား ဖြစ်ခဲ့လျှင် ဟင်းလင်းပြင် (အာကာသ)နှင့် အတူတူပင် ဖြစ်ရပေမည်။ ဟင်းလင်းပြင် နှင့် နိဗ္ဗာန် နှစ်မျိုးလုံးသည် ထာဝရ တည်ရှိနေကြ၏။ မပြောင်းလဲကြပေ။ ဟင်းလင်းပြင်သည် သူကိုယ်တိုင် ဘာမှမဟုတ်သည့်အရာ ဖြစ်သောကြောင့် ထာဝရ တည်ရှိနေ၏။ နိဗ္ဗာန်သည်ကား ဟင်းလင်းပြင် ကင်းမဲ့သောတရား ဖြစ်၏။ အချုပ်အားဖြင့် ဟင်းလင်းပြင်သည် နိဗ္ဗာန်မဟုတ်။ နိဗ္ဗာန်သည်သာ နိဗ္ဗာန်ဖြစ်၏ဟု ဆိုနိုင်ပေသည်။

တည်ရှိသည့် ဘုံဘ၀ အမျိုးမျိုးတို့ကို ဟောတော်မူသော ဘုရားရှင်သည် “ဘာမှမရှိသည့် ဘုံဌာန (အာကိဉ္စညာယတန)”ကို အထူးတလည် ထည့်သွင်း ဟောကြားတော်မူ၏။

စိတ်အာရုံတစ်ခု အဖြစ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်၏ဆိုသော အချက်က နိဗ္ဗာန်ဟူသည် ဘာမှမဟုတ်သည့် အခြေအနေတစ်ခု မဟုတ်ကြောင်း အတိအလင်း သက်သေပြနေ၏။ နိဗ္ဗာန်သည် ဘာမှမဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ခဲ့လျှင် ဘုရားရှင်သည် “အဆုံးမဲ့သော (အနန္တ)”၊ “ပြုပြင်ခြင်း ကင်းမဲ့သော (အသင်္ခတ)”၊ “မနှိုင်းယှဉ်အပ်သော (အနုပမေယျ)”၊ “လွန်မြတ်သော (နုတ္တရ)”၊ “အမြင့်မြတ်ဆုံးဖြစ်သော (ပရမ)”၊ “သာလွန်သော (ပရ)”၊ “အမြတ်ဆုံး ခိုကိုးရာ (ပရာယန)”၊ “လုံခြုံမှု (တာန)”၊ “ဘေးကင်းမှု (ခေမ)”၊ “အေးမြချမ်းသာသော (သိဝ)”၊ “ထူးကဲပြည့်စုံးသော (ကေ၀လ)”၊ “ဘုံဌာနကင်းသော (အနာလယ)”၊ “မကုန်ခန်း မပျက်စီးသော (အက္ခရ)”၊ “အပြီးစင်ကြယ်သော (၀ိသုဒ္ဓ)”၊ “လောကထက် လွန်မြတ်သော (လောကုတ္တရ)”၊ “မသေရာဖြစ်သော (အမတ)”၊ “လွတ်မြောက်ခြင်း (၀ိမုတ္တိ)”၊ “ငြိမ်းအေးခြင်း (သန္တိ)”၊ အစရှိသော ဝေါဟာရတို့ဖြင့် နိဗ္ဗာန်၏ အခြေအနေကို ဟောပြတော်မူမည် မဟုတ်ပေ။

ဥဒါန်းပါဠိတော် နှင့် ဣတိဝုတ်ပါဠိတော်တို့၌ နိဗ္ဗာန်ကို ရည်ရွယ်၍ အောက်ပါအတိုင်း ဟောတော်မူခဲ့၏။

“ရဟန်းတို့ ဖြစ်ပေါ်မှု မရှိသော (အဇာတ)၊ ထင်ရှားဖြစ်နေမှု မရှိသော (အဘူတ)၊ ပြုလုပ်ထားမှု မရှိသော (အကတ)၊ စီရင်ထားမှု မရှိသော (အသင်္ခတ) နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှု မရှိသော၊ ထင်ရှား ဖြစ်နေမှု မရှိသော၊ ပြုလုပ်ထားမှု မရှိသော၊ စီစဉ်ထားမှု မရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု၊ ထင်ရှားဖြစ်နေမှု၊ ပြုလုပ်ထားမှု၊ စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့ အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော၊ ထင်ရှားဖြစ်နေမှု မရှိသော၊ ပြုလုပ်ထားမှု မရှိသော၊ စီရင်ထားမှု မရှိသော နိဗ္ဗာန်သည် ရှိ၏။ ထိုကြောင့်သာ ထင်ရှားဖြစ်နေမှု၊ ပြုလုပ်ထားမှု၊ စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် ထင်ရှား၏။”

ဣတိဝုတ်ပါဠိတော်၌ ဤသို့ ဟောတော်မူလေသည်။

“ဖြစ်ပေါ်နေသော၊ ထင်ရှားဖြစ်ပေါ်နေသော၊ ကောင်းစွာဖြစ်သော၊ ပြုလုပ်ထားသော၊ စီရင်ထားမှု ရှိသော၊ မမြဲသော၊

အိုခြင်း သေခြင်းတို့နှင့် ရောစပ်နေသော၊ ရောဂါအပေါင်းတို့၏ (တည်နေရာ)သိုက်မြုံသဖွယ်ဖြစ်သော၊ ပျက်စီးခြင်းရှိသော၊

အာဟာရ နှင့် တဏှာလျှင် ဖြစ်ကြောင်း အမွန်အစရှိသော၊ ထိုခန္ဓာငါးပါးကို နှစ်သက်ခြင်းငှာ မသင့်၊

ထိုခန္ဓာငါးပါး (သက္ကာယ)၏ ထွက်မြောက်ရာဖြစ်သော၊ (ကိလေသာ သင်္ခါရတို့၏) ငြိမ်းအေးရာဖြစ်သော၊ ကြံစည်မှု တက္ကဥာဏ်၏ အာရုံ မဟုတ်သော၊ ခိုင်မြဲသော၊

ဖြစ်ပေါ်မှု မရှိသော၊ ကောင်းစွာမဖြစ်သော၊ စိုးရိမ်မှုကင်းသော၊ ကိလေသာမြူကင်းသော၊

သံသရာဆင်းရဲ နှိပ်စက်ခံရသူတို့ ကျင့်အပ်သော၊ ဆင်းရဲတရားတို့၏ ချုပ်ရာဖြစ်သော၊ သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ချမ်းသာ၏။”

ထို့ကြောင့် ဗုဒ္ဓဘာသာတို့၏ နိဗ္ဗာန်သည် ဘာမမရှိသော အခြေအနေလည်း မဟုတ်၊ ချုပ်ငြိမ်းမှု သက်သက်လည်း မဟုတ်ပေ။ နိဗ္ဗာန် မဟုတ်သည်ကိုသာ တိတိကျကျ ပြောနိုင်၏။ နိဗ္ဗာန်သည် ထူးကဲသောတရား ဖြစ်သောကြောင့် အတိအကျအားဖြင့် မည်သည့်အရာသည် နိဗ္ဗာန်မည်၏ဟု ပြည့်စုံလုံလောက်စွာ မဖော်ပြနိုင်ပေ။ နိဗ္ဗာန်မည်သည် ထိုးထွင်း သိမြင်ရမည့် တရား ဖြစ်၏။

နာဒရထေရ်   The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။ 
ဆက်ပါဦးမည်။

No comments:

Post a Comment