သောတာပန္န - အရိယာဟူသော ရေအလျဉ်သို့ ၀င်ရောက်ပြီးသူ
ကြွင်းကျန်သေးသော အနှောင်အဖွဲ့ ခုနစ်မျိုးကို သုတ်သင်ရန် သောတာပန်ပုဂ္ဂိုလ်သည် အလွန်ဆုံးအားဖြင့် ခုနစ်ဘ၀ ပဋိသန္ဓေ နေရ၏။ သောတာပန်သည် ဘုရား၊ တရား၊ သံဃာတို့ကို အကြွင်းမဲ့ သက်ဝင်ယုံကြည်၏။ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ငါးပါးသီလကို မချိုးဖျက်တော့။ အရဟတ္တဖိုလ် ရရှိမည့်သူ ဖြစ်သောကြောင့် အပါယ် မလားတော့ပေ။
နိဗ္ဗာန်ကို လှမ်းမြင်နိုင်ခြင်း၏ အကျိုးဆက်ဖြစ်သာ သစ်လွင်သည့် ရဲရင့်မှုနှင့်အတူ “မြင့်မြတ်သော နိဗ္ဗာန်ခရီးသည်”သည် လျှင်မြန်စွာ တိုးတက်လေ၏။ ဥာဏ်အမြင်ကို ပြည့်စုံရင့်ကျက်စေကာ သကဒါဂါမ် (ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသူ) ဖြစ်လေ၏။ ကာမဂုဏ် အပေါ် နှစ်သက်မှု (ကာမရာဂ)နှင့် ဒေါသ (ပဋိဃ)ဟူသော သံယောဇဉ် နှစ်မျိုးကို ခေါင်းပါးအောင် ပြု၍ ဒုတိယအဆင့် အရိယာ အဖြစ်သို့ ရောက်လေ၏။
ဤ ဘ၀၌ အရဟတ္တဖိုလ်သို့ မဆိုက်ရောက်လျှင် နောက်ထပ် တစ်ဘ၀သာ လူအဖြစ်ဖြင့် (ကာမဘုံ၌) ပဋိသန္ဓေ နေရတော့မည် ဖြစ်သောကြောင့် သကဒါဂါမ်ဟု ခေါ်၏။ စိတ်ဝင်တစား မှတ်သားဖွယ်ရာ အချက်တစ်ခုမှာ ဤသို့ ဖြစ်၏။ ဒုတိယ အရိယာမဂ်ကို ရရှိပြီးသော သူတော်မြတ်သည် သူ့သန္တာန်၌ အနမတဂ္ဂ အတိတ်သံသရာမှ ကပ်ပါလာသည့်၊ စွမ်းအားပြင်းသည့် အနှောင်အဖွဲ့ သံယောဇဉ် နှစ်မျိုးကို အားနည်းအောင်သာ ပြုစွမ်းနိုင်၏။ သူ့သန္တာန်၌ သိမ်မွေ့သောရာဂ၊ သိမ်မွေ့သော ဒေါသတို့ အခါအားလျော်စွာ ဖြစ်ပေါ်နိုင်သေး၏။
တတိယ အရိယာမဂ်ဖြစ်သော အနာဂါမ် (ကာမဘုံသို့ ပြန်မလာသူ) အဆင့်သို့ တက်ရောက်ခြင်းဖြင့် ထိုသံယောဇဉ် နှစ်မျိုးကို အပြီးအပြတ် သုတ်သင်နိုင်၏။ ကာမစ္ဆန္ဒကို အမြစ်ဖြတ်ထားပြီး ဖြစ်သောကြောင့် ဤ လူ့ဘုံသို့ ပြန်မလာတော့ပေ။ နတ်ပဋိသန္ဓေကိုလည်း မယူတော့ပေ။ သေသည့်နောက်၌ အနာဂါမ် ပုဂ္ဂိုလ်တို့ လားရောက်ရာ စင်ကြယ်သည့် အရိယဘုံ (သုဒ္ဓါဝါသ)၌ ပဋိသန္ဓေ နေရ၏။ ထို ဘုံ၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ သက်တမ်း ကုန်ဆုံးသည့်တိုင်အောင် နေရ၏။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အနာဂါမ် တည်သောအခါ ဧကစာရီ ကျင့်လေ၏။
အနာဂါမ် အရိယာသည် နောက်ဆုံးအဆင့် တိုးတက်မှုကို ပြုလေ၏။ ရူပဘ၀၌ တပ်မက်မှု (ရူပရာဂ)၊ အရူပ ဘ၀၌ တပ်မက်မှု (အရူပရာဂ)၊ ထောင်လွှားမှု (မာန)၊ ပျံ့လွင့်မှု (ဥဒ္ဓစ္စ) နှင့် မသိမှု (အ၀ိဇ္ဇာ)ဟု ဆိုအပ်သော ကြွင်းကျန်နေသည့် သံယောဇဉ် ငါးမျိုးကို ချေဖျက်ကာ အရိယာမဂ်၏ နောက်ဆုံး အဆင့်ဖြစ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏။
ဆက်လက် ကျင့်ကြံစရာ ရှိနေသေးသောကြောင့် သောတာပန်၊ သကဒါဂါမ် နှင့် အနာဂါမ်တို့ကို သေက္ခဟု ခေါ်ဆို၏။ ဆက်လက် ကျင့်ကြံစရာ မရှိတော့သောကြောင့် ရဟန္တာတို့ကို အသေက္ခ (ကျွမ်းကျင်သူ)များဟု ခေါ်ဆို၏။
ရဟန္တာပုဂ္ဂိုလ်၊ တိုက်ရိုက်အဓိပ္ပာယ်အားဖြင်း ထိုက်တန်သော ပုဂ္ဂိုလ်သည် ကံအသစ် ပြုလုပ်ဆည်းပူးခြင်း မရှိသောကြောင့် တစ်ဖန် ပဋိသန္ဓေ မနေရတော့ပေ။ [ရဟန္တာတို့၏ ဘုရားဟော တရားနာစသော ကောင်းမြတ်သည့် ဆောင်ရွက်မှုများကို ကိရိယာဟု ခေါ်၏။ သေက္ခနှင့် ပုထုဇဉ်တို့၏ ဆောင်ရွက်မှုများကို ကံဟု ခေါ်၏။ ဘာသာပြန်ဆိုသူ။] သူ၏ ပြန်လည် အကျိုးပေးနိုင်သော မျိုးစေ့တို့ကို ဖျက်ဆီးပြီး ဖြစ်၏။
ရဟန္တာ - သူတော်စင်
ရဟန္တာ ပုဂ္ဂိုလ်သည် ပြုသင့်သည်ကို ပြုပြီးပြီဟု သိ၏။ လေးလံသည့် ဒုက္ခ၀န်ထုပ်ကို နောက်ဆုံး အနေဖြင့် စွန့်ပစ်လိုက်ပြီဟု သိ၏။ တပ်မက်မှု ပုံစံမျိုးစုံ နှင့် မသိမှု အရိပ်အရောင် မှန်သမျှကို ချေမှုန်းလိုက်ပြီဟု သိ၏။ ပျော်ရွှင် ချမ်းမြေ့သော “နိဗ္ဗာန်ခရီးသည်”သည် ဖွဲ့ဆိုမပြနိုင်သည့် နိဗ္ဗာန်ချမ်းသာကို ခံစားရင်း နတ်ဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်လျက် တည်ရှိနေ၏။ မချုပ်တီးနိုင်သည့် မက်မောမှုတို့မှ၊ လောက အညစ်အကြေးတို့မှ ဝေးကွာနေ၏။
အကျိုးပေးမည့် မျိုးဗီဇကို ကံသစ်ပြုခြင်းဖြင့် မထူထောင်သောကြောင့် ဘ၀ပဋိသန္ဓေသည် သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။
ရဟန္တာ ဖြစ်သော်လည်း ကိုယ်ခန္ဓာ ဆင်းရဲပင်ပမ်းမှုမှ မလွတ်မြောက်သေးပေး။ ဤသို့သော ၀ိမုတ္တိသုခ အတွေ့အကြုံသည် အစဉ်အမြဲ ဖြစ်ပေါ်နေသည် မဟုတ်သောကြောင့်၊ ခန္ဓာဝန်ကိုလည်း မပစ်ချရသေးသောကြောင့် ဖြစ်၏။
ရဟန္တာ ပုဂ္ဂိုလ်သည် မြင့်မြတ်သော ဘ၀ကို နေထိုင်ကျင့်သုံးနေပြီ ဖြစ်သောကြောင့်၊ ရည်ရွယ်ချက် ပြီးမြောက်ပြီ ဖြစ်သောကြောင့် ကျင့်ကြံဖွယ် မရှိတော့သူ အသေက္ခ မည်၏။ သောတာပန်မှ အနာဂါမ်အထိ၊ ကြွင်းသော အရိယာ ပုဂ္ဂိုလ်တို့သည် ဆက်လက် ကျင့်ကြံစရာ ရှိသေးသောကြောင့် သေက္ခ မည်၏။
ဤနေရာ၌ ရူပဈာန် နှင့် အရူပဈာန်များ ရထားသည့် အနာဂါမ် နှင့် ရဟန္တာတို့သည် ပစ္စုပ္ပန် ဘ၀၌ပင် ခုနစ်ရက်တိုင်တိုင် အနှောင့်အယှက် အတားအဆီး မရှိဘဲ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ကြသည်ဟု ဆိုနိုင်၏။ ဤသို့ ခံစားသည်ကို ပါဠိဘာသာဖြင့် နိရောဓသမာပတ္တိဟု ခေါ်၏။ အရိယာ ပုဂ္ဂိုလ်သည် သမာပတ် ၀င်စားနေစဉ် ဒုက္ခအားလုံးမှ ကင်းလွတ်နေ၏။ နာမ်ခန္ဓာ ဖြစ်စဉ်များလည်း ရပ်စဲနေ၏။ စိတ်ဖြစ်စဉ်လည်း အခိုက်အတန့်အားဖြင့် ချုပ်ငြိမ်းနေ၏။
နိရောဓသမာပတ် ၀င်စားသူနှင့် သေသူတို့၏ ထူးခြားမှုကို ၀ိသုဒ္ဓိမဂ်၌ ဤသို့ ဖော်ပြထား၏။ “သူသေကောင်၌ ကာယစွမ်းအား ဖြစ်စဉ် (ဆိုလိုသည်မှာ အသက်ရှူမှု)၊ စကားပြောဆိုမှု နှင့် စိတ်တို့ ကင်းဆိတ် ငြိမ်သက်နေရုံသာမက အသက်ဇီဝိန်လည်း ချုပ်ငြိမ်းနေ၏။ ကိုယ်ငွေ့လည်း ငြိမ်း၏။ နိရောဓသမာပတ် ၀င်စားသူ၌ အသက်ရှူမှု၊ လေ့လာစောင့်ကြည့်မှု နှင့် မှတ်သားမှု သညာတို့ ငြိမ်သက်နေပြီး ဣနြေ္ဒတို့သည် ကြင်လင်နေ၏။
လောကဝေါဟာရအားဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာ အလိုအရ ဤ နိရောဓသမာပတ်သည် လက်ရှိဘ၀၌ ခံစားနိုင်သော အမြတ်ဆုံး ချမ်းသာပင် ဖြစ်ပေ၏။
နိဗ္ဗာန်ဟူသည် အဘယ်နည်း
နိဗ္ဗာန်သည် ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင် ဖြစ်၏။
နိဗ္ဗာန်အကြောင်းကို မည်သို့ပင် ရှင်းလင်းအောင် သရုပ်ပေါ်အောင် ရေးသားသည် ဖြစ်စေ၊ နိဗ္ဗာန်၏ အကြွင်းမဲ့ အေးမြမှုကို သရုပ်ဖော် ရေးသားသည့် ဝေါဟာရများ မည်မျှပင် ပြောင်မြောက်နေပါစေ စာအုပ်တို့ကို ဖတ်ရှုရုံမျှဖြင့် နိဗ္ဗာန်ကို သဘောမပေါက်နိုင်ပေ။ နိဗ္ဗာန်သည် ပုံနှိပ်ဖော်ပြအပ်သော အရာ မဟုတ်ပေ။ ဆင်ခြင်တုံဥာဏ်ဖြင့် ဆုပ်ယူရမိကောင်းသော အရာလည်း မဟုတ်ပေ။ နိဗ္ဗာန်သည် ထိုးထွင်းသိမြင်မှု ဥာဏ်အမြင်ဖြင့်သာ နားလည်နိုင်သော လောကကို လွန်မြောက်သည့် အခြေအနေတစ်ခု (လောကုတ္တရဓမ္မ) ဖြစ်၏။
ဆင်ဆင်တုံဥာဏ် သက်သက်ဖြင့် နိဗ္ဗာန်ကို နားမလည်နိုင်ပေ။ နိဗ္ဗာန်ဟူသည် ယုတ္တိတန်သော ဆင်ခြင်တုံတရားဖြင့် ရအပ်ရောက်အပ်သော အရာ မဟုတ်သောကြောင့် ဖြစ်၏။ ဘုရားရှင်၏ မုခပါဌ် တရားတော်တို့သည် တကယ်ပင် ယုတ္တိတန်သော်လည်း ဗုဒ္ဓဘာသာ၏ နောက်ဆုံးပန်းတိုင်သည်ကား ယုတ္တိဗေဒနယ်ကို ကျော်လွန်၏။ သို့သော်လည်း ဘ၀၏ အပြုသဘောဆောင်သည့် သဘောလက္ခဏာ နှင့် အပျက်သဘောဆောင်သည့် သဘောလက္ခဏာတို့ကို ဆင်ခြင်ခြင်းဖြင့် ယုတ္တိရှိသော ကောက်ချက်တစ်ခု ထွက်ပေါ်လာ၏။ ပြုပြင် စီမံအပ်သော သင်္ခါရတရား တည်ရှိနေခြင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် စိုးရိမ်ခြင်းကင်းသော၊ သေခြင်းကင်းသော၊ မပြုပြင် မစီမံအပ်သော အခြေအနေတစ်ခု တည်ရှိရပေမည်။
ဘုရားလောင်းသည် သုမေဓာ ရှင်ရသေ့ ဘ၀၌ ဤသို့ ဆင်ခြင်ကြောင်း ဇာတ်အဋ္ဌကထာ၌ ဖော်ပြထား၏။
“ဆင်းရဲရှိသော ချမ်းသာမည်သည်လည်း ရှိသကဲ့သို့
ဤအတူ ဘ၀ရှိသော် ဘ၀ကင်းခြင်းကိုလည်း အလိုရှိသင့်၏။
အပူရှိသော် ထို အပူမှ တစ်ပါးသော အအေးရှိသကဲ့သို့
ဤအတူ မီးသုံးမျိုး ရှိလတ်သော် မီးငြိမ်းရာ (နိဗ္ဗာန်)ကိုလည်း အလိုရှိသင့်၏။
မကောင်းမှု ရှိလတ်သော် ကောင်းမှုသည်လည်း ရှိသကဲ့သို့
ဤအတူပင်း ဇာတိရှိသော် ဇာတိမရှိရာ (နိဗ္ဗာန်)ကိုလည်း အလိုရှိသင့်၏။”
နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။
No comments:
Post a Comment