Wednesday, October 6, 2010

Cat Cloth - ၀တ်ကြောင်


လူဝတ်ကြောင်ဘ၀ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း” နဲ့ ဆက်စပ်ပြီး တွေးစရာ တွေ့လိုက်ပါတယ်။

“၀တ်ကြောင်”ဆိုတဲ့ စကားလုံးမှာ ၀ိသေသန အထူးပြုပုဒ်က နောက်ရောက်နေပါတယ်။ ဖြူသောပန်းကို ပန်းဖြူလို့ ခေါ်သလိုပေါ့ ကြောင်သောအ၀တ်ကို ၀တ်ကြောင်။ (“၀တ်ကြောင်”ကို အင်္ဂလိပ်လို “Cat Cloth”လို့ ဘာသာပြန်လိုက်ပါတယ်။ “ကြောင်တောင်တောင်”ဆိုတာကို “Cat Mountain Mountain”လို့ ဘာသာပြန်သလိုပေါ့။ တကယ်တော့ ဒီနေရာမှာ “ကြောင်”ဟာ အင်္ဂလိပ်လို Cat မဟုတ်ပါဘူး။ အင်္ဂလိပ်လို ဘာလဲမသိ။) “၀တ်ကြောင်”ဆိုတာ “ကြောင်သော အ၀တ်၊ ကြောင်ကျားသော အ၀တ်” ဖြစ်ပါတယ်။ “ကြောင်သော၊ ကြောင်ကျားသော” ဆိုတဲ့ နာမ၀ိသေသတွေကို “ကြောင်ကြောင်ကျားကျားဖြစ်သော၊ ဖြူနီကြောင်ကျား ဖြစ်သော၊ အရောင်စုံသော၊ အရောင်စိုသော”လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ လူတွေဝတ်ဆင်တဲ့ အ၀တ်ဟာ အရောင်စုံ၊ အဆင်စုံ၊ ဒီဇိုင်းစုံ။ အမျိုးစုံအောင်ဝတ်တဲ့ လူ့ဘ၀ကို လူဝတ်ကြောင်ဘ၀လို့ ခေါ်ပါတယ်။ ဘုန်းကြီး၊ ဦးဇင်း၊ ကိုရင်၊ သီလရှင်၊ ယောဂီသူတော်စင်တွေရဲ့ အ၀တ်သင်္ကန်းကတော့ အရောင်အသွေး ကြောင်ကြောင်ကျားကျား မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ဖြစ်ပါတယ်။ သူတို့ဘ၀က ၀တ်ကြောင်ကို စွန့်တဲ့ဘ၀။ ဒါက အပြင်အပ ဗဟိဒ္ဓအ၀တ်ဆင် ပါ။

အဇ္ဈတ္တ အတွင်းစိတ်အတွက် အ၀တ်အစားတွေကတော့ စောင့်ထိန်းခြင်း ၀ိရတီ၊ စူးစိုက်တည်ကြည်ခြင်း ဧကဂ္ဂတာ၊ ထိုးထွင်းသိမြင်ခြင်း ပညာ အစရှိတဲ့ ၀တ်ကောင်းစားလှတွေ။ နောက်ပြီး လောဘ၊ ဒေါသ၊ မာန၊ ဣဿာ အစရှိတဲ့ ဖြူနီကြောင်ကျားတွေ။ ရဟန်းရှင်လူ ဘယ်သူမဆို အတွင်းစိတ်ကို ၀တ်ကောင်းစားလှတွေ ဆင်ပေးနိုင်သလို ဖြူနီကြောင်ကျားတွေလည်း ၀တ်ပေးနိုင်ပါတယ်။

နောက်ပြီး “၀တ်ကြောင်”ဆိုတဲ့ စကားကို အဓိပ္ပာယ်တစ်မျိုး ဖွင့်မိပါသေးတယ်။ “၀တ်ကြောင်”ဆိုတာ ကြောင်တဲ့သူတွေ ၀တ်တဲ့အ၀တ်။ ရူးတဲ့သူတွေ ဆင်တဲ့အဆင်။ ဘုန်းကြီးရူး၊ ဦးဇင်းရူး၊ ကိုရင်ရူး၊ သီလရှင်ရူး၊ ယောဂီသူတော်စင်ရူး၊ လူရူး။ သူတို့က ကြောင်နေတဲ့အတွက် သူတို့ဘာဝတ်ထားထား အ၀တ်အားလုံးဟာ ၀တ်ကြောင်ပါပဲ။

နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အရေးမှာ အ၀တ်အစား အသွေးအဆင်ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာတော့ ဆက်တွေးကြပါလေ။

အတွေးစလေး ဆွဲထုတ်ပေးခဲ့တဲ့ Blog Visitor Sympathy ကို ကျေးဇူးတင်ပါတယ်။ 

:)
ရှင်အာစာရ

No comments:

Post a Comment