Wednesday, September 15, 2010

The Way to Nibbana (Part 3) - နိဗ္ဗာန်လမ်း (အပိုင်း ၃)

မေတ္တာအကျိုး ကောင်းချီးမင်္ဂလာများ


၁။ မေတ္တာတရားကို ကျင့်သုံးသူသည် နှစ်ခြိုက်စွာ အိပ်စက်ရ၏။ အမုန်းကင်းစင်၍ လွတ်လပ်ပေါ့ပါးနေသော စိတ်နှလုံးနှင့် အိပ်ယာဝင်သောကြောင့် သဘာဝအတိုင်း ချက်ချင်း အပ်ပျော်သွား၏။ ချစ်ခင်ကြင်နာမှု ပြည့်ဝသူတို့က ဤအချက်ကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ပြ၏။ ထိုသူတို့သည် မျက်စိမှိတ်လိုက်သည်နှင့် လျင်မြန်စွာ ချက်ချင်း အိပ်ပျော်သွားကြ၏။

။ မေတ္တာနှလုံးသားနှင့် အိပ်ပျော်သွားသောကြောင့် လျော်ကန်စွာ မေတ္တာနှလုံးသားနှင့် နိုးထလား၏။ အကျိုးဆောင်စိတ်ရှိသူ သနားကြင်နာတတ်သူတို့သည် အပြုံးနှင့် အိပ်ယာထလေ့ ရှိကြ၏။

၃။ မေတ္တာသမားတို့သည် အိပ်ပျော်နေစဉ်မှာပင် အိပ်မက်ဆိုးတို့၏ နှောင့်ယှက်မှုကို မခံကြရပေ။ နိုးထနေချိန်၌ မေတ္တာတရား ပြည့်ဝကြသောကြောင့် အိပ်ပျော်နေစဉ်မှာလည်း ငြိမ်းချမ်းကြရ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ်မှာဖြစ်စေ အိပ်မက်လှလှ မက်နေစဉ်မှာဖြစ်စေ ငြိမ်းချမ်းကြရလေ၏။

၎။ မေတ္တာသမားသည် လူသားအားလုံးတို့၏ နှစ်လိုဖွယ်ရာ ဖြစ်လာ၏။ သူက သူတစ်ပါးကို မေတ္တာထားသောကြောင့် သူတစ်ပါးကလည်း သူ့ကို မေတ္တာပိုကြ၏။

ပြုံးရွှင်လျက် မှန်ကြည့်သူသည် အပြုံးမျက်နှာ၏ နှုတ်ဆက်မှုကို ရလိမ့်မည်။ အပြန်အားဖြင့် မျက်နှာကို ရှုံ့မဲ့လျက် မှန်ကြည့်လျှင် မဲ့ရွဲ့သော မျက်နှာနှင့် တူညီသော ရောင်ပြန်အရိပ်ကို မြင်ရလိမ့်မည်။ ပြင်ပကမ္ဘာကို ပြုမူသကဲ့သို့ ပြင်ပကမ္ဘာကလည်း အလားတူ အပြုအမူဖြင့် တုံ့ပြန်၏။ ကိုယ်တိုင် အပြစ်အနာအဆာနှင့် ပြည့်နှက်နေသူသည် တစ်ခြားသူတို့၏ သန္တာန်၌လည်း အပြစ်ကိုသာ မြင်တတ်၏။ ထိုသူသည် ကောင်းကွက်တို့ကို မသိကျိုးကျွန် ပြုတတ်၏။

မိမိတို့၏ အထွတ်အမြတ် ကောင်းကွက်များ၌ အပြစ်အနာအဆာ ရှိနေပြီး အဆိုးဆုံး အရာများမှာလည်း ကောင်းကွက်တို့ ရှိနေ၏။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် သူတစ်ပါးတို့၏ အကျည်းတန်မှုကိုသာ ရှုမြင်နေရပါသနည်း။ အရာရာ၌ ကောင်းမြတ်မှုနှင့် လှပမှုကိုသာ ရှုမြင်နိုင်ကြလျှင် အားလုံးအတွက် ပျော်ရွှင်ကြည်နူးမှု ပေါက်ဖွားလာပါလိမ့်မည်။

၅။ မေတ္တာတရားကို ကျင့်သုံးသူသည် လူမှတစ်ပါးသော သတ္တ၀ါတို့ အတွက်လည်း နှစ်သက်ဖွယ်ရာပင် ဖြစ်၏။ တိရစ္ဆာန်တို့ကလည်း သူ့ကို ချစ်ခင်၏။ ရသေ့ရဟန်း သူတောစင်တို့သည် မေတ္တာဓာတ် ဖြန့်ကျက်ထားခြင်းဖြင့် ကြမ်းတမ်းသော သားရဲတိရစ္ဆာန်တို့အလယ် တောကြီးမျက်မဲထဲ၌ ဘေးရန်ကင်းရှင်းစွာ နေထိုင်နိုင်ကြလေ၏။

၆။ တားဆီးမရနိုင်သော ကံကြွေးသာ မရှိဘူးဆိုပါလျှင် မေတ္တာပွားသူသည် သူ့မေတ္တာ၏ စွမ်းအားကြောင့် အဆိပ်စသော ဘေးသင့်ခြင်းမျိုး မကြုံရနိုင်။

မေတ္တာသည် အပြုသဘောဆောင်သည့် ခန့်ကြမ်းမှုစွမ်းအင် ဖြစ်၏။ ထို့ကြောင့် ဆန့်ကျင်ဘက် သက်ရောက်မှုတို့ကို တုံ့ပြန်တိုက်ခိုက်နိုင်၏။ ခန္ဓာဗေဒ ဖြစ်စဉ်၌ ဗျာပါဒစိတ်ကူးသည် အဆိပ်စွမ်းအင်ကို ထုတ်လွှတ်သကဲ့သို့ မေတ္တာစိတ်ဓာတ်သည် ရုပ်ခန္ဓာခန့်ကြမ်းမှု အကျိုးတရားတို့ကို ဖန်တီးပေး၏။

ဘုရားရှင်ကိုတော်မြတ် သူ့ဇာတိနေပြည်တော်သို့ ပထမဆုံးအကြိမ် ကြွတော်မူစဉ်က ခုနစ်နှစ် အရွယ်သာ ရှိသေးသော သားတော်ရာဟုလာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ “အရှင်ဘုရား အရှင်ဘုရားတို့၏ အရိပ်သည်ပင် တပည့်တော်အတွက် နှစ်သက်ဖွယ် ဖြစ်ပါ၏”ဟု ရုတ်တရက် လျှောက်ထားခဲ့၏။ ဘုရားရှင်၏ မေတ္တာဓာတ်သည် သူငယ်ရာဟုလာကို လွှမ်းမိုးလိုက်၏။ သူငယ်သည် သံလိုက်ကဲ့သို့ ဆွဲငင်တတ်သော မေတ္တာစွမ်းအင်ကို တွေထံခံစားလိုက်ရ၏။

၇။ သူ၏ မေတ္တာစွမ်းအားကြောင့် မေတ္တာဓာတ်ရှိသူကို မမြင်အပ် မမြင်နိုင်သော နတ်ဒေ၀ါတို့ကလည်း စောင့်ရှောက်၏။

၈။ မေတ္တာကြောင့် လျင်မြန်စွာ စိတ်တည်ကြည်၏။ ရန်လိုသော အတွေးလှိုင်းတို့၏ နှောင့်ယှက်မှု မရှိသောကြောင့် သမာဓိကို အလွယ်တကူ ထူထောင်နိုင်၏။ ကိုယ်တိုင် ဖန်တီးအပ်သော သုခဘုံ၌ စိတ်အေးချမ်းစွာ နေရလိမ့်မည်။ ထိုသုခကို သူနှင့် နီးစပ်သူများပင် ခံစားရလိမ့်မည်။

၉။ မေတ္တာသည် မေတ္တာရှင်၏ မျက်နှာသွင်ပြင်ကို အလှဆင်နိုင်၏။ မျက်နှာသည် စိတ်အခြေအနေကို ပုံဖော်ပေးသည်မှာ ဓမ္မတာဖြစ်၏။ စိတ်ဆိုး ဒေါသ ဖြစ်နေချိန်၌ နှလုံးမှ သွေးထုတ်လွှတ်မှုသည် သာမန်နှုန်းထားထက် နှစ်ဆ သုံးဆ ပို၍မြန်၏။ ပူလောင်နေသော သွေးသည် မျက်နှာအထိ တဟုန်းထိုး တက်ရောက်လာ၏။ ထိုအခါ မျက်နှာနီရဲလား၏။ ညိုပုတ်လာ၏။ ထိုအခါမျိုး၌ မျက်နှာသည် စက်ဆုပ်ဖွယ်ရာ ဖြစ်လာ၏။ အပြန်အားဖြင့် မေတ္တာအတွေးသည် စိတ်နှလုံးကို ရွှင်ပြုံးစေ၏။ သွေးသားကို ကြည်လင်စေ၏။ ထိုအခါ နှစ်လိုဖွယ်ရာ အသွင်အပြင်ကို ဆောင်၏။

ဘုရာရှင် ကိုယ်တော်မြတ် သဗ္ဗညုတဥာဏ်ကို ရတော်မူပြီးနောက် ကျိုးကြောင်းဆက်နွယ်မှု (ပဋ္ဌာန်း)တရားကို ဆင်ခြင်တော်မူရာ ကိုယ်တော်၏ နှလုံးသားသည် အလွန်ပင် အေးငြိမ်းနေပြီး (အညိုရောင်) အ၀ါရောင် အနီရောင် အဖြူရောင် လိမ္မော်ရောင် နှင့် ရောင်စုံရောယှက်နေသော ကိုယ်တော်မြတ်၏ သွေးတို့သည် ခန္ဓာကိုယ် အပြင်ဘက်သို့ ရောင်ခြည်တော်အဖြစ် ထွက်ပေါ်ခဲ့ကြောင်း အဆိုရှိ၏။

၁၀။ မေတ္တာပြည့်ဝသူသည် တစ်ပါးသူကို ရန်လိုမုန်တီးစိတ် မမွေးသောကြောင့် ငြိမ်းချမ်းစွာ သေရ၏။ သေလွန်ပြီးသော အခါမှာပင် သူ၏ ကြည်လင်အေးမြသော မျက်နှာသွင်ပြင်သည် ငြိမ်းငြိမ်းချမ်းချမ်း သေခဲ့ရသည်ကို ပုံဖော်လျက် ရှိ၏။

၁၁။ မေတ္တာနှင့် ပြည့်စုံသူသည် ငြိမ်းချမ်းစွာ သေဆုံးရသောကြောင့် နောက်ဘ၀မှာလည်း သုဂတိဘုံတွင် မွေးဖွားရ၏။ (လွန်မြတ်သည့် ငြိမ်းချမ်းမှု) ဈာန်သမာပတ် ရရှိခဲ့လျှင် ဗြာဟ္မာ့ဘုံ၌ ပဋိသန္ဓေ နေရပေလိမ့်မည်။ 

မေတ္တာ၏ စွမ်းပကား

သေချာသည့် ဤလောကီအကျိုးများအပြင် မေတ္တာသည် သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထား၏။ မေတ္တာသည် အဝေးမှာ ရှိသူတို့ကိုပင် သြဇာသက်ရောက်နိုင်၏။ သူတစ်ပါးတို့ကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းနိုင်၏။

ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် မူးယစ်နေသော ဆင်ကို ဘုရားရှင်ထံသို့ မောင်းလွှတ်ခဲ့ဖူးသည်။ ဘုရားရှင်သည် ထိုဆင်ထံသို့ တည်ငြိမ်အေးချမ်းစွာ မေတ္တာပို့လွှတ်တော်မူခဲ့၏။ ထိုဆင်ကို အောင်မြင်တော်မူခဲ့သည်။

သူ့ကိုသတ်ဖြတ်ရန် အမိန့်တော် ချမှတ်သည့် ဖခင်ဘုရင်ကို ဘုရားလောင်း မင်းသားငယ်က မည်သို့မည်ပုံ အကန့်သတ်မဲ့မေတ္တာ ပို့လွှတ်ခဲ့သည်ကို ညွှန်ပြရန်အတွက် လှပသော ပုံပြင်ဇာတ်ကြောင်းတစ်ခုကို ထုတ်နုတ်ကိုးကားနိုင်၏။ အရွယ်ပင် ငယ်သော်လည်း အလောင်းတော် မင်းသားသည် ဤသို့ ကြံစည်စဉ်းစား၏။

“မေတ္တာတရားကို ကျင့်သုံးရန် အခွင့်ကောင်း ဖြစ်ပေ၏။ ခမည်းတော်သည် ငါ့ရှေ့မှာ ရပ်နေ၏။ မယ်တော်ခမျာ ငိုနေရှာသည်။ အာဏာပါးကွက်သားသည် ငါ၏ လက်ခြေတို့ကို ဖြတ်ရန် အသင့်ဖြစ်နေပြီ။ ဒုက္ခသည် ငါသည် အလယ်မှာ ရှိနေ၏။ လေးယောက်သားတို့ကို မခွဲမခြား တစ်သားတည်း ငါ မေတ္တာထားရမည်။ ငါ့ ခမည်းတော်မင်းကြီး သူ၏ ရက်စက်သော အပြုမူကြောင့် ဆင်းရဲဒုက္ခ မကြုံရပါစေနှင့်။ အနာဂတ်ကာလ၌ ငါသည် ဘုရား ဖြစ်ရပါစေသတည်း။”

တစ်ခုသော ဘ၀၌ ဘုရားလောင်းသည် မင်းဥယျာဉ်မှာနေရင်း ခန္တီပါရမီကို ဖြည့်ကျင့်တော်မူ၏။ မူးယစ်နေသော ဘုရင်ကြီးသည် အလောင်းတော်၏ ခန္တီကို စမ်းသပ်၏။ စိတ်ဆတ်သော ဘုရင်ကြီးသည် အလောင်းတော်ကို ခြေနှင့်ကန်ကြောက်၏။ အလောင်းတော်၏ လက်ခြေတို့ကို ဖြတ်တောက်ပစ်၏။ အလောင်းတော်ကား ခန္တီကို လက်ကိုင်ထားလျက်ပင်။ စိတ်တိုလာသော ဘုရင်ကြီးသည် အလောင်းတော်၏ ရင်ဝကို ကန်ကြောက်၏။ သေလုမျောပါး ဖြစ်နေပြီး သွေးအိုင်၌ လဲနေသော အလောင်းတော်သည် ဘုရင်ကြီးအတွက် ဆုမွန်ကောင်းပင် တောင်းပေးလိုက်သေး၏။ သူကဲ့သို့သော ယောက်ျားမြတ်တို့သည် အမျက်ထွက်ရိုးမရှိဟု ပြောဆိုပြီး ဘုရင်ကြီး အသက်ရှည်ပါစေကြောင်း ဆုတောင်းပေးလေ၏။

ဘုရားရှင်သည် ကိုယ်တော်တိုင် နမူနာကောင်းအဖြစ် ကျင့်ဆောင်ပြတော်မူခဲ့၏။
“ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့) ကျရောက်လာသော မြားကို မတုန်မလှုပ် ကြံ့ကြံ့ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့။ (လောကီဘုံသား) လူအများသည် သီလမရှိသည်သာတည်း”ဟု ဟောတော်မူ၏။

နိုင်ငံများစွာတို့ စစ်လက်နက် အပြည့်တပ်ဆင်ထားကြသည့် နေရာ၊ အချင်းချင်း ခြိမ်းခြောက်နေကြသည့် နေရာ၊ လူ့အသက်သည် အချိန်မရွေး ပစ်လွှတ်နိုင်သော အနုမြူလက်နက်၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ၊ ၀ရုန်းသုန်းကား နိုင်လှသော၊ စစ်မက်လိုလားသော၊ မငြိမ်မသက် ဖြစ်နေသော ယနေ့ကမ္ဘာ၌ မောင်နှစ်မများသဖွယ် ပြည့်စုံငြိမ်းချမ်းစွာ ညီညွတ်မျှတစွာ နေထိုင် ရှင်သန်နိုင်ရေးအတွက် တစ်ပြေးညီ ထားအပ်သော ချစ်ခြင်းမေတ္တာတရား အမှန်ပင် လိုအပ်နေပါလေပြီ။

အကြီးအကျယ် ပျက်စီးစေတတ်သော ဗုံးလက်နက်များ၊ အခြားသောလက်နက်များတို့ဖြင့် ခြိမ်းခြောက်ခံနေရလျှင် မေတ္တာကို လက်တွေ့ကျင့်သုံးရန် ဖြစ်နိုင်ပါမည်လော။

ဟုတ်လေပြီ။ ကောင်းကင်ယံမှ ဗုံးမိုးရွာချသည့်အခါ အားနည်းသူတို့ ဘာတတ်နိုင်မည်နည်း။ ထိုသို့သော ကပ်ဘေးဆိုးမှ ၎င်းတို့ ရှောင်လွှဲနိုင်ကြပါမည်လော။

မရှောင်သာသည့် သေဘေးနှင့် ရင်ဆိုင်ရမည့်အခါ သေစေနိုင်သော ထိုဗုံးတို့ကို ဗုဒ္ဓဘာသာ မေတ္တာဖြင့် တုံ့ပြန်ရန်သာ ရှိတော့သည်။

ရုပ်ဝါဒ၏ အဖျက်လက်နက်များကို စိတ်ပိုင်းဆိုင်ရာ ဤမေတ္တာတရားနှင့် အစားထိုးရေးအတွက် စစ်လိုလားသော နိုင်ငံများ အားလုံးကို တိုက်တွန်းနိုင်ကြမှသာလျှင်၊ ကမ္ဘာကို အင်းအား လက်နက်တို့ဖြင့် မအုပ်ချုပ်ဘဲ ဖြောင့်မတ်မှု မေတ္တာတရားတို့ဖြင့် အုပ်ချုပ်နိုင်ကြမှသာလျှင် ဤလောက၌ စစ်မှန်သော ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ တည်ရှိလာပေလိမ့်မည်။

အရေးပါသည်ဆိုသော လက်တွေ့လုပ်ငန်း အားလုံးနီးပါးပို ပစ်ထားခဲ့၍ မိမိကိုယ်တိုင်ရော တစ်ခြားလူသားများပါ ဤမေတ္တာ သူတော်ကောင်းတရားကို ကျင့်သုံးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသင့်ပေသည်။

နာဒရထေရ် ၏ The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

4 comments:

  1. Sardu .. Sardu .. Sardu ...
    really really nice article .. Bante ...
    i do believe this will transport us all beings to the way which leads to Nibbana ...
    By the power of your great noblest deeds,May you as well propagate the Buddha Sasana more and more and attain Nibbana ...!!!!

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. သာဓု၊ သာဓု၊ သာဓု ပါ အရှင်ဘုရား ...

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete