Saturday, February 22, 2025

အရဟံဂုဏ်တော် ပွားယူကြမယ် | ဒေါက်တာအရှင်အာစာရ

 


ဂုဏ်တော်ပွားတာဟာ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး ပြုလုပ်ကြတတဲ့ ကုသိုလ်ကောင်းမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဂုဏ်တော်ပွားတဲ့အခါ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေ၊ ဂုဏ်အရည်အသွေးတွေ၊ အရည်အချင်းတော်တွေကို အာရုံပြုကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဂုဏ်တော်ပွားသလို တစ်ခြားဘာသာဝင်တွေလည်း သူတို့ရဲ့ သက်ဆိုင်ရာ ဘုရားကို အာရုံပြုပြီး ဂုဏ်တော်ပွားကြတာပါပဲ။

အဲဒီလို ဂုဏ်တော်ပွားကြတဲ့ နေရာမှာ ဂုဏ်တော်တွေကို စိတ်နဲ့မှန်းပြီး ပွားများတာ၊ ဂုဏ်တော်တွေကို စိတ်ကူးနဲ့ အာရုံပြုတာထက် မိတ္တူကူးယူတာက ပိုပြီး လက်တွေ့ကျပါတယ်။ ဘုရားရဲ့ ဂုဏ်တွေ ကိုယ်ဆီရောက်လာအောင် ပွားယူတာ ဖြစ်ပါတယ်။ ဘုရှင်ကို အတုယူပြီး ကျင့်သုံးတယ်ဆိုရင် ကိုယ်ဆီမှာ ဘုရားဂုဏ်တွေ ရောက်လာမှာပါ။ ဘုရားရဲ့ ဂုဏ်တော်တွေဟာ ဘုရားရဲ့ အကျင့်ကနေ ဖြစ်ပေါ်လာတာပါ။ ကျင့်သုံးသူတိုင်း ဂုဏ်တော်တွေ ရရှိနိုင်ပါတယ်။

အရဟံဂုဏ်တော် ပွားတယ်ဆိုပါစို့။ အရဟံ - ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား။ မြတ်စွားဘုရားက အပူဇော်ခံထိုက်တယ်။ အလိုလို နေရင်းနဲ့ မြတ်စွာဘုရားကို ပူဇော်ကြတာ မဟုတ်ပါဘူး။ ပူဇော်ထိုက်တဲ့ အကျင့်ကြောင့် ပူဇော်ကြတာပါ။ ဘုရားမှတစ်ပါး ဆရာသမားကို ပူဇော်တယ်၊ မိဘကို ပူဇော်တယ်။ လူကြီးသူမတွေကို ပူဇော်တယ်။ ပူဇော်ထိုက်သူတွေကို ပူဇော်ကြတာပါ။ ဆရာနေရာရောက်လို့ ပူဇော်ခံရတယ်။ မိဘနေရာရောက်လို့ ပူဇော်ခံရတယ်။ အသက်ကြီးလာလို့ ပူဇော်ခံရတယ်။ အပူဇော်ခံရပြီဆိုရင် ပူဇော်ခြင်းတွေနဲ့ ထိုက်တန်ရဲ့လား စဉ်းစားသုံးသပ်နိုင်ဖို့ လိုပါတယ်။ ဆရာက ဆရာပီသတယ်။ မိဘက မိဘပီသတယ်။ လူကြီးက လူကြီး ပီသတယ်ဆိုရင် ပူဇော်ခြင်းနဲ့ ထိုက်တန်ပါတယ်။ ကိုယ်ရောက်တဲ့နေရာမှာ ကိုယ့်အခန်းကဏ္ဍကို ပီပီသသ ဆောင်ရွက်နိုင်မှသာ ပူဇော်ခြင်းနဲ့ ထိုက်တန်တာပါ။

ပစ္စည်းဝတ္ထုနဲ့ ပူဇော်တယ်။ အကျင့်နဲ့ ပူဇော်တယ်။ တပည့်က ဆရာကို အတုခိုး၊ သားသမီးက မိဘကို အတုခိုး၊ လူငယ်က လူကြီးကို အတုခိုးပြီး ပြုမူကျင့်ကြံကြတယ်။ အကျင့်နဲ့ ပူဇော်တာပါ။ အတုခိုးလောက်တဲ့အကျင့်တွေ ရှိနေရင် ပူဇော်ခြင်းနဲ့ ထိုက်တန်ပါတယ်။ ထိုက်တန်အောင် နေထိုင်တယ် ကျင့်ကြံတယ်ဆိုရင် အရဟံဂုဏ်က ကိုယ့်ဆီ ရောက်လာပါတယ်။ အရဟံ ဆိုတာ. . . ပူဇော်ခံထိုက်တဲ့ဂုဏ် ဖြစ်ပါတယ်။

အရဟံ . . . အရဟံ ဆိုပြီး နှုတ်က ရွတ်နေတာ၊ ဘုရားကို အာရုံပြုပြီး စိတ်ထဲက ပူဇော်နေတာထက် ကိုယ်ကိုယ်တိုင် အပူဇော်ခံထိုက်အောင် နေထိုင်ကျင့်သုံးခြင်းက အရဟံဂုဏ်ကို မိတ္တူပွားယူလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် လက်တွေ့ ပိုကျပါတယ်။

အရဟံ ဂုဏ်တော်ကို အဓိပ္ပာယ် နောက်တစ်မျိုး ဖွင့်မယ်ဆိုရင် . . . -ရဟံ လို့ ယူဆိုနိုင်ပါတယ်။ ရဟ ဆိုတာက ဆိတ်ကွယ်ရာ။ အ ဆိုတာက မရှိတာ။ အ-ရဟံ . . . ဆိတ်ကွယ်ရာအရပ် ရှိတော်မမူသော မြတ်စွာဘုရား . . .။ ဆိတ်ကွယ်ရာမှာပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ လူရှေ့သူရှေ့မှာပဲ လူမြင်ကောင်းအောင် မကောင်းမှုကို ရှောင်ကြဉ်တာ မဟုတ်ပါဘူး။ လူရှေ့မှာရော လူမသိရာမှာပါ အမူအကျင့် မထူးခြားပါဘူး၊ မကွဲပြားပါဘူး။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ပါ။ ဒီ ဂုဏ်တော်ကိုလည်း မိတ္တူပွားယူလို့ ရတာပါပဲ။

ဘုန်းဘုန်းက ဒကာဒကာမတွေ ရှေ့မှာမို့ ခပ်တည်တည်ကြီး လုပ်နေတာ၊ လူကြီးက လူငယ်ရှေ့မှာမို့ ဣန္ဒြေဆယ်နေတာ၊ တပည့်က ဆရာ့ရှေ့မှာမို့ ငြိမ်နေတာ၊ သားသမီးက မိဘ ရှေ့မှာမို့ လိမ္မာပြနေတာ၊ ဒကာကြီးက ဒကာမကြီး ရှေ့မှာမို့ မခုတ်တတ်တဲ့ကြောင်လို လုပ်နေတာ . . .။ ဒီလိုတွေ ဖြစ်နေရင် အ-ရဟံ ဂုဏ်နဲ့ ဝေးပါပြီ။ ရှေ့မှာမို့ ဟန်ဆောင်တာ မဟုတ်ဘဲ ပင်ကိုယ်ပကတိအတိုင်း ရှေ့မှာရော ကွယ်ရာမှာပါ ကောင်းမြတ်နေတာ ဆိုရင်တော့ အ-ရဟ ဆိတ်ကွယ်ရာမရှိခြင်းဂုဏ်က ကိုယ့်ဆီ ရောက်လာမှာပါ။ ရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး မဟုတ်ကြဘဲ ရိုးဖြောင့်စွာ ကျင့်ခြင်းအားဖြင့် အ-ရဟ ဂုဏ်တော်ကို မိတ္တူပွားယူကြရမှာ ဖြစ်ပါတယ်။

ဒီဂုဏ်တော်ရဲ့ အဓိပ္ပာယ် နောက်တစ်မျိုးက အရ-ဟံ လို့ နှစ်ပုဒ်ခွဲတာ ဖြစ်ပါတယ်။ အရ ဆိုတာက ရန်သူ။ ဟံ ဆိုတာက သတ်တာ။ ကိလေသာ ရန်သူတွေကို သတ်ဖြတ်ချေမှုန်းတော်မူပြီးသော မြတ်စွာဘုရား။ မြတ်စွာဘုရားမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ ကိလေသာတွေ ကင်းစင်ပါတယ်။ မကောင်းကျိုး ပေးတတ်တဲ့အတွက် ရန်သူနဲ့တူတဲ့ ကိလေသာတွေကို ပယ်ရှင်းချေမှုန်းတော်မူခြင်းဟာ မြတ်စွာဘုရားရဲ့ ဂုဏ်တော် တစ်မျိုးပဲ ဖြစ်ပါတယ်။

သာမန်လူတွေ အနေနဲ့ ကိလေသာတွေ လုံးဝကင်းအောင် အပြတ်မရှင်းနိုင်ကြသေးပေမယ့် ကိလေသာတွေကို ထိန်းထားလို့ ရပါတယ်။ လျှော့ချလို့ ရပါတယ်။ ကိလေသာ မကင်းကြသေးတဲ့အတွက် ဒီဂုဏ်တော်ကို မိတ္တူပွားယူတဲ့ နေရာမှာ ရာနှုန်းပြည့်တော့ တူနိုင်ကြမှာ မဟုတ်ပါဘူး။ ခပ်ရေးရေး ခပ်ဝါးဝါး ဘုရားပုံရိပ် ဘုရားဂုဏ်တော် ထင်လာအေင်တော့ ကြိုစားနိုင်ကြပါတယ်။

ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ အကျင့်အားဖြင့် မိတ္တူပွားယူတဲ့ နေရာမှာ ဘယ်ဂုဏ်တော်ကို ပွားယူတာပဲဖြစ်ဖြစ် မြတ်စွာဘုရားက အတုမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် ဘုရားရဲ့ အကျင့်တွေကို ရာနှုန်းပြည့်တော့ လိုက်ပြီး ကျင့်နိုင်ကြတာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ဂုဏ်တော်တွေလည်း အပြည့်အဝ မရနိုင်ကြပါဘူး။ ဘုရားဂုဏ်တော်တွေ ကိုယ်ဆီရောက်အောင် အကျင့်နဲ့ ပွားယူတဲ့ နေရာမှာ ဂုဏ်တော်တွေရဲ့ အဆပေါင်း ရာထောင်သိန်းသန်းကုဋေထဲက တစ်စုတစ်ပုံ တစ်ဆလောက် သေးသေးမွှားမွှား ပမာဏလေး ပွားယူလိုက်နိုင်တယ်ဆိုရင်ကို ကျေးဇူးကြီးလှပါပြီ။

ဂုဏ်တော်တွေကို လက်တွေ့ကျကျ ပွားယူနိုင်ကြပါစေ။

No comments:

Post a Comment