Tuesday, August 10, 2021

အောက်မေ့မိပါသော ကဗျာ စာပေပညာရှင်ကြီးများ (၃)

 (ကပ်ဘေးရှောင်ရင်း အပျင်းပြေဖတ်ဖို့)


၄။ ဓမ္မဂင်္ဂါ

သူလည်း ခေသူတော့ မဟုတ်။ မောင်သစ်ဝေထက် ဆယ်ဆလောက် ကြော်ကြားသူ။ အထူး မိတ်ဆက်စရာတောင် မလိုသူ။ သူ့ရဲ့ “ကိုယ်တိုင်ကြွား အတ္ထုပ္ပတ္တိ”ကို ဖတ်ဖူးရင်တော့ သူဘာလဲ၊ ကိုယ်ဘာလဲဆိုတာ မှန်းလို့ရမှာပါ။ မစိုးရိမ် တိုက်သစ်မှာ လူချင်းမသိခင် သူ့ပုံကို မြင်လိုက်ကတည်းက သူ့အကြောကို မှန်းမိခဲ့တယ်။ တကယ့်တကယ် လူချင်း သိကြခင်ကြပြီ ဆိုတော့လည်း နှမ်းထွက်က မှန်းချက်ထက်တောင် ပိုအုံးမယ် ထင်ရတယ်။ ထင်ထားတဲ့အတိုင်း သူက နေရာတကာ ပါတယ်၊ လူတကာနဲ့ သိတယ်၊ သိပ်မသိတဲ့သူနဲ့တောင် ဝင်ရောတယ်။ ခင်တတ်တယ်ပဲ ဆိုပါစို့။ ကြီးကြီးကျယ်ကျယ် ဟိတ်ထုတ်တာတွေကလည်း လွန်ရောပဲ။

မစိုးရိမ် တိုက်သစ်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ငွေတောင်ကျောင်း အင်္ဂလိပ်စာသင်တန်း သွားတက်ကြတော့ သင်တန်းစတာမှ တစ်ရက်နှစ်ရက်ရှိသေး သူက ဂါဒီးယန်း တဝင့်ဝင့်နဲ့ လုပ်တော့တာ။ ဖတ်တတ်တာလည်း မဟုတ်ဘဲနဲ့။ အဲ့လိုမျိုးကြီး။

အဲ့လိုတွေ ရှိပေမယ့် သူ့အားသာချက်က ခံနိုင်ရည် နဲ့ ခွင့်လွှတ်အားပဲ။ သူ စိတ်ဆိုးတာ သိပ်မတွေ့ရဘူး။ ဆုံးရှုံးတာလည်း မရှိဘူး။ ဆုံးရှုံးစရာမှ မရှိတာကိုး။ အဲ့ဒါ အပိတ်ခေတ်ကပါ။ ခေတ်ကာလ စပွင့်လာချိန်မှာ ပွင့်လင်းမှုနဲ့အတူ ပွင့်အာဖို့ရှိတဲ့ သူ့အိပ်မက်တစ်ချို့ ယိုင်နဲ့အောင် တွန်းထိုးခံရတော့လည်း သူ ခံနိုင်ပါတယ်။ ဒါလည်း အိပ်မက်ဆိုတော့ လက်ဆုပ်လက်ကိုင် ဆုံးရှုံးရတာမျိုးမှ မဟုတ်တာ။ ခံသာပါတယ်။

ခံနိုင်ရည်နဲ့ လူးလွန့်ကြပြီး မစိုးရိမ်တိုက်သစ်ကနေ မန်း နပသ ရောက်ကြတဲ့အထိ သူက စာပေဝမ်းစာ စုနေတုန်းပဲ ထင်တယ်။ ဖတ်ရုံသက်သက်ပဲ။ ရေးတာရယ်လို့ မထင်ရှားလှဘူး။ ဖတ်တာကတော့ ပြောမနေနဲ့။ စာအုပ်နဲ့ လမ်းလျှောက်၊ စာအုပ်နဲ့ အတန်းဝင်၊ စာအုပ်နဲ့ လက်ဖက်ရည်သောက်။ မဖတ်တောင်မှ စာအုပ်တစ်အုပ်တော့ အမြဲ လက်ကြားညှပ် ထားတတ်တယ်။ ဝမ်းစာတွေက‌တော့ ပွင့်ထွက်မလာခဲ့ဘူး။ သူ့စာက အပွင့်နှေးတယ်။

စာတင် မကပါဘူး။ ကွန်ပျူတာ အင်တာနက်လို နည်းပညာတွေနဲ့ ပတ်သက်လို့လည်း သူ့မှာ အပွင့် နောက်ကျတာပဲ။ ‌၂၀၀၇ ဝန်းကျင် မန္တလေးကနေ ရန်ကုန်ရောက်ကြချိန် အထိ ကွန်ပျူတာတွေ၊ အင်တာနက်တွေ သူ စိတ်မဝင်စားသေးဘူး။ လေနဲ့အုပ်ပြီး ဆရာလုပ်ရတဲ့ ခွင်တွေမှာပဲ သူပျော်တယ်။ အဲ့ဒီတုန်းက သူစာရေးရင် လက်နဲ့ပဲ ရေးတယ်။ သူမို့ မပျင်းမရိ။ သူ့ကို ကွန်ပျူတာနဲ့ ရေးစေချင်လို့ ကွန်ပျူတာ စာစီလောက်တော့ လေ့ကျင့်ဖို့ တိုက်တွန်းမိရင် သူ ချက်ချင်း တုံ့ပြန်တယ်။ ကွန်ပျူတာတော့ တတ်ချင်ပါတယ်၊ ဖင်မခံနိုင်ဘူး (သူ့စကားအတိုင်း) တဲ့။ ဖင်ပူအောင်ထိုင်ပြီး ကွန်ပျူတာ မကိုင်ချင်ဘူးလို့ ပြောတာ။

အဲ့ဒီတုန်းက သူ့စာတွေကို မျှဝေပုံက ကိုယ်ထိလက်ရောက် မျှဝေမှုပဲ။ စာရွက်ပေါ်မှာ လက်နဲ့ရေးတယ်၊ ရှုပ်လွန်းနေရင် အသစ်ပြန်ကူးတယ်။ ပြီးမှ တစ်ယောက်ချင်းစီ လက်ဆင့်ကမ်း လိုက်ဖတ်ခိုင်းတာ။ မပျင်းမရိ ရေးထားရတာတွေ ဆိုတော့လည်း ဖတ်တဲ့သူတွေက ကောင်းတယ်လို့ပဲ ပြောကြရတာပေါ့။ အဲ့ဒီလောက်ပဲ။ ကြီးမားတဲ့ စာပေရည်မှန်းချက် ရှိလှပုံ မပေါ်ဘူး။

သူ့ လက်ရေးစာတွေကို လက်ကမ်း မျှဝေနေချိန် မနေနိုင်တော့တဲ့ တစ်နေ့ သူ့လက်ရေးမူကို ကွန်ပျူတာစာစီ၊ ပရင့်ထုတ်၊ စာအိပ်ထဲထည့်၊ အယ်ဒီတာ လိပ်စာရေး၊ စာတိုက်သွား၊ စာကို မှတ်ပုံတင်ပြီး အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းပို့။ အစအဆုံး လုပ်ပေးလိုက်တယ်။ အဲ့ဒါတွေကို သူ စိတ်မဝင်စားဘူး။ သူ့စာကို သူငယ်ချင်းတွေ ဖတ်ပြီးရင် သူ့အတွက် ရပြီ။ ကောင်းကောင်း မကောင်းကောင်း ကောင်းတယ်၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ကြိုက်တယ် ပြောကြရင် သူ ကျေနပ်ပြီ။ မဂ္ဂဇင်းမှာ သူ့စာမူ ပါလာတော့မှ သဘောပေါက်သွားတာ။ နာမည်ရှိတဲ့ မဂ္ဂဇင်းထဲမှာ သရုပ်ဖော်ပုံနဲ့ဘာနဲ့ သူ့စာ ပါလာတော့ ဖီးတက်သွားပုံရတယ်။ သူ့စာက ရောင်စုံစာမျက်နှာမှာ ပါလာတော့ ပိုလှသွားတာပေါ့။ တစ်ပုဒ် ပါလာတော့ ဆက်ရေးတယ်။ နောက်အပုဒ်တွေကျတော့ လုပ်ပါ့အုံး၊ စာစီပေးအုံး၊ ပို့ပေးအုံးတွေ ဖြစ်လာတယ်။ ဆက်လုပ်ပေးလိုက်တော့ ဆက်ပါလာတယ်။ သူ ကမ္ဘာကျော် စာရရေးဆရာကြီး ဖြစ်လာရခြင်းရဲ့ သန္တိကေ နိဒါန်းက အဲ့ဒါပဲ။ အဲ့ဒါလည်း သုံးလေးပုပ်လောက်ပဲ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ ပေါက်တတ်ကရ လျှောက်ရေးတာတွေကို ဘာသာရေး မဂ္ဂဇင်းမှာ ထည့်ပေးပြီး သူ့ကို မြေတောင်မြှောက်လိုက်တဲ့ အယ်ဒီတာချုပ် (ဦး)မြသန်းစံကို ကျေးဇူးတင်ရမယ်။ ပေါက်တတ်ကရ ရေးတယ်ဆိုတာက ပိဋကတ်အကိုးနဲ့ အဲ့ဒီခေတ်က အလေးအနက် အသိအမှတ်ပြကြတဲ့ ခိုင်မာတဲ့စာမျိုး မဟုတ်တာကို ပြောတာပါ။ သူ့စာက သဘောတရားအရ ပိဋကတ်နဲ့ မကင်းပေးမယ့် ရေးဖွဲ့ပုံကျတော့ မော်ဒန်ကဗျာလိုလို၊ ရည်စားစာလိုလိုကြီးတွေ။ အယ်ဒီတာ ဒကာကြီး အနုပညာဓာတ်ခံ ကောင်းလို့သာ လက်ခံနိုင်တာ။

အဲ့ဒီလိုနဲ့ ရန်ကုန်မှာ သူ့စာတွေ စပွင့်ချိန်ထိ ကွန်ပျူတာ အင်တာနက်မှာကျတော့ ပိတ်နေတုန်းပဲ။ ရန်ကုန်ကနေ အိန္ဒိယ ရောက်သွားတဲ့အခါ ကျတော့ စာရော၊ ကွန်ပျူတာရော၊ အင်တာနက်ရော အပွင့်မြိုင်သွားတယ်။ အိန္ဒိယမှာ သူ (သူ့စကားအတိုင်း) ဘယ်လို ဖင်ခံလိုက်တယ် မသိ။ အိန္ဒိယရဲ့ ရေခံမြေခံက ဥပနိဿယ ပစ္စည်းတပ်သွားတာ ဖြစ်မယ်။ အဲ့ဒီက စပြီး သူ့ဝမ်းစာတွေနဲ့ သူအတွေ့အကြုံတွေ မျှမျှတတ ပေါင်းစပ်သွားပြီး ကမ္ဘာကျော်စာတွေ ဆက်တိုက်လုပ်လာတယ်။

စာထဲမှာရော လက်တွေ့မှာပါ သူ့ကို ကြွားတယ်လို့ ဆိုနိုင်ပေမယ့် သေသေချာချာ တွက်ကြည့်ရင် သူက ကြွားတာထက် မြှောက်တာက ပိုလောက်တယ်။ ဥပမာ . . . သူ့များရေးတဲ့စာ၊ သူများရေးတဲ့ကဗျာ ဖတ်ကြည့်ပြီး မှတ်ချက်ပေးတာမျိုးဆိုရင် အကောင်းချည်းပဲ။ ကောင်းတယ်ဟ၊ ရေးတတ်လိုက်တာ ဆိုတာမျိုးတွေ။ သူ့ရဲ့ လူပေါ်လူဇော်လုပ်နည်း ပိုင်နိုင်မှု၊ ဦးနုလို ယဉ်ယဉ်ကျေးကျေး ပြောရရင် မိတ္တဗလဋီကာ ကျမ်းကျေခြင်းပဲ။

သူက စာနဲ့ အပြောနဲ့ ကျော်ပေမယ့် သူ့ကဗျာတွေက သူ့စာတွေထက်ရော၊ သူကိုယ်တိုင်ထက်ပါ ပိုလှတယ်လို့ ထင်မိတယ်။ ကဗျာဆရာဘွဲ့ ခံယူထားတဲ့ မောင်သစ်ဝေရဲ့ ကဗျာတွေထက်တောင် လှတာတွေ သူ‌ရေးတတ်တယ်။ မိတ္တဗလဋီကာကျမ်းအရ နှစ်ယောက်လုံး ကောင်းတယ်ပြောရရင် . . . မောင်သစ်ဝေရဲ့ ကဗျာတွေက ဆိတ်သားချက်လို ကောင်းပြီး သူ့ကဗျာတွေက သိုးသားချက်လိုကောင်းတယ်။ သိုးသား မစားဘူးတဲ့သူတွေ နားမလည်ရင်လည်း မတတ်နိုင်။

စာတွေအပြင် မဟာဗျူဟာကျကျ ကြီးမားတဲ့ သာသနာရေး အိပ်မက်ကြီးတွေ သူ မက်လေ့ရှိတယ်။ ခေတ်သစ်ပင်လယ်မှာ သာသနာရေး ကူးခတ်မှု ပုံစံသစ် သူ ဖော်ချင်တယ်။ ခေတ်ပင်လယ်က အပြောကျယ်လွန်းနေတော့ အပြောကြီးယုံနဲ့ မရဘူး ဆိုတာလည်း သူ သိလောက်ပါတယ်။ ဒါ့အပြင် တည်မှီရာ ရေမြေရာသီ အခင်းအကျင်းက ဥပနိဿယပစ္စည်း (အိန္ဒိယမှာ ကွန်ပျူတာ အင်တာနက် ဥပနိဿယပစ္စည်း ရခဲ့သလို) တပ်မပေးနိုင်သေးတော့ သူ့ခြေလှမ်းတွေ အကျမမှန်နိုင်ဘူးပေါ့။ သူ့ခြေလှမ်းတွေ အကြွလေးရပြန်ပြီ။

လူချင်းတွေ့မှ စိတ်မစောဖို့ သတိပေးရအုံးမယ်။ ပြည်လုံးလွှမ်းခြုံ လည်ပတ်မှုယန္တရား စည်းချက်မှန်ပြီဆိုရင် သူ့အိပ်မက်တွေ ပုန်းနေလို့ မရအောင်ကို ဥပနိဿယ ပစ္စည်း လာတပ်မှာပါ။ စည်းချက် မမှန်သေးဘူး ဆိုရင်တော့လည်း သူ ဘယ်လောက်ရုန်းရုန်း. . . . ကောလိပ်ရယ်လို့ ကင်ပွန်းတပ်ထားရုံနဲ့ တစ်လိပ်မှ လိပ်နိုင်မှာ မဟုတ်ဘူး၊ တက္ကသိုလ်ရယ်လို့ သိုလ်လိုက်ရင်လည်း တကယ် သိုလ်လာမှာ မဟုတ်ဘူး ဆိုတာကို သတိပေးရအုံးမယ်။ ဒီလို အလှမ်းမျိုးမှာ ဆရာ့ဆရာ မဟာ့မဟာကြီးတွေတောင် အပြကိုပဲ ဦးစားပေးနေကြရတာ မဟုတ်လား။ သူ့ကြိုးပမ်းမှု နောက်ဆုံးဗားရှင်း သာဂရဓမ္မရွာလည်း ရေချိန်မီအောင် ရွာနိုင်အုံးမယ် မထင်ပါဘူး။ လောလောဆယ်တော့ ကျန်းမာဖို့သာ အဓိကပါ။

ကျန်းမာရေးမှာတော့ သူက ကမ္ဘာကျော် နာတာရှည် ရောဂါ ရှိပေမယ့် ကပ်ဘေးကာလမှာတောင် ကျန်းမာအောင် နေတတ်ထိုင်တတ်၊ နေနိုင်ထိုင်နိုင် ရှိတယ်ကြားရတော့ ထွေထွေထူးထူး ဝမ်းမသာတောင်မှ တမင်တကာ ဝမ်းနည်းပေးစရာ မလိုတာကိုပဲ ကျေးဇူးတင်ရတော့တယ်။

၅။ ရွှေကူ ဉာဏ်စိုး

သူလည်း စာသိပ်ရေးတာတော့ မဟုတ်။ သူတို့နယ်က ထီးချိုင့်ဆရာတော်ကြီး ဒေဝိန္ဒာဓိပတိ အရှင်မြတ်က ထီးချိုင့် နတ်စိုး ကလောင်နာမည် ယူသလို သူ့ဘွဲ့ ဉာဏိန္ဒကို ဉာဏ်စိုး လုပ်လိုက်ပုံ ရပါတယ်။ နောက်တစ်ခု လုပ်ထားပြန်တာက ဘိက္ခု ဉာဏိန္ဒ တဲ့။ ဘိက္ခုကောသလ္လကို အားကျတာများလား။ သူ့ကို မေးရင်တော့ . . . . . (ဆက်ရန်)

🙂
ရှင်အာစာရ

No comments:

Post a Comment