-----
မိတ်ဆွေ ရဟန်းတော်မှာ တော်တော် သနားစရာ ကောင်းသည်။ သူ့ဘက်ကလည်း သနားနေမည် ထင်ရသည်။ အကျဉ်းချုပ်မှာ အေးအေးဆေးဆေး ကွဲလွဲမှုသာ ဖြစ်သည်။ အကောင်းအဆိုး၊ အမှန်အမှား၊ တရားခြင်း မတရားခြင်း နှစ်ဘက်စီသာ ခွဲရမည့် ခေတ်ကာလ၌ ဘက်မတူဘဲ ဖြစ်နေကြသည်။ ကြားသိယုံကြည် နားလည်မိသမျှ ရှင်းပြဖို့ ကြိုးစားတိုင်း အငြင်းခံရသည်သာ ဖြစ်သည်။
"ဘုရားငွေတောင် ယူကြသေးတာလေ။"
"အဲ့ဒါ ဂျင်းတွေ။"
.....
"သေတာတွေ တော်တော်များနေပြီ။"
"ပို ပြောကြတာ။ ဖွတာ။ နာမည်ဖျက်တဲ့ ဂျင်းတွေ။"
......
"လူ့အခွင့်အရေးတို့၊ ဘာသာရေး လွပ်လပ်ခွင့်တို့က ရှိသေးတာ။"
"လွှတ်ပေးကြည့်လိုက်ပါ့လား။ အကုန် မျိုးပြုတ်သွားမှာပေါ့။ မျိုးဖြုတ်ဖို့ ဂျင်းထည့်တဲ့ကောင်တွေကို လျှော့တွက်ရင် မျိုးကန်းသွားမယ်။ ကမ္ဘာလွှမ်းဖို့ ကြံနေတဲ့ ကောင်တွေ။"
.....
"အမျိုးဘာသာ သာသနာကို ဘယ်လောက်ချစ်ချစ် စနစ်မကျရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။"
"ဖြစ်ပါတယ်။"
.....
"သာသနာရေး အမှန်အကန် အားပေးတာမှ မဟုတ်တာ။"
"အမှန်အကန် မဟုတ်လည်း လုံးဝ အားမပေးတဲ့ ကောင်တွေနဲ့ စာရင် တော်သေးတာပေါ့။"
.....
အခွင့်အရေး မျှော်လင့်ချက်ဖြင့် ဘက်လိုက်နေခြင်း မဟုတ်ကြောင်း သူ့စိတ်ကို မှန်းမိသည်။ ဆရာတော်ကြီး ရှေ့ကသွားသဖြင့် နောက်ကလိုက်ခြင်းမျိုးလည်း ဟုတ်ဟန်မတူ။ သူ့ယုံကြည်ချက်နှင့်သူ ဖြစ်သည်ဟု နားလည်ရသည်မှာ စိတ်မကောင်းစရာ။ သူ့အတွက်ရော၊ သာသနာအတွက်ရော၊ နိုင်ငံအတွက်ပါ စိတ်မကောင်းစရာပင်။ သူလည်း စိတ်မကောင်း ဖြစ်နေမလား။
No comments:
Post a Comment