(မန္တလေးနည်း အထူးအမြန်)
-----
ထိုင်းနိုင်ငံ ဓမ္မကာယ ဖောင်ဒေးရှင်းမှာ အင်တာနေရှင်နယ် ပိဋက သုတေသန အရာရှိ ဖြစ်နေတဲ့ မန်း နပသ ကျောင်းနေဘက် ဆရာတော် တစ်ပါးနဲ့ အတူ အမေရိကခရီး စခဲ့ကြပါတယ်။ မန္တလေးကနေ သူရှိတဲ့ ဘန်ကောက်ကိုသွားပြီး သူနဲ့အတူ ဘန်ကောက်ကနေ ဒူဘိုင်းထရမ်ဇစ်နဲ့ နယူးယောက် ရောက်ခဲ့ကြပါတယ်။ သူ့ကို တွေ့လိုက်ကတည်းက သူ ကျန်းမာရေး တော်တော်လိုက်စားတာကို သတိထားမိခဲ့ပါတယ်။ သူ့လောက် ကျန်းမာရေး မလိုက်စားမိခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်မိသလိုလို ခံစားခဲ့ရပါတယ်။ လုပ်အုံးမှ ဖြစ်မှာပါလေ . . .။ သူ့ရဲ့ လက်ရှိ ကျန်းမာရေး စစ်ဆေးမှု အဖြေက အိုကေ တဲ့။ ဒါတောင် သူက ဆီးချိုဖြစ်မှာ ကြောက်နေသူ။ အချိုလျှော့စားတယ်။ လမ်းများများ လျှောက်တယ်။ အထူး သတိထားမိတာက . . . သူက သူ့အိုင်ဖုန်းလေး ဖွင့်ကာဖွင့်ကာနဲ့ . . . ဒီနေ့ လမ်းလျှောက်တာ ခြေလှမ်း ဘယ်နှလမ်းရှိပြီ . . . ဘယ်နှလှမ်းရအောင် လျှောက်ရအုံးမယ် . . . ဆိုလေ့ရှိသကိုး။ Oh my God! So smart! တယ်ဟုတ်ပါလား။ သူ တစ်နေ့တစ်နေ့ ခြေလှမ်းဘယ်နှလှမ်း လမ်းလျှောက်ပြီးပြီ ဆိုတာကို သူ့ရဲ့ အိုင်ဖုန်းက တွက်ပြနေတာတဲ့လေ။
နယူးယောက်ကနေ ခရီးဆက်၊ ပစ္စဘတ်မြို့ ရောက်တဲ့အခါကျတော့ မိတ်ဆွေဟောင်း တစ်ပါးရဲ့ကျောင်းမှာ တည်းခိုကြတာပေါ့။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်က ထိုင်းနိုင်ငံမှာ NGOတစ်ခုက စီစဉ်တဲ့ သင်တန်းတစ်ခု တက်ကြရင်း သူနဲ့ သိခဲ့ကြတာ။ အဲ့ဒီကတည်းက သူက ခေသူမဟုတ်။ ဘာသာရပ်တိုင်းလိုလို ဝါးတားတား တတ်မြောက်ထားသူ။ အခု အမေရိကမှာ ဒဿနိကဗေဒဆိုတဲ့ အတွေးအခေါ် ပညာရပ်တွေ လေ့လာဆည်းပူးနေတာဆိုတော့ ပိုမြင့်နေလောက်ပြီ ထင်ပါတယ်။ အထူးသတိထားမိတာက သူလည်း ကျန်းမာရေး လိုက်စားသူပဲ။ သူ့ရဲ့ ကျန်းမာရေး စစ်ဆေးမှု အဖြေကလည်း အိုကေ တဲ့။ ကျောက်ကပ်ကျန်းမာရေး စိတ်ချရအောင် ရေများများ သောက်ရမယ် တဲ့။ ဟုတ်တယ်။ သူလည်း ဘယ်နေမလဲ။ ဘယ်ခေမလဲ။ အိုင်ဖုန်းလေးနဲ့ ခြေလှမ်း ရေတွက်တာပေါ့။
“ဦးဇင်းက မန္တလေးမှာ နေပြီး ဒီလောက် တုံးရသလား။ ပါမောက္ခ ဌာနမှုးတဲ့။ အလိုက်တာ။ အိုင်ဖုန်းကြီး ကိုင်ထားပြီး တန်အောင် မသုံးတတ်ဘူး။” ဟူး . . . . .။ အဲ့ဒီလိုတော့ မပြောကြပါဘူး။ ပြောရင်လည်း ခံရတော့မှာပေါ့။ သူတို့လို ခြေလှမ်းရေတဲ့ အသဲပုံ နီနီလေး ဖုန်းထဲမှာ ရှာတာ မတွေ့ဘူးလေ။ ဘယ်ထဲ ဝင်နေတာလဲ မသိပါဘူး။ ဖျက်လိုက်မိတာများလား။ မဖြစ်သေးပါဘူး။ လုပ်အုံးမှ ဖြစ်မှာပါလေ။
App Storeမှာ ရှာတယ်။ Step Counterလို့ ရိုက်ပြီးရှာလိုက်တယ်။ ရတာပေါ့။ Pacer တဲ့။ Download ယူတယ်။ Install လုပ်တယ်။ စမ်းကြည့်လိုက်တော့ . . . ရှား ပါး။ ဟုတ်လိုက်လေ။ မနက်က လမ်းလျှောက်ခဲ့တဲ့ ခြေလှမ်းတွေကိုပါ ရေတွက်ပြတယ်။ Pacerကို မထည့်ခင်က အိုင်ဖုန်းကို အိပ်ကပ်ထဲထည့်ပြီး လမ်းလျှောက်ခဲ့သေးတာကိုး။ ရပြီ။ မန္တလေးသားလည်း ဖြစ်ပါတယ်။
နေ့ဆွမ်းစား၊ ခဏနားပြီး (ထိုင်းမှာ သုတေသနလုပ်နေတဲ့) ထိုင်းဆရာတော်၊ (အမေရိကန်မှာ ကျောင်းတက်နေတဲ့) အမေရိကန်ဆရာတော်တွေနဲ့အတူ မြို့ထဲ ထွက်ခဲ့ပါတယ်။ ကားနဲ့ သွားကြတာပါ။ သိပ္ပံပြခန်း သွားကြတာပါ။ သိပ္ပံပြခန်းက ထွက်လာတော့ သိပ္ပံဓာတ်တွေ ကူးလာသလား မသိပါဘူး။ အိုင်ဖုန်းရဲ့ ခြေလှမ်းတွက်ပေးတဲ့ စနစ်ကို စူးစမ်းချင်လာတယ်။ ကားစီးတဲ့ အကွာအဝေးအတွက် အိုင်ဖုန်းက ခြေလှမ်းရေတွက်သလား။ ဖုန်းကို ဖွင့်ကြည့်တယ်။ တွက်မပေးပါဘူး။ ကားစီးလိုက်၊ လမ်းလျှောက်လိုက်၊ ကားပြန်စီးလိုက်၊ လမ်းဆင်းလျှောက်လိုက် လုပ်ခဲ့တဲ့ ခရီးမှာ လမ်းလျှောက်တဲ့ ခြေလှမ်းကိုပဲ ရေတွက်ပေးတာ။ တော်လိုက်တဲ့ အိုင်ဖုန်း။ ဒါတင် ဘယ်ကမလဲ။ ခြေလှမ်း ဘယ်နှလမ်း လျှောက်လိုက်တဲ့အတွက် ခရီးဘယ်လောက် ပေါက်သွားပါပြီ၊ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားပါပြီ . . . ဆိုပြီး . . . တွက်ချက်ပြသေးတယ်။ ကိုယ်လက်လှုပ်ရှားရင် ကယ်လိုရီ လောင်ကျွမ်းတယ်၊ အလှုပ်အရှားနည်းရင် ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီအပိုတွေ စုနေပြီး ကျန်းမာရေး ထိခိုက်တယ်။ ဝတယ်။ အဲ့ဒီတော့ ကယ်လိုရီ အပိုတွေ လောင်ကျွမ်းသွားအောင် ကိုယ်လက်လှုပ်ရှားရတာ တဲ့။ လမ်းလျှောက်တာဟာ အလွယ်ဆုံး နည်းလမ်းတဲ့။ ဒါ့ကြောင့် . . . သူတို့က အိုင်ဖုန်းလေးတွေ တကြည့်ကြည့်နဲ့ ခြေလှမ်းအရေအတွက် စုဆောင်းနေကြတာကိုး။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လှမ်းလျှောက်ကြပါစို့။
အင်း . . . ဟုတ်ပြီ။ ကားစီးပြီး သွားတဲ့ ခရီးအကွာအဝေးကို အိုင်ဖုန်းက ခြေလှမ်းဖွဲ့မပေးဘူးဆိုတော့ . . .။ သိပ္ပံနည်း ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ . . . စမ်းသပ်မှုတစ်ခု လုပ်မယ်။ ခြေလှမ်းဘယ်နှလှမ်း လှမ်းပြီးပြီ ဆိုတာကို ရေတွက်ပေးထားတဲ့ ဖုန်းရဲ့ အဖြေကို စခရင်ရှော့ ရိုက်ပြီး မှတ်ထားလိုက်တယ်။ “ကားစီးနေချိန်မှာ အိုင်ဖုန်းကို လွယ်အိပ်ထဲထည့်ပြီး . . . လွယ်အိပ်ကို အထက်အောက် လှုပ်တယ်။” ကားက ဖြည်းဖြည်း သွားနေရင် လွယ်အိပ်ကို ဖြည်းဖြည်းလှုပ်တယ်။ ကားက မြန်မြန် သွားနေပြီဆိုရင် လွယ်အိပ်ကို မြန်မြန်လှုပ်တယ်။ ကားက မီးပွိုင့်မှာ ရပ်နေပြီဆိုရင် လွယ်အိပ်ကို ငြိမ်ငြိမ်လေး ထားလိုက်တယ်။ ကားပြန်ထွက်တော့ . . . အစမှာ လွယ်အိပ်ကို ဖြည်းဖြည်းလှုပ်တယ်။ အရှိန်ရလို့ ကားမြန်လာတော့ လွယ်အိပ်ကို မြန်မြန်လှုပ်တယ်။ ဆိုလိုတာက “အလှုပ် နဲ့ အရွေ့ ရှိတယ်။” ဖုန်းရဲ့ ခြေလှမ်း တွက်ချက်မှုကို ဖွင့်ကြည့်လိုက်တော့ . . . အလုပ်ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်ကို ဓာတ်ပုံထဲမှာ ကြည့်ပါ။
“လွယ်အိပ်လှုပ်ချိန် သုံးမိနစ်၊ ခြေလှမ်းပေါင်း ၁၉၅လှမ်း၊ လမ်းလျှောက်အကွာအဝေး ဝ.၁ကီလိုမီတာ၊ လောင်ကျွမ်းကယ်လိုရီ ၁” တဲ့။ အိုင်ဖုန်းတဲ့လေ . . . မန္တလေးဘုန်းကြီးကို ဆရာကြီးလာလုပ်နေတယ်။ သူ့ကို အိပ်ထောင်ထဲထည့်ပြီး လမ်းလျှောက်တယ်၊ ပြေးတယ်လို့ သတ်မှတ်လိုက်တာကိုး။ ကယ်လိုရီ အလွယ်ချနည်းကတော့ ဒါပါပဲ။ :)
မယုံရင် စမ်းကြည့်ကြပါ။ လှေနံဓားထစ်တော့ မလုပ်ကြပါနဲ့။ နည်းနည်းပါးပါး ထိုးထွင်းဉာဏ်လေးလည်း စိုက်ကြပေါ့။ ကားစီးရင်း ဖုန်းကို လွယ်အပ်ထဲ ထည့်လှုပ်ဖို့ ကားမရှိဘူးလို့တော့ မပြောပါနဲ့။ ကိုယ်ပိုင်ကား မရှိရင် လိုင်းကားစီးပါ။ နောက်တစ်ခု အလွယ်နည်းက . . . ဒန်းစီးရင်းလည်း . . . ရမယ် ထင်ပါတယ်။ ကယ်လိုရီတွေ ချချင်ဇော အားကြီးလွန်းလို့ လေယာဉ်ပေါ် တက်စီးပြီး ဖုန်းကို လွယ်အိပ်ထဲထည့် . . . အသားကုန် လှုပ်တာမျိုးတော့ မလုပ်ကြဖို့ အထူးတောင်းပန်ပါတယ်။ ဒီနည်းက အင်တာနေရှင်နယ် . . . မဟုတ်ဘူးလေ။
နောက်ပြီး အစွန်းထွက် ပြဿနာက . . . လွယ်အိပ်ကို လက်နဲ့လှုပ်တာဟာ ကိုယ်လက်လှုပ်ရှားမှုပဲ ကယ်လိုရီ ကျတာပေါ့လို့ စောဒက တက်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် သုံးမိနစ်အတွင်း ခြေတောက်မလှုပ်ရဘဲ ခြေလှမ်း ၁၉၅လှမ်း ရတာကတော့ မန္တလေးနည်းရဲ့ အားသာချက်ကြီးလို့ ဆိုရမှာပါ။
:)
ရှင်အာစာရ
No comments:
Post a Comment