Saturday, July 22, 2017

ဘရွတ်ကလင် အမှတ်တရ ဓာတ်ပုံများ







ဘရွတ်ကလင် တံတားက မင်ဟက်တန် နဲ့ ဘရွတ်ကလင်ကို ကူးဆက်ပေးထားတယ်။ နယူးယောက်ရဲ့ အထင်ကရ တစ်ခုမို့ အရောက်သွားရတဲ့ နေရာ။ ၁၈၆၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၃ ခုနှစ်မှာ ပြီးစီးခဲ့တာ တဲ့။ ပြုပြင်ထိန်းသိမ်းထားတဲ့ ရှေးဟောင်းတံတား။

လှည့်ပတ်ကြည့်ရင်း တံတားနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတစ်ခုကို တွေ့လိုက်မိတယ်။ စိတ်ဝင်စားစရာ။ တံတားမဆောက်ခင်က ကူးတို့ဆိပ် ဖြစ်ခဲ့တဲ့ နေရာကို အမှတ်အသားပြုထားတာ။ “FULTON FERRY AREA BEFORE THE BROOKLYN BRIDGE *1872*”လို့ ရေးထားတယ်။ ကြေးပြားဝိုင်းမှာ သွန်းခတ်ရေးထားပြီး ကြမ်းပြင်မှာ တွယ်ချထားတယ်။ ဒီနေရာမှာ အမှတ်တရ ဓာတ်ပုံရိုက်ရမယ်။
တစ်ယောက်တည်း ကွဲနေချိန်မို့ နီးရာလူကို အကူအညီ တောင်းရတယ်။ ကူညီချင်စိတ်ရှိမယ့်သူ၊ သဘောထားကောင်းမယ့်သူကို ခန့်မှန်းပြီး ရွေးလိုက်တယ်။

“ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါလား။”

“ရတယ်လေ။ ဘယ်လိုပုံစံ ရိုက်ပေးရမှာလဲ။”

“ဒီကြေးပြားလေး ပါချင်တယ်။ လူက ဟိုနားမှာ သွားရပ်မယ်။”

“ဟဲ့ နေပါ့အုံး။ ဘယ်နေရာကို နှိပ်ရမှာလဲ ပြပါ့အုံး။”

မဒမ်က ဖုန်းနဲ့ ဓာတ်ပုံမရိုက်ဖူးဘူး ထင်ပါတယ်။ သူသုံးတဲ့ဖုန်းက ခလုပ်အမာ keypad တစ်ခု။

“ကြေးပြားလေး ပါအောင် အောက်ကနေ ပင့်ချိန်နော်။ နှိပ်ရမှာက အလယ်က အဝိုင်းလေး။ မှန်သားပြင်ပေါ်က အဝိုင်းလေးနော်။ အောက်က ခွက်နေတဲ့ အဝိုင်း မဟုတ်ဘူး။”

“Ok. I see.”

“. . . . . . . . . .”

“Great. Come and check.”

ဘုရား ဘုရား။ သဘောတော့ ကောင်းရှာပါရဲ့။ သူရိုက်တာ ငါးချက်။ တစ်ချက်မှ ကောင်းကောင်း မထိဘူး။ ဓာတ်ပုံတွေကတော့ မြင်တော်မူကြတဲ့ အတိုင်းပါပဲ။

“အဆင်ပြေရဲ့လား။ မကြိုက်ရင် ပြန်ရိုက်ပေးမယ်လေ။”

“ရပါပြီ၊ ရပါပြီ။ ကျေးဇူးပါ။”

“ရပါတယ်။ မင်းက ဘယ်နိုင်ငံကလဲ။”

“မြန်မာနိုင်ငံကပါ။”

“ငါရောက်ဖူးတယ်။ ပုဂံကို မှတ်မိတယ်။”

“ဟုတ်လား။ ခင်ဗျားကရော။”

“ငါက နယူးယောက်ကပဲလေ။ တနင်္ဂနွေမို့ လာလည်တာ။”

“ကောင်းတာပေါ့။ ခင်ဗျာ့ကိုလည်း ဓာတ်ပုံတစ်ပုံလောက် ရိုက်အုံးမယ်လေ။ ရလား။”

“ရတာပေါ့။ ဘယ်နားမှာ ရိုက်ရင် ကောင်းမလဲ။”

“ဒီနားပဲ ရပ်လိုက်လေ။ ဟို . . . ဘက်ကို ငေးနေတဲ့ပုံ ရိုက်မယ်။”

“. . . . . . . . . .”

ကဲ ကြည့်စမ်း။ ဓာတ်ပုံသာ သိပ်မရိုက်တတ်တာ။ အိုက်တင်ပေးတာကျတော့ သိပ်တော်တာပဲ။
 
:)
ရှင်အာစာရ

No comments:

Post a Comment