Wednesday, October 30, 2013

အသွင်



အသွင်နှင့် စပ်လျဉ်း၍ . . . စားသောက်ကုန် မျိုးစုံကို ရောင်းပန်းလှစေရန် ဓာတုပစ္စည်းဖြင့် အရောင်တင် ဆေးဆိုးကြသောကြောင့် စားသုံးသူတို့ ဆိုးကျိုးခံစားကြရသည် ဆို၏။ ဆိုးဆေးများသည် စားသုံးသူကို ချက်ချင်း အန္တရာယ် မပေးနိုင်သော်လည်း ရေရှည်၌ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ကင်ဆာရောဂါတို့ ဖြစ်ပွားစေသည်ဆို၏။ ထိုကြောင့် စားသောက်ကုန်ကို ဆေးမဆိုးရန် အာဏာပိုင်တို့က တားမြစ်ကြသည်။ မီဒီယာတို့က စားသုံးသူကို ပညာပေး၍ ထုတ်လုပ်သူကို ရှုပ်ချကြသည်။ ထုတ်လုပ်သူများကို ၀ိသမလောဘသားများဟု အပြစ်ဆို၍ နှိပ်ကွပ်ကြသည်။ ရောင်းကုန် အမြင်လှမှ ၀ယ်သူမျက်စိကျသည်မှာ ဓမ္မတာဖြစ်၍ ထုတ်လုပ်သူ၊ ရောင်းချသူတို့ အနေနှင့် ရောင်းကုန်ကို စားသုံးသူ နှစ်သက်စေရန် လှလှပပ ခင်းကျင်းရောင်းချကြရမည် ဖြစ်သော်လည်း အန္တရာယ်ရှိသော အလှတုကို ဗန်းပြ၍ စားသုံးသူကို မြှူဆွယ်ရန် မသင့်ပေ။

အသွင်နှင့် စပ်လျဉ်း၍ . . . ရွာမှာ လျှာအရသာ ခံရုံမကဘဲ မျက်စိအရသာပါ ခံ၍ စားသုံးခြင်း ဓလေ့တစ်ခုကို သတိရမိသည်။ ၀ါးရုံတော၌ ကိုယ်တိုင် မျှစ်ချိုး၍ မျှစ်ချက်စားသော ရွာသူရွာသားတို့သည် မျှစ်ကို အရောင်တင်၍ စားသုံးကြသည်။ သဘာဝအတိုင်း အရောင်တင်ခြင်း ဖြစ်သည်။ မျှစ်ကို ပြုပ်လိုက်သည်။ အနီရောင်ဖြစ်လာ၏။ ထန်းပလပ်ကို လောင်းစာထင်းအဖြစ် အသုံးပြု၍ ပြုပ်လျှင် မျှစ်အနီရောင် ပိုလှသည် ဆို၏။ ရွာသူရွာသားတို့၏ စောင့်ကြည့်လေ့လာသုတေသန ရလဒ်တစ်ခု ဖြစ်သည်။ မျှစ်ပြုပ်နီကို အမျှင်အမျှင် စိတ်၍ မြေပဲဆံနှင့် သုပ်သည်။ သာမန်ထက် အမြင်ဆန်းသော အနီရောင် ဟင်းတစ်ခွက် ရ၏။ ဓာတုအဆိပ် ကင်းလွတ်သည်။

အသွင်နှင့် စပ်လျဉ်း၍ . . . မြင်သည်နှင့် စားချင်စိတ် ပေါ်လာအောင် ရသတဏှာကို လှုပ်နှိုးနိုင်သည်။ ဖိုမသဘာဝ မြင်မြင်ချင်း ချစ်စေကြိုက်စေပြီး ကာမတဏှာပွားစီး စေနိုင်သည်။ ဖူးလိုက်ရသည်နှင့် ကြည်ညိုမိအောင် သဒ္ဓါကို ကွန့်မြူးစေနိုင်သည်။ ၀ိပဿနာ ရှုကွက်တင်၍ သံသရာမှ လွတ်မြောက်စေနိုင်သည်။ အမြင်အာရုံ ရူပါရုံ၏ အခန်းကဏ္ဍကား မသေးလှပေ။

အသွင်နှင့် စပ်လျဉ်း၍ . . . ဘုရားရှင်သည် တပည့်သား သံဃာတို့ကို အမြင်တင့်တယ်၍ ကြည်ညိုဖွယ်ဖြစ်အောင် စားစေ၊ ၀တ်စေ၊ နေစေတော်မူခဲ့၏။ အဆင်းအသွင်ကို ကြည်ညိုသူ ရူပပမာဏပုဂ္ဂိုလ်တို့ သဒ္ဓါပွားရန်၊ ကုသိုလ်ပွားရန် လမ်းပြတော်မူခဲ့၏။ သို့သော် အသွင်ကို ကြည်ညိုသူတို့ အသွင်ကြောင့် အဆိပ်မသင့်ရန် လိုအပ်ကြောင်း၊ အကြည်ညိုခံ သံဃာတော်တို့ အနေနှင့် အသွင်အပြင်အတွက် အလွန်အကျွံ ဖြစ်မသွားကြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ကြည်ညိုသူ ဒကာဒကာမတို့အတွက် ဓာတုဆေးဆိုးထားသည့် စားသောက်ကုန်ကဲ့သို့ အန္တရာယ်ထုပ် မဖြစ်ရန် လိုအပ်ကြောင်းနှင့် အမြင်လှ၍ အဆိပ်ကင်းပြီး အာဟာရတန်ဖိုးရှိသည့် သဘာဝ မျှစ်ပြုပ်နီကဲ့သို့သော ရှင်ရဟန်းများ ထွန်းကားစေလိုပါကြောင်း . . . . .။

:)
ရှင်အာစာရ

No comments:

Post a Comment