Wednesday, October 23, 2013

ကုတ်ကြား နှင့် လမင်း


ဟိုရှေးရှေးတုန်းက သောင်ပြင်မှာ လွှတ်ထားခံရတဲ့ ကုတ်ကြား (ဂုတ်ကြား)ဆိုတဲ့ ခွေးတစ်ကောင် ရှိသတဲ့။ သောင်ပြင်မှာ တစ်ကောင်တည်း တစ်ထီးတစ်နန်းနဲ့ (ဖြစ်သလို) ကျက်စားနေတဲ့ ကုတ်ကြားဟာ  ညတစ်ည လသာသာမှာ အိပ်မပျော်နိုင်တာနဲ့ လမင်းကို စိတ်တိုပြီး တ၀ုတ်ဝုတ် ဟောင်သတဲ့။ သောင်ပြင်မှာ ဘုရင်တစ်ဆူ ဖြစ်နေတဲ့ ကုတ်ကြားကို ဆူတယ်ရယ်လို့ ငေါက်မယ့်မောင်းမယ့်သူလည်း မရှိဘူးပေါ့။ အဲ့ဒီတော့ သူက အားရပါးရ စိတ်တိုင်းကျ ဟောင်တာပေါ့။ သူဟောင်နေတုန်း လမင်းကို တိမ်တစ်အုပ်က ဖုံးလိုက်တာနဲ့ မှောင်သွားသတဲ့။ အဲ့ဒီတော့ ဘာဖြစ်တယ် ထင်သလဲ။ ကုတ်ကြား ၀မ်းသာသွားတာပေါ့။ သောင်ပြင်မှာက ကုတ်ကြား တစ်ကောင်တည်းမို့ သူဝမ်းသာအောင် လေလည်ပြမယ့် ယုန်လည်း မရှိဘူးပေါ့။ ဒါပေမယ့် ကုတ်ကြားကတော့ ၀မ်းသာသွားသတဲ့။ သူ့အမြင်နဲ့သူကိုး။ သူဟောင်လို့ လမင်းမှောင်သွားတာ၊ လမင်းက သူ့ကိုကြောက်လို့ တိမ်ထဲ ၀င်ပြေးတာ။ အဲ့ဒီလို ကျေနပ်ပြီး ၀မ်းသာတာတဲ့။ ၀မ်းသာအားရ ကျေကျေနပ်နပ်နဲ့ အိပ်တော့မယ်ဆိုပြီး ကျကျနန ၀ပ်လိုက်မယ်လည်းလုပ်ရော လမင်းက တိမ်ထဲက ထွက်လာပြီး သာပြန်ပါရောတဲ့။ ကုတ်ကြား ဘယ်လိုခံစားရမလဲ စဉ်းစားသာ ကြည့်ပေတော့။ ဟုတ်တာပေါ့။ ကုတ်ကြား စိတ်တိုရပြန်တာပေါ့။ နှစ်ဆ သုံးဆ လေး ငါး ခြောက်ဆတိုးပြီးတော့ကို စိတ်တိုတာတဲ့။ သူစိတ်တိုတော့ လမင်းကို သူ ဘာလုပ်လို့ရမှာလဲ။ ဟောင်ရုံရှိတာပေါ့။ သူတတ်သမျှ မှတ်သမျှ နည်းမျိုးစုံနဲ့ ဟောင်သတဲ့။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်းဟောင်၊ ၀ပ်ရင်းဟောင်၊ ရပ်ရင်းဟောင်၊ ပတတ်ရပ်ဟောင်၊ နားနားပြီးဟောင်၊ ဆက်တိုက်ဆက်တိုက်ဟောင်၊ လမင်းကို တည့်တည့်ကြည့်ဟောင်၊ တစ်စောင်းကြည့်ဟောင်၊ ပီပီသသဟောင်၊ အူသလိုလို ညည်းသလိုလိုဟောင် . . . . . ဟောင်နည်းမျိုးစုံနဲ့ ဟောင်သတဲ့။ သူအမျိုးမျိုး ဟောင်ပေမယ့် လမင်းက သာမြဲသာနေတာမို့ သူလည်း ခွေးမောမောသွားလို့ ခဏလောက် နားအုံးမယ်ဆိုပြီး သောင်ပြင်သာသာ တစ်နေရာမှာ ခွေခွေလေး ၀ပ်နေလိုက်သတဲ့။ အဲ့ဒီအချိန်မှာ လမင်းကို တိမ်ဖုံးလိုက်ပြန်သတဲ့။ အဲ့ဒီတော့ ကုတ်ကြားလည်း ရုတ်တရက် သူမဟောင်ရဘဲ မှောင်သွားတာမို့ ၀မ်းသာအားရ အူလိုက်သတဲ့။ ရထားတစ်စင်း ဘူတာဝင်ခါနီး ဥသြသံရှည် ဆွဲသလို အူလိုက်တာတဲ့။ ဒီတစ်ခါတော့ လမင်းကို တိမ်တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ဖုံးနေတာမို့ လမင်း မသာနိုင်တော့ဘူးတဲ့။ အဲ့ဒီကျမှ ကုတ်ကြားဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချလိုက်သတဲ့။ အိပ်နေရင်းလည်း ခွေးကျင့်ခွေးကြံနဲ့ အိပ်မက်ချိုချိုတွေ ဆက်တိုက်ဆက်တိုက် မက်လိုက်သေးသတဲ့။ အဲ့ဒီအချိန်မှာ တိမ်တွေ တလိမ့်လိမ့် တလိပ်လိပ် တက်လာပြီး ခွေးမိုးကြောင်မိုးတွေ ရွာချနေသလား ထင်ရလောက်အောင် မိုးကြီးသည်းစွာ ရွာချလိုက်သတဲ့။ သောင်ပြင်တစ်ခုလုံး ရေတွေလွှမ်းသွားပြီး လှိုင်းလုံးကြီးတွေက အိပ်မောကျနေတဲ့ ကုတ်ကြားကို ခွေးသေမင်းဆီ ခေါ်သွားသတဲ့။ မိုးတိတ်လို့ တိမ်တွေ စင်သွားတဲ့အခါမှာတော့ လမင်းက ရေပြင်ပေါ် လရောင်ဆမ်းပေးလိုက်သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

:)
ရှင်အာစာရ
(24Oct13)

No comments:

Post a Comment