Friday, October 18, 2013

သီတင်းကျွတ်ပျင်း



သီတင်းကျွတ်ပြီ။ ပျင်းသည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အွန်လိုင်း၌ ရေးကြသော သီတင်းကျွတ် စာများကိုပင် စေ့စေ့ငုငု မဖတ်ချင်အောင် ပျင်းသည်။ သီတင်းကျွတ်စာ တစ်ခုခုကို တစ်နည်းနည်းဖြင့် ရေး၍မရအောင် ပျင်းသည်။ ယေဘုယျအားဖြင့် အလုပ်မရှိလျှင် မောဟထူသဖြင့် ပျင်းတတ်သည်။ အလုပ်ပိလျှင် သို့မဟုတ် အလုပ်မအောင်လျှင် ဒေါသထူသဖြင့် ပျင်းတတ်သည်။ ယခုမူ အလုပ် မရှိခြင်းလည်း မဟုတ်။ ပိခြင်းလည်း မဟုတ်။ မအောင်ခြင်းလည်း မဟုတ်။ စိတ်၏ ဆုတ်နစ်သော အပျင်းဓာတ် မဟုတ်သကဲ့သို့ တက်ကြွသော အပျင်းဓာတ်လည်း ဟုတ်ဟန်မတူ။ ဟုတ်ဟုတ်ငြားငြား အကြောင်းမရဘဲ ပျင်းသည်။ ဘာမှ မဟုတ်ဘဲ ပျင်းသည်။ ပျင်းလျှင် ဖျင်းတတ်သည်ဟု အားတင်းသော်လည်း ဖျင်းချင်ဖျင်းပါစေတော့ဟု ဇွတ်တင်း၍ ပျင်းနေပြန်သည်။  ကောသဇ္ဇဟူသော ပါဠိစကား၏ ပျင်းပြစ်များကို ဆင်ခြင်ရန်လည်း ပျင်းသည်။ ပုံပြင်ထဲက မောင်ပျင်းကဲ့သို့ အပျင်းပြိုင်ရမှာ ပျင်းသည်ဟု ပျင်းဂုဏ်မောက်ရမှာလည်း ပျင်းနေပြန်၏။

No comments:

Post a Comment