Thursday, January 5, 2012

Killing Life - သက်သတ်


“သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ”ဟု ငယ်စဉ်က ကျက်မှတ်ခဲ့ရဖူးသည်။

မင်္ဂလ၀ိဟာရ ကျောင်းတိုက်ကို မြေမြတ်မဟာဟု သတ်မှတ်ကြကာ ရှင်ရောလူပါ (အနည်းဆုံး) ကျောင်းတိုက်အတွင်း၌ သက်သတ်လွတ် စားကြသည်။

သက်သတ်လွတ် စားလို၏ ဆိုသူ ရှင်ဒေ၀ဒတ်သည် လူသက်သတ်သမားဖြစ်ရန်ပင် ၀န်မလေးခဲ့ပေ။
(လူသတ်သမားဟု ဆိုလျှင် အဓိပ္ပာယ် ကျယ်လွန်းသည်ထင်၍ ဤနေရာ၌ လူသက်သတ်သမားဟု ဆိုလိုက်ပေသည်။ ယေဘုယျအားဖြင့် လူ့အသက် သတ်သူကို လူသတ်သမားဟု ခေါ်ကြ၏။ စင်စစ်အားဖြင့် လူသတ်ရာ၌ လူ့အသက်ကိုသာမက လူနှင့် စပ်သမျှကို သတ်နိုင်၏။ ဥပမာ အသက်မသေစေဘဲ အရှက်ကို သတ်လို့ရသည်။ နာမည်ကို သတ်လို့ရသည်။ ဂုဏ်ကို သတ်လို့ရသည်။ အောင်မြင်မှုကို သတ်လို့ရသည်။ အညွန့်အတက် ပြန်မထွက်နိုင်သည့် ကိုယ်လက်အင်္ဂါတို့ကို ဖြတ်သတ်နိုင်သည်။ ထို့ထက်ပို၍ သံသရာအထိ သေအောင် သတ်လို့ရသည်။ စသည်စသည်။ အဓိပ္ပာယ် ကျယ်လွန်းလှ၏။ သို့ဖြစ်၍ လူ့အသက်သေအောင် သတ်သူကို ရည်ရွယ်၍ လူသက်သတ်သမားဟု ဆိုလိုက်ပါသည်။)

လူသက်သတ်သမားတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများကို လုပ်ကြံခဲ့ကြ၏။

. . . . . . . . . .။

ယခုအခါ အီဂျစ်ပြည်၌ လူသက်သတ်မားတို့ကို အရေးယူရန် ကြိုးပမ်းနေကြသည်။

အာရပ်ကမ္ဘာ၌ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် အီဂျစ်ပြည်၌ ၂၀၁၁-ခုနှစ် ဇန်န၀ါရီလတုန်းက လူသက်သတ်မှုများ ဖြစ်ပွားခဲ့သည် ဆို၏။ ထိုစဉ်က သမ္မတ ဖြစ်ခဲ့သည့် မူဘာရက်ကို နောက်ကွယ်မှ ကြိုးကိုင်သည့် လူသက်သတ်သမားဟု ဆိုကာ သူ့ကို သေဒဏ်စီရင်နိုင်ရန် ကြိုးပမ်းနေကြသည် ဆို၏။ သမ္မတဟောင်း မူဘာရက်ကလည်း “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး”ဟု ဆို၍ သူသည် လူသက်သတ်သမား မဟုတ်ကြောင်း ငြင်းနေသည် ဆို၏။

“မသတ်စေကာမူ၊ သတ်မိန့် မပေးစေကာမူ၊ လူသက်သတ်သမားတို့ကို တားမြစ်ခွင့် အမိန့်အာဏာ ရှိနေပါလျက် မတားမြစ်ခြင်းကြောင့် အပြစ်ရှိသည်သာတည်း”ဟု ရှေ့နေက စွပ်စွဲသည် ဆို၏။ သမ္မတဟောင်းကြီးကို သတ်ချင်နေကြသည်။ သံဝေဂ ယူဖွယ်တည်း။

သက်သတ်မှုသည် အပြစ်ကြီးလှကြောင်း ဗုဒ္ဓဘာသာက ဆို၏။ လူသက်သတ်မှုသည် တိရစ္ဆာန်သက် သတ်မှုထက် ပို၍ အပြစ်ကြီးသည်ဟုလည်း ဆို၏။ သတ်အပ်သော သတ္တ၀ါ၏ ဂုဏ်အရည်အသွေးအပေါ် မူတည်၍ သက်သတ်မှု အပြစ်၏ အလေးအပေါ့ကို သတ်မှတ်၏။ ထိုမှတစ်ပါး သက်သတ်မှုနှင့် စပ်လျဉ်း၍ “ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ”ဟုလည်း ဗုဒ္ဓဘာသာက ဆိုပြန်သည်။
ဗုဒ္ဓဘာသာ အလိုအရ အဆိုပါ သမ္မတကြီး အပြစ်ရှိသလော။ လူသက်သတ်မှုကို သမ္မတကြီး"ကိုယ်တိုင်" ကျူးလွန်ခဲ့ခြင်း မဟုတ်လောက်တန်ရာ။ မ"တိုက်တွန်း"ပါ၊ သတ်မိန့် မပေးပါဟု သမ္မတကြီးက ငြင်း၏။ လူသက်သတ်မှုများ သူနှင့်မဆိုင်ဟု ဆိုသဖြင့် သတ်ဖြတ်ရန်လည်း မမြှောက်ပင့်ပါ၊ သတ်ချင်ဖြတ်ချင်အောင်လည်း မ"ချီးမွမ်း"ပါဟု ဆိုလိုရာရောက်၏။ လူသက်သတ်မှု၌ သမ္မတကြီး "စိတ်တူ/မတူ"ကား သမ္မတကြီးသာ အသိဆုံး ဖြစ်ပေလိမ့်မည်။ ရှေ့နေ စွပ်စွဲသကဲ့သို့ တားမြစ်ခွင့် အမိန့်အာဏာ ရှိနေပါလျက် မတားမြစ်ခဲ့ခြင်းကို "စိတ်တူ"ခြင်းဟု ဆိုရမည်လော။

ဆိုးသွမ်းသည့် လူသက်သတ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်သည့် ဗုဒ္ဓဘာသာ နိုင်ငံများ၌ပင် လူသက်သတ်မှုများ မကြာမကြာ ဖြစ်ပေါ်လာတတ်သည်။ ရံခါ၌ လူတို့ကို အစုလိုက် အပြုံလိုက် သတ်သည်ပင် ရှိတတ်၏။ ဗုဒ္ဓဘာသာကသာ မက ကမ္ဘာ့ ဘာသာတိုင်းက ကန့်ကွက်နေသည့် ကြားမှာပင် ကမ္ဘာပေါ်၌ လူသက်သတ်မှုတို့ ဖြစ်ပေါ်နေ၏။ ဘာသာတရား၏ တည်ရာ ပြည်ဌာနသည် ဌာနီလူတိုင်းကို သိမ်မွေ့အောင် လုပ်မပေးနိုင်ပေ။ ဓာတ်ခံကောင်းသူကိုသာ ကောင်းရာသို့ ညွတ်လာအောင် ထောက်ပံ့ပေးနိုင်၏။ ဘာသာတရားသည်ပင် ဓာတ်ခံကောင်းသူတို့ကိုသာ သိမ့်မွေ့အောင် စည်းရုံးနိုင်၏။ ဤသည်မှာ ဘာသာတရား၏ အပြစ် မဟုတ်ပေ။ ဘာသာတရားကို လူတို့ ကျင့်သုံးကြအောင် မစွမ်းဆောင်နိုင်သည့် ဘာသာဝင်များ၊ ဘာသာရေး ခေါင်းဆောင်များ၏ အားနည်းချက်ဟုကား ဆိုနိုင်သည် ထင်မိ၏။ သို့သော် မကျွတ်ထိုက်သူကို ဘုရားရှင်သော်မှ မချွတ်နိုင်သောကြောင့် အဆိုပါ အားနည်းချက်ကို ခါးခါးသီးသီး အပြစ်မတင်သင့်ပေ။ ဘာသာတရားကို လူတို့ ကျင့်သုံးကြအောင် ဘာသာဝင်များ၊ ဘာသာရေးခေါင်းဆောင်များ စွမ်းသလောက် ကြိုးပမ်းကြရုံသာ ရှိတော့သည်။

ဗုဒ္ဓဘာသာဝင် ဟုတ်သူများကရော၊ မဟုတ်သူများကပါ သက်သတ်မှု (အနည်းဆုံး လူသက်သတ်မှု) ကင်းဝေးအောင်၊ လျော့ပါးအောင် စွမ်းဆောင်နိုင်ကြပါစေ။

:)
ရှင်အာစာရ

No comments:

Post a Comment