Monday, August 8, 2011

Special Activity - အထူးလှုပ်ရှားမှု

Activity  :    “Special Activity” on Special Day for Special People
Location :    Chinese Garden (华园)
                   (also commonly known as Jurong Gardens)
                   Singapore 61979
Time       :    from 9.00 am to 10.00 am
Date       :    9 August, 2011 [National Day (Singapore)]


မီးခိုးထွက်သည့် ကားစုတ်များ ယာဉ်စုတ်များ မောင်းနှင်ခွင့် မပေးသောကြောင့် ကားနှင့်အခြားစက်တပ်ယာဉ်တို့ အရေအတွက် များသည်နှင့် နှိုင်းစာသော် လေထုညစ်ညမ်းမှု သက်သာသည်ဟု ဆိုရမည် ထင်၏။ ထို့ပြင် မြို့တော်အနှံ့ သစ်ပင်ပန်းမာလ်တို့ စိုပြေစိမ်းလန်းနေအောင် အထူးဝါယာမ စိုက်ထုတ်ထားခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တို့ လျော့ကျသွားခြင်းလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ဤအချိန် ဤနေရာ ဤပန်းခြံအတွင်း လေညှင်း သန့်လျက်ရှိနေ၏။

ကြိုတင်စိတ်ကူးထားသည့်အတိုင်း သစ်ရိပ်တစ်ခုကို အမှီပြု၍ မြက်ခင်းပြင်မှာ နေရာယူလိုက်သည်။ လေသရမ်းတစ်ချက် တိုးဝှေ့လိုက်ရာ အပေါ်ဝတ် ဧကသီကို မလွင့်အောင် ဆွဲသိမ်းလိုက်ရ၏။ အသင့်ယူဆောင်လာခဲ့သော မတ်တတ်ကြော်ငြာတိုင်ကို မြေညီရာ မြက်ခင်းပြင်မှာ နေရာချလိုက်ပြီး ကြော်ငြာတိုင်ဘေးမှာ နေရာထိုင်ခင်းတစ်ခု ပြင်ဆင်ခင်းကျင်းလိုက်သည်။


 ကိုယ်တိုင်ပြင်ဆင် ခင်းကျင်းထားသည့် နေရာမှာ ထိုင်လိုက်သည်။ အရှေ့အရပ်သို့ မျက်နှာမူလျက်။ တင်ပလ္လင်ခွေလျက်။ ခါးကိုဖြောင့်စွာထားသည်။ ခေါင်းကိုလည်း တည့်တည့်မတ်မတ် ထောင်ထားသည်။ နောက်သို့လည်း မလန်။ ရှေ့သိုလည်း မငိုက်။ ဘယ်ဘက်လက်ဖ၀ါးပေါ် ညာဘက်လက်ဖ၀ါးတင်။ လက်မချင်း စဉ်းငယ်ထိလျက်သား။ လက်အစုံကို တင်ပလ္လင်ပေါ် တင်ထားလျက်။ အသားတကျ နေရာယူပြီးသောအခါ မျက်လုံးအစုံကို မှိတ်၍ အာနာပါနကမ္မဋ္ဌာန်း သမထလုပ်ငန်းခွင် စတင်တော့သည်။ နှာခေါင်းပေါက် နှစ်ခုနှင့် အထက်နှုတ်ခမ်းဖျားတို့၏ တြိဂံရပ်ဝန်း နေရာကို စိတ်စိုက်ထားလိုက်သည်။ ၀င်လေထွက်လေတို့ တြိဂံရပ်ဝန်း နေရာမှာ လာ၍လာ၍ ထိခတ်သည်ကို သတိမပြတ် စောင့်ကြည့်နေလိုက်သည်။ စိတ်အလုပ်။ “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .

လက်ျာဘက်မှ တိုးဝင်တိုက်ခတ်လာသော လေပြေညှင်းကြောင့် အေးစိမ့်စိမ့် သုခဝေဒနာကို ခံစားလိုက်ရသည်။ “အေးတယ် . . . အေးတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .

ငှက်တစ်ချို့ ကျူကျူကျာကျာ မြည်ကြွေးရင်း ခေါ်င်းပေါ်က ပျံသန်းသွားကြသည်။ စင်ကာပူနိုင်ငံအတွက် မွေးနေ့လက်ဆောင် တေးသီကြခြင်းလေလား။ သို့ဖြစ်လျှင်ကား “Happy Birthday to You . . .”ဟု အင်္ဂလိပ်လို ဘာသာပြန်သင့်သည် ထင်၏။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .

“Papa, look.”ဟု အော်နေသော ကလေးငယ် တစ်ယေက်၏ အသံ။ “Shoooo.”ဟု နှုတ်ပိတ်သည့် လူကြီးသံ။ ဘေးက ကြော်ငြာကို အသံထွက်၍ ဖတ်နေသည့် ကလေးသံ။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . .

“You can join with him. Ha ha ha. We’ll go to the tower ahead.” “Me too. Ha ha ha.” “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .
ဖွဖွနင်းသည့် ခြေသံများကို ကြားလိုက်ရပြန်သည်။ တရားထိုင်နေသည့် ရဟန်းတော်ကို မြင်လိုက်ရ၍ ကြည်ညိုစိတ်ကို မထိန်းနိုင်တော့ဘဲ ၀င်ရောက်ဦးချခြင်းလား။ ကြော်ငြာကို ဖတ်မိ၍ စိတ်ဝင်စားသဖြင့် အနားမှာ လာပြီး တရားထိုင်ခြင်းလား။ “ကြားတယ် . . . ကြားတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .

ရွာက အမေ့ဆီ စိတ်ရောက်သွားပြန်သည်။ “လုပ်ဖူးတယ်ရှိအောင် လုပ်ကြည့်ပေါ့ အမေရယ် . . .။” “တင်ပါ . . . လုပ်ကြည့်တာပေါ့ . . .။” အမေ့ကို ရိပ်သာပို့ခဲ့တုန်းက အမေ မငြင်းခဲ့။ ရိပ်သာက ပြန်လာတော့ အမေက သူ့အတွေ့အကြုံကို ပြန်ပြောပြသေးတယ်။ “အစ သုံးရက်လောက်တော့ သေချင်စော်ကို နံသွားတာပဲ ဦးဇင်းရယ် . . .။ ငါ့နှယ် ၀ဋ်ပါလာလို့ ကြွေးဆပ်နေရတာများလားလို့တောင် အောက်မေ့မိသေးတယ်” “နောက်တော့ကော . . .။” “နောက်ရက်တွေတော့ ထိုင်တတ်သွားပါတယ်။” “တွေးတယ် . . . တွေးတယ်”ဟု နှစ်ချက်သုံးချက် မှတ်လိုက်ပြီး တြိဂံရပ်ဝန်းမှ ၀င်လေထွက်လေကို ပြန်မှတ်သည်။  “၀င်လေ . . . ထွက်လေ . . .” “၀င်လေ . . . ထွက်လေ” “၀င်လေ . . . ထွက်လေ . . .”  . . . . .

အမှတ်မျိုးစုံဖြင့် တစ်နာရီပြည့်သွားသည်။ တုန်ခါမှုဖြင့် နှိုးစက်ချထားသော လက်ကိုင်ဖုန်းက တ၀ူးဝူး အချက်ပေးနေပြီ။ မျက်စိဖွင့်ကြည့်လိုက်တော့ ဥယျာဉ်ထဲမှာ လူစည်ကားနေပြီ။ စုံတွဲတစ်ချို့။ မိသားစု တစ်ခု နှစ်ခု။ သူငယ်ချင်းတစ်သိုက်။ ယောင်ချာချာ အဖော်မဲ့သူတစ်ချို့။ အနီးအနား ဘယ်သူတွေ လာသွားခဲ့ကြသည် မသိ။ လာပြီး ရှိခိုးဦးချသူ ရှိခဲ့သလား။ တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်၊ လေးငါးခြောက်မိနစ် တရားထိုင်သွားခဲ့ကြသေးသလား။

ဘေးနားက ခုံပေါ်မှာ တရားထိုင်နေသည့် ဒကာတစ်ယောက်ကို တွေ့လိုက်ရသည်။ သီရိလင်္ကာ အမျိုးသားလား။ အိန္ဒိယ အမျိုးသားလား။ မြန်မာလို ဆိုလျှင်ဖြင့် ရှင်းပါသည်။ ကိုကုလား။ ဓာတ်ပုံရိုက်တာကို သူ သိလိုက်ဟန်မတူ။


ဟိုဘက်က ခုံပေါ်မှာလည်း ဒကာတစ်ယောက် တရားထိုင်လို့ပါလား။ သူ့ကို ဓာတ်ပုံရိုက်တော့ သူ မျက်လုံးအဖွင့်နဲ့ ကြုံသွားသည်။ အားနာစရာပင်။ “Sorry, Mr….” “Never mind lor. Very good. Very good idea.” သူက ဓာတ်ပုံရိုက်တာကို ဗွေမယူ။ နှစ်ထောင်းအားရစွာ လက်မတောင် ထောင်ပြလိုက်သေးသည်။ “Thank you. :)”


နေရာထိုင်ခင်းကို ကောက်ယူခေါက်သိမ်းပြီး ပခုံးပေါ် တင်လိုက်သည်။ ကြော်ငြာတိုင်ကို ဖြုတ်သိမ်းပြီး လက်တွန်းလှည်းငယ်ပေါ် ပြန်တင်သည်။ နေ့ဆွမ်းအမီ Eunos ရောက်အောင် ပြန်ရမည်။ လက်တွန်းလှည်းကို တွန်းရင်း EW25ဆီသို့ တစ် လှမ်း ချင်း ဖြည်း ဖြည်း မှန် မှန် လျှောက် လှမ်း လျက်။ “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” “ကြွတယ် . . .။ လှမ်းတယ် . . .။ ချတယ် . . .” . . . . .

:)
ရှင်အာစာရ

မှတ်ချက်။  ။    ဒီလိုနည်းနည်းနဲ့ Meditationကို Motivateလုပ်ရရင် ကောင်းမလားလို့ စိတ်ကူးမိတာပါ။ လက်တွေ့ မလုပ်ရသေးပါ။ စိတ်ဝင်စားရင် လက်တွေ့ စမ်းကြည့်ကြပါ။ အောင်မြင်နိုင်ပါတယ်။

No comments:

Post a Comment