Tuesday, August 2, 2011

ကိုယ်ကိုယ်နဲ့ ထည့်ထည့်ရေးတဲ့ ကိုယ်တော်ကို သတိရမိရာက


သူနဲ့ လူချင်းမတွေ့တာ အတော်ကြာပါပြီ။ နိုင်ငံခြားသာသနာပြု မိတ်ဆွေရဟန်းတော်တစ်ပါးအကြောင်း သတိရမိပါတယ်။ သူက စာရေးရင် ကိုယ်ကိုယ်နဲ့ ထည့်ရေးတတ်ပါတယ်။ မိမိ၊ ကျွန်ုပ်၊ စာရေးသူ ဆိုတာတွေမျိုး မဟုတ်ပါဘူး။ စကားပြောရင်လည်း ကိုယ်လို့ ထည့်ပြောတတ်တာပါပဲ။ ဒါက သူ့ရဲ့ ၀ိသေသ လက္ခဏာပါ။ သူ့ရဲ့ တစ်ခြား စရိုက်လက္ခဏာတွေထက် အနည်းနဲ့အများ မှန်တယ်လို့ ယူဆမိတဲ့ သူ့ရဲ့ သာသနာရေး အမြင်တွေထဲက နှစ်ခုကို သတိရမိပါတယ်။ တစ်ခုက “၀ဋ်ပါနေတာများလား” ဆိုတဲ့အကြောင်းဖြစ်ပြီး နောက်တစ်ခုက “အတာလည်းပါတာပေါ့”ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ဝဋ်ပါနေတာများလား
သာသနာကို ကြည်ညိုတတ်တဲ့၊ ရဟန်းသံဃာတွေရဲ့ ဝေယျာဝစ္စကို လှိုက်လှဲစွာ လုပ်ပေးတတ်တဲ့ ဒကာမလေးတစ်သိုက်ကို ကြည့်ပြီး သူက မှတ်ချက်ချတာပါ။ ကောင်းမလေးတွေ ဆွမ်းတွေကပ်၊ အခန်းသန့်ရှင်းရေးတွေ လုပ်ပေး၊ သင်္ကန်းတွေလျှော်ပေးနဲ့ တကယ့် ပညာရှိ သူတော်ကောင်းကြီးတွေနဲ့ ထိုက်တန်တာတွေ အကုန်လုပ်ပေးကြတယ်။ တော်ကြပါတယ်။ ပြုစုခံတဲ့ကိုယ်တော် ဒါတွေနဲ့ တကယ်ထိုက်တန်သလား၊ မတန်မရာ မှိန်းခံနေတာလားဆိုတာတော့ ကိုယ် စဉ်းစာမိတယ်။ သူတို့ကတော့ ပါရမီဖြည့်တာလို့ ထင်ရှာမှာပေါ့။ ဝေယျာဝစ္စကုသိုလ်လို့ ပြောမှာပေါ့။ ဘယ်လိုပါရမီတွေ ပြည့်ကုန်မလဲတော့ မသိဘူး။ တစ်ခါတစ်ခါ ကိုယ်စဉ်းစားမိတယ် ဒီကောင်မလေးတွေ ၀ဋ်ပါနေတာများလား။

အတာလည်း ပါတာပေါ့
ဓမ္မကထိက အရှင်မြတ်တွေကတော့ ဓမ္မပူဇာ များတာကို ငြင်းမယ် မထင်ပါဘူး။ မိတ်ဆွေရဟန်းတော်ကတော့ တစ်ပါးတည်းဆီမှာ အလွန်အကျွံ ပုံအောလှူတာမျိုးကို သိပ်ပြီး ထောက်ခံချင်ပုံ မရပါဘူး။ အရင်က စာတွေရေးပြီး အောင်မြင်တဲ့ ဓမ္မကထိကဖြစ်သွားလို့ စာမရေးတော့တဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးနဲ့ ပတ်သက်လို့ မှတ်ချက်ချပါတယ်။ သူက ဘယ် စာရေးတော့မလဲကွာ။ တစ်နာရီလောက် တရားဟောလိုက်ရင် သိန်းနှစ်ဆယ်သုံးဆယ် ရနေတာကို။ သိန်းတစ်ရာ နှစ်ရာဆိုလည်း ဟုတ်တာပဲ။ မင့် စာရေးတာလို လက်မညောင်းဘူး။ ပုဂ္ဂလိက အလှူငွေတွေ ဒီလောက်ကြီး များနေတာကတော့ ဒကာဒကာမတွေ အတာလည်း ပါတာပေါ့။ ဟီးရိုးအစ်ဇင် ပေါ့ကွာ။ များတဲ့ဆီမှာသာ များနေတာ စာသင်တိုက်တွေမှာ ငတ်တဲ့ကိုယ်တော်တွေကျတော့ ငတ်နေလိုက်ကြတာ။ ဒါကို ဘုန်းကံနည်းလို့ ငတ်တာ ငတ်ပေါ့လို့ ယူဆသင့်သလား။

သီဟိုဠ်မှာ ကျောင်းတက်ရင်း ကိုယ် တစ်ခု သတိထားမိခဲ့တယ်။ ကိုယ်တို့ဆီက သိန်းကြီးတန် တရားပွဲမျိုး သီဟိုဠ်မှာ မရှိဘူး။ သူတို့ဆီမှာက ဓမ္မသင်တန်းတွေ တော်တော်ပေါက်တယ်။ အဲဒီလို သင်တန်းတွေနဲ့ စနစ်တကျ သင်ထားတဲ့လူတွေက ဒီလိုတရားပွဲမျိုး ဘယ် အထင်ကြီးလိမ့်မလဲ။ ပိုက်ဆံပေးပါ့မယ် လာ တရားနာလှည့်ပါ ဆိုရင်တောင် လာပါ့မလား မသိဘူး။ သူတို့ဆီမှာလည်း တရားပွဲတွေတော့ ရှိပါတယ်။ ကိုယ်တို့ဆီမှာလို ပုံအောလှူတာမျိုးတော့ မတွေ့ခဲ့ဘူး။ သူတို့ဆီမှာ အချိန်မရလို့ သင်တန်းမတက်နိုင်ဘူး ဆိုတာမျိုးလည်း မရှိဘူး။ သင်တန်းတွေကို မူလတန်းကတည်းက တက်ထားကြတာ။ အတန်းအလိုက် အဆင့်ဆင့် တက်သွားတာပဲ။ ဓမ္မသင်တန်းတွေက အပတ်စဉ် ကျောင်းပိတ်ရက်မှာဆိုတော့ ကျောင်းစာလည်း မထိခိုက်ဘူး။ အစိုးရကလည်း သင်တန်းတွေကို ထောက်ပံ့တယ်။ ဘယ်လောက်ထိ ထောက်ပံ့သလဲဆိုရင် ဓမ္မသင်တန်းပြီးလို့ အောင်လက်မှတ်ရရင် အဲဒီအောင်လက်မှတ်ကို အလုပ်လျှောက်တဲ့အခါ သုံးလို့ရတယ်။ ဓမ္မသင်တန်းအောင်လက်မှတ် ရှိတဲ့သူကို ဦးစားပေးပြီး အလုပ်ခန့်ရတယ်။ တို့ဆီမှာတော့ တရားနာတာ ဓမ္မဿဝနကုသိုလ်လို့ ပြောကြမှာပေါ့။ ဓမ္မသင်တန်း တက်တာလည်း ဓမ္မဿဝနကုသိုလ်ပဲ မဟုတ်ဘူးလား။ ဘယ်ဟာက ပိုပြီး အဓိပ္ပာယ် ပြည့်ဝသလဲ။ ကိုယ်တို့ဆီမှာလည်း သီဟိုဠ်က သင်တန်းမျိုးတွေ ရှိနေရင် ဈေးကြီးတဲ့ တရားပွဲတွေ လျော့သွားနိုင်တယ်။ တစ်ပါးတည်းကို ပုံအောလှူတာမျိုးတွေ နည်းသွားမှာ။ ပျောက်ချင်လည်း ပျောက်သွားမှာ။

ပြီးတော့ကွာ တို့ဆီမှာက လှူတယ်။ အလှူငွေ လက်ခံတယ်။ အလှူမှတ်တမ်း ဖြတ်ပိုင်းပါတာ ဘယ်နှခု ရှိလို့လဲ။ အလှူငွေကို ထိန်းသိမ်းတော့ သုံးစွဲတော့ကော စာရင်းကိုင်နဲ့ဘာနဲ့ စနစ်တကျလုပ်တာ ဘယ်နှခု ရှိလို့လဲ။ ဒါတွေကို ဘယ်သူက လာပြီး စာရင်းစစ်သလဲ။ မယုံလို့ သွားစစ်ရင်လည်း စစ်တဲ့လူ မီးပွင့်သွားမယ် ထင်တာပဲ။

အားလုံး ထည့်သွင်းစဉ်းစားသင့်တဲ့ မိတ်ဆွေရဟန်းတော်ရဲ့ အမြင်ပါ။ မိတ်ဆွေရဟန်းတော်ကိုရော တစ်ဆင့်ပြန်ပြောသူကိုပါ “အဆိုးမြင်တယ်။ ဣဿာမစ္ဆရိယ အားကြီးတယ်”လို့ ထင်လိုက ထင်နိုင်ပါတယ်။

သာသနာပြုတယ်၊ သံဃဝေယျာဝစ္စ ဆောင်ရွက်တယ်၊ သာသနာကို ထောက်ပံတယ်၊ ပေးကမ်းလှူဒါန်းတယ် ဆိုတာတွေဟာ ပြုနိုင်ခဲတဲ့ကိစ္စတွေပါ။ ချီးကျူးသင့်တာတွေ ဖြစ်ပါတယ်။ အဲဒါတွေ အမှန်တကယ် အဓိပ္ပာယ် ပြည့်ဝသွားအောင် အပြုစုခံ ကိုယ်တော်တွေ၊ အလှူခံကိုယ်တော်တွေ ဆင်ခြင်စိတ်ရှိလို့ ဆင်ခြင်မယ်ဆိုရင် ဆင်ခြင်စရာပါ။ ဦးရေမနည်းလှတဲ့ မြန်မာ့သံဃာတော်တွေထဲက အများစုဖြစ်တဲ့ ခပ်မှိန်မှိန် သံဃာထုကို အနုတ်စုတ်ဂုတ်တွေဆိုတဲ့ သဘောထားနဲ့ မျက်ကွယ်ပြုပြီးတော့ ထင်ရာမြင်ရာ အောင်မြင်ရာကိုသာ စုပြုံလှူဒါန်းတာမျိုးဟာ သာသနာတော်ကို ဘယ်လောက် အထောက်အပံ့ ဖြစ်သလဲ ဆိုတာလည်း စဉ်းစားစရာပါပဲ။ ရက်ရောတတ်တဲ့ မြန်မာတွေရဲ့ အလှူငွေကို (ဒီထက်ပိုပြီး) မှန်မှန်ကန်ကန် အကျိုးရှိရှိ ပွင့်ပွင့်လင်းလင်း အသုံးပြုဖို့ စဉ်းစားကြမယ်ဆိုရင် . . . သံဃာတော်တွေဆီ လှူဒါန်းတဲ့ အလှူငွေ စီးဆင်းမှု အရှိန်အဟုန် အကွာကြီး ကွာမသွားအောင် ထိန်းပေးနိုင်မယ်ဆိုရင် . . .။

:)
ရှင်အာစာရ

No comments:

Post a Comment