ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာဆဋ္ဌပါသာဏလိုဏ်ဂူတော်ကြီးအတွင်း ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ-၌
ဝိပဿနာဆရာကြီး ဦးဂိုအင်ဂါ ပြောကြားသည့်မိန့်ခွန်း (တတိယပိုင်း) ဘာသာပြန်
သံဃာတော် အရှင်မြတ်များနဲ့ ဓမ္မမိတ်ဆွေ ပေါင်းတို့ ... ...။ ဒီဟောပြောချက်မှာ ဗုဒ္ဓတရားတော်ရဲ့ အရေးပါဆုံး အချက်ဖြစ်တဲ့ လက်တွေ့အသိ “ပညာ”ကို ဆွေးနွေးပါ့မယ်။
ဗုဒ္ဓတရားတော်ဟာ လက်တွေ့ ကျင့်သုံးတဲ့အခါမှသာ အကျိုးရှိပါတယ်။ ဘုရားရှင်က ဣသိပတန မိဂဒါဝုန်မှာ သူရဲ့ နောက်လိုက် ပဥ္စဝဂ္ဂီတို့ကို တရားဦး ဟောတော်မူခဲ့ပါတယ်။ “တိပရိဝဋ္ဋံ ဒွါဒသာကာရံ” ဆိုတဲ့အတိုင်း သစ္စာလေးပါးကို နည်းသုံးမျိုးစီနဲ့ တွေ့ကြုံရတဲ့အခါ သစ္စာလေးပါးဟာ တကယ့် အရိယသစ္စာ ဖြစ်တယ်လို့ မိန့်တော်မူခဲ့ပါတယ်။
ဗုဒ္ဓအလိုတော်အရ ဒုက္ခဆိုတာ ဘာလဲ။ “ယံကိဥ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိ”န္တိတဲ့။ ပင်မအခြေခံ ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ တွေ့ကြုံရသမျှဟာ ဒုက္ခပါပဲ။ ရုပ်နာမ်နယ်ပယ် တစ်ခုလုံးကို ကျော်လွန်ပြီ၊ ဖြစ်ပေါ်လာတာ ပျက်သုဉ်းသွားတာ မရှိတဲ့ သေဆုံးရတာ မွေးဖွားရတာလည်း မရှိတဲ့ ရုပ်နာမ်နယ်ရဲ့ ဟိုတစ်ဘက်က နိဗ္ဗာန်ကို မျက်မှေက်ပြုပြီ ဆိုရင်တော့ ဒုက္ခသစ္စာနယ် အပြည့်အစုံကို နားလည်ပြီလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခနယ်ကို ကျော်လွန်ပြီး ဖြစ်လို့ပါပဲ။
တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံဟာ အလွန် ရေးကြီးပါတယ်။ ကိတ်မုန့်ဟာ ချိုတယ်လို့ တစ်ဦးတစ်ယောက်က ပြောနိုင်ပါတယ်။ အဲဒီလို ပြောရုံနဲ့ တစ်ခြားတစ်ယောက်က လက်ခံနိုင်ပါတယ်။ “ကိတ်မုန့် ထဲမှာ သကြားပါတဲ့အတွက် ချိုတာပါ”လို့ တစ်ဆင့်တက် စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် တကယ် ပါးစပ်ထဲ ထည့်စားတဲ့အခါမှပဲ ကိတ်မုန့်အရသာကို သိနိုင်ပါတယ်။ ပူတင်းရဲ့ အရသာဟာ ပူတင်းကို စားသုံးမှုမှာ တည်ပါတယ်။
သစ္စာလေးပါးနဲ့ ပတ်သက်လို့လည်း ဒီအတိုင်းပါပဲ။ နေရာတိုင်းမှာ ဒုက္ခရှိတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဆင်းရဲချမ်းသာ၊ ပညာတတ်မတတ်၊ ကျားမ မရွေး အားလုံးဟာ ဒုက္ခကို တွေ့ကြုံကြရပါတယ်။ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေဝ ... ... ... နှစ်သက်မြတ်နိုးသူနဲ့ ကွဲကွာ၊ မနှစ်မျို့သူနဲ့ ဆုံးဆည်း၊ မျှော်လင့်တာတွေဖြစ်မလာ၊ မမျှော်လင့်တာတွေနဲ့ကြုံရ။ အချုပ်အားဖြင့် ခန္ဓာငါးပါးအပေါ် တွယ်တာမှု။ ဒါတွေဟာ ဒုက္ခပါပဲ။
ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ် “ဒုက္ခံ အရိယသစ္စံ ပရိညေယျံ ... ... ဒုက္ခံ အရိယသစ္စံ ပရိညေယျံ”တဲ့။ ဒုက္ခကုန်ရာ အဆုံးစွန်အထိ၊ ဒုက္ခနယ် တစ်ခုလုံးကို ဖော်ထုတ်ရပါမယ်။ ရုပ်နာမ်နယ် တစ်ခုလုံး ခြုံကြည့်ရပါမယ်။
အစပိုင်းမှာတော့ ကျိုးကြောင်းဆင်ခြင်မှုကို အခြေခံတဲ့ စိန္တာမယ အဆင့်ထိပဲ နားလည်ပါလိမ့်မယ်။ ဝိပဿနာသင်တန်း ရောက်လာကြတဲ့အခါ အစပိုင်းမှာတော့ နာကျင်မှု၊ စိတ်ဖိစီးမှု၊ လေးလံမှု၊ ပူလောင်မှု၊ ယားယံမှု-ဆိုတဲ့ မသက်သာမှု ဒုက္ခဝေဒနာ များစွာကို ခံစားကြရပါတယ်။ နှစ်သက်စရာပဲ ဖြစ်ဖြစ်၊ မနှစ်သက် စရာပဲ ဖြစ်ဖြစ် အာရုံခံစားမှု မှန်သမျှဟာ အနှေးနဲ့အမြန် ကွယ်ပျောက်သွားကြတယ်ဆိုတာ ဒီအဆင့်မှာ ကိုယ်တိုင် နားလည်ကြပါတယ်။ ဖြစ်ပေါ်လာမှု (ဥဒယ)နဲ့ ပျက်သုဉ်းသွားမှု (ဝယ)တို့ကို တွေ့ကြုံကြရ ပါတယ်။
ရက်နည်းနည်းရလာတော့ သင်တန်းသား တော်တော်များများဟာ ခန္ဓာကိုယ် အစိုင်ခဲတစ်ခုလုံး ပျော်ဝင်ကျေပျောက်သွားတဲ့ အဆင့်ကို ရောက်ကြပါတယ်။ ရုပ်နာမ်နယ်အတွင်းမှာ ရှိသမျှ အရာအားလုံးဟာ အဆက်မပြတ် တုန်ခါလှုပ်ရွေ့နေမှုမျှသာ ဖြစ်တယ်ဆိုတာကို ကြုံတွေ့ရပါတယ်။ ခိုက်အတန့်အတွင်း ပေါ်လိုက်ပျောက်လိုက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ တုန်ခါမှု အဖွဲ့အစည်းသာ ဖြစ်တယ်လို့ ကြုံတွေ့ရပါတယ်။ ဒါကို သတိပဋ္ဌာနသုတ်မှာ “သမုဒယဝယဓမ္မာနုပဿီ ဝိဟရတိ”လို့ ဟောတော်မူပါတယ်။
အရာရာဟာ အနိစ္စသာ ဖြစ်ပါတယ်။ အခိုက်အတန့်သာ တည်ပါတယ်။ ခိုင်မာမှု မရှိပါဘူး။ ဒုက္ခ ဝေဒနာကို “ဒုက္ခ”လို့လက်ခံရတာ လွယ်ပါတယ်။ မသက်သာမှု ဖြစ်တဲ့အတွက် ဒုက္ခလို့ လက်ခံနိုင်ပါတယ်။
အားထုတ်တဲ့ ယောဂီဟာ ဉာဏ်နည်းမယ်ဆိုရင်တော့ လုံးလုံးလျားလျား ပျက်သုဉ်းမှုကို မြင်နိုင်တဲ့ ဘင်္ဂဉာဏ် အတွေ့အကြုံ အပေါ်မှာ သာယာပြီး စိတ်ကို မထိန်းကွပ်နိုင်တော့ပါဘူး။ ဉာဏ်ရှိတဲ့ ယောဂီကတော့ ဘင်္ဂဉာဏ်အဆင့်ရဲ့ အနိစ္စသဘောကို နားလည်ပြီး သင်္ခါရုပေက္ခာဉာဏ် ရောက်အောင် ဆက်လက် အားထုတ်ပါတယ်။ အပျက်မြင်မှုမှာ တွယ်တာသာယာ နေခြင်းဟာ အလွန် အန္တရာယ်ကြီးတဲ့အတွက် ဘင်္ဂဉာဏ်အဆင့်ဟာ ကြောက်စရာကောင်းသေးတယ်၊ အန္တရာယ်ရှိသေးတယ်လို့ သူ နားလည်ပါတယ်။ အတွေ့အကြုံဟာ သာယာစရာကောင်းလေ တွယ်တာမှု ကြီးလာလေပါပဲ။ ဒါကြောင့် သာယာဖွယ် အတွေ့အကြုံ ပျောက်ပျက်သွားတဲ့အခါမှာ အကြီးအကျယ် စိတ်ဆင်းရဲရတော့တာပါပဲ။ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ-တဲ့။
အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို လက်တွေ့အဆင့်မှာ နားလည်ပြီး ဥပေက္ခာရှုနိုင်တဲ့ အတွက်ကြောင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ သင်္ခါရတွေဟာ ပေါ်လွင်ထင်ရှားလာပြီး သုတ်သင်ပယ်သတ်ခြင်း ခံလိုက်ရပါတယ်။ ပေါ်လာတဲ့ သင်္ခါရ အဟောင်းတွေကို တုံ့ပြန်ပြီး သင်္ခါရအသစ်ကိုလည်း မဖန်တီး တော့ပါဘူး။ “ငါ” “ငါ့ဥစ္စာ”လို့ သတ်မှတ်ထားတဲ့ အရာဟာ ဘာမှ အနှစ်သာရ မရှိပါလားလို့ ရှင်းရှင်းလင်းလင်း သိမြင်လာပါတယ်။ “ငါ” “ငါ့ဥစ္စာ”ဆိုတဲ့ သတ်မှတ်မှုဟာ လှည့်စားမှုမျှသာ ဖြစ်ပါတယ်။ သုညာမိဒံ အတ္တေန ဝါ အတ္တနိယေန ဝါ-တဲ့။ အဲဒီနောက်မှာတော့ လုံးဝ ဝိသုဒ္ဓိ ဖြစ်သွားပါတယ်။ သောတာပန်ကနေ ရဟန္တာအထိ လွတ်မြောက်မှု အဆင့်လေးခုဖြစ်တဲ့ မဂ်ဖိုလ်ကို ဆိုက်ရောက် သွားပါတယ်။
အပျက်မြင်တဲ့ ဘင်္ဂဉာဏ်ကိုရမှ ဒုက္ခကို နယ်ကုန်ဖော်ထုတ်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။ ဒုက္ခံ အရိယသစ္စံ ပရိညာတံ-တဲ့။ အလားတူပါပဲ။ ဒုတိယအရိယသစ္စာကိုလည်း ဗုဒ္ဓက “ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗံ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနံ”လို့ ဟောတော်မူခဲ့ပါတယ်။ “ဤကား ဒုက္ခ၏ ကြောင်းရင်းတည်း။ အကြောင်းရင်းကို ပယ်သတ်အပ်၏။ အကြောင်းရင်းကို ပယ်သတ်ပြီးပြီ။ ဤသို့ ဒုတိယအရိယသစ္စာကို အခြင်းရာသုံးပါးဖြင့် နားလည်၏”တဲ့။
နောက်ပြီး တတိယအရိယသစ္စာကိုလည်း ဗုဒ္ဓက “ဒုက္ခနိရောဓံ အရိယသစ္စံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတံ”လို့ ဟောတော်မူခဲ့ပါတယ်။ “ဤကား ဒုက္ခချုပ်ရာ အမှန်တရားတည်း။ ဒုက္ခချုပ်ရာတရားကို မျက်မှောက်ပြုရမည်။ ဒုက္ခချုပ်ရာတရားကို မျက်မှောက်ပြုပြီးပြီ။ ဤသို့ တတိယအရိယသစ္စာကို အခြင်းရာသုံးပါးဖြင့် နားလည်၏”တဲ့။
နောက်ဆုံး ဗုဒ္ဓက သူ့အတွေ့အကြုံဖြစ်တဲ့ စတုတ္ထအရိယသစ္စာကို “ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စံ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စံ ဘာဝေတဗ္ဗံ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စံ ဘာဝိတံ”လို့ ဟောတော် မူခဲ့ပါတယ်။ “ဤကား ဒုက္ခချုပ်ရာကြောင်း အမှန်တရားတည်း။ ဒုက္ခချုပ်ကြောင်းတရားကို ပွားများကျင့်သုံးရမည်။ ဒုက္ခချုပ်ကြောင်းတရားကို ပွားများကျင့်သုံးပြီးပြီ။ ဤသို့ စတုတ္ထအရိယသစ္စာကို အခြင်းရာသုံးပါးဖြင့် နားလည်၏”-တဲ့။
ဝိပဿနာဘာဝနာမှာ အကြမ်းစား “ဩဠာရိက”ကနေ အနုစား “သုခုမ”ရောက်အောင် သွားရပါတယ်။ ဗုဒ္ဓတရားတော်ဟာ အကြမ်းစား “ဩဠာရိက”ကနေ အနုစား “သုခုမ”ရောက်အောင် ပို့ပေးပါတယ်။ ပိုပြီး သိမ်မွေ့တဲ့အဆင့်၊ ရုပ်နာမ်နယ် အလွန်မှာရှိတဲ့ အသိမ်မွေ့ဆုံး အဆင့်ထိ ပို့ပေးပါတယ်။ ရုပ်နာမ်တို့ရဲ့ အပေါ်ယံ အမှန်တရား၊ အကြမ်းစား အမှန်တရား၊ အစိုင်အခဲ အမှန်တရားဖြစ်တဲ့ ပညတ်နဲ့ စရပါတယ်။ အနိစ္စမြင်တဲ့ဉာဏ်ကို အခြေခံပြီး ရုပ်နာမ်အပေါ်တင်ထားတဲ့ ပညတ်ကို ကွဲကွဲပြားပြား နားလည်အောင် ပိုင်းခြားလေ့လာ ရှုမှတ်ရပါတယ်။ ရုပ်နာမ်တို့ရဲ့ ပရမတ္ထသဘာအထိ ရောက်ဖို့၊ နောက်ဆုံး ရုပ်နာမ်နယ် အလွန်မှာရှိတဲ့ နိဗ္ဗာန်ပရမတ်ကို မျက်မှောက်ပြုနိုင်ဖို့ ရုပ်နာမ်တို့ရဲ့ ပေါ်ယံမှန်ကန်မှု ပညတ်ကို ကျော်လွန် ရပါမယ်။
ဗုဒ္ဓတရားတော်မှာ ခံစားမှု ဝေဒနာဟာ အလွန်အရေးကြီးပါတယ်။ ဗုဒ္ဓဟာ ထူခြားဆန်းသစ်တဲ့ လေ့လာမှုတစ်ခု ပြုလုပ်တော်မူခဲ့ပါတယ်။ “ဝေဒနာသမောသရဏာ သဗ္ဗေ ဓမ္မာ”တဲ့။ “စိတ်မှာ ပေါ်လာ သမျှဟာ ရုပ်ခန္ဓာအပေါ် သိရှိခံစားတဲ့ ဝေဒနာနဲ့ တွဲလျက်သား ရှိနေပါတယ်”တဲ့။ စိတ်ထဲပေါ်လာတဲ့ အတွေးတစ်ခုတောင်မှ ရုပ်ခန္ဓာအပေါ် သိရှိခံစားတဲ့ ဝေဒနာနဲ့ တွဲနေပါတယ်။ ဒါကြောင့် ဝေဒနာနဲ့ အလုပ်လုပ်နေခြင်းဟာ စိတ်ရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အလုပ်လုပ်နေခြင်း ဖြစ်ပါတယ်။
“အာရုံခံစားမှုကို တုံ့ပြန်တဲ့အနေနဲ့ လောဘတဏှာ ဖြစ်ပွားစေကြတယ်”ဆိုတဲ့အချက်ဟာ ဗုဒ္ဓရဲ့ ကြီးကျယ်တဲ့ ဖော်ထုတ်တွေ့ရှိမှုကြီး ဖြစ်ပါတယ်။ ဗုဒ္ဓမတိုင်မီကရော၊ ဗုဒ္ဓခေတ်ကရော၊ ဗုဒ္ဓမရှိတော့တဲ့ နောက်မှာပါ ဘယ်ဆရာမှ ဒီအချက်ကို မသိခဲ့ကြပါဘူး။ ထိုထိုဆရာတွေဟာ မျက်စိနဲ့အဆင်း၊ နှာခေါင်းနဲ့အနံ့၊ နားနဲ့အသံ စသည်အားဖြင့် ပသာဒနဲ့အာရုံ ထိခိုက်မှု အပေါ်မှာ မပါဝင် မတုံ့ပြန်ဖို့ကိုသာ သွန်သင်ခဲ့ကြပါတယ်။
တကယ်တော့ အာရုံတွေပေါ်မှာ တုံ့ပြန်နေကြတာ မဟုတ်တဲ့အကြောင်း ဗုဒ္ဓ မိန့်တော်မူခဲ့ပါတယ်။ (အာရုံနဲ့ ပသာဒကို ကိုယ်စားြုပုပြီး) အတူတွဲချည်ထားတဲ့ နွားဖြူ-နွားနက် ဥပမာကို ပေးတော်မူခဲ့ပါတယ်။ နွားနက်ဟာ အနှောင်အဖွဲ့ မဟုတ်သလို နွားဖြူဟာလည်း အနှောင်အဖွဲဲ့ မဟုတ်ပါဘူး။ ချည်ကြိုးကသာ အနှောင်အဖွဲ့ ဖြစ်ပါတယ်-တဲ့။ တဏှာဆိုတဲ့ကြိုးဟာ အနှောင်အဖွဲ့ ဖြစ်တယ်-လို့ ဟောတော်မူခဲ့ပါတယ်။
(ပဋိစ္စသမုပ္ပါဒ်မှာ) ဝေဒနာပစ္စယာ တဏှာ၊ ဝေဒနာကို တုံ့ပြန်တဲ့အနေနဲ့ (လောဘ သို့မဟုတ် ဒေါသ) တဏှာကို ဖြစ်စေတယ်-လို့ ဟောတော်မူခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကြောင့် ဘုရားဖြစ်လာခဲ့တာပါ။ ဗုဒ္ဓဟာ ပဋိစ္စသမုပ္ပါဒ် နားလည်မှုနဲ့ ဓမ္မအပေါ်နားလည်မှုကို ထပ်တူပြုတော်မူခဲ့ပါတယ်။ ဒုက္ခသံသရာကို လွှမ်းမိုတာဟာ သဘာဝတရား ဖြစ်ပါတယ်။ ဒုက္ခသံသရာက လွတ်မြောက်မယ့် လမ်းဟာလည်း သဘာဝတရားပဲ ဖြစ်ပါတယ်။
“ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ၊ သော ဓမ္မံ ပဿတိ။
ယော ဓမ္မံ ပဿတိ၊ သော ပဋိစ္စသမုပ္ပါဒံ ပဿတိ”လို့ ဟောတော်မူခဲ့ပါတယ်။
“ပဋိစ္စသမုပ္ပါဒ်မြင်ရင် ဓမ္မကိုမြင်ပါတယ်။ ဓမ္မကိုမြင်ရင် ပဋိစ္စသမုပ္ပါဒ် မြင်ပါတယ်”တဲ့။ တစ်ခြား ဆရာတွေက “လောဘ၊ ဒေါသ မဖြစ်စေရဘူး”လို့ ဟောကြပါတယ်။ ဗုဒ္ဓကတော့ “လောဘ၊ ဒေါသတို့ဟာ မောဟရှိသမျှ ရှိနေမယ်”လို့ ရှင်းပြတော်မူပါတယ်။
မောဟဆိုတာ ဘာလဲ။ မောဟဆိုတာ မသိမှု ဖြစ်ပါတယ်။ မောဟဆိုတာ အဝိဇ္ဇာ ဖြစ်ပါတယ်။ ခန္ဓာထဲမှာ ဘာဖြစ်နေတယ်လို့ မသိပါဘူး။ ဒုက္ခရဲ့ သဘောမှန်ကို မသိပါဘူး။ လောဘ၊ ဒေါသတို့ရဲ့ အကြောင်းရင်းကို မသိပါဘူး။
ပဋိစ္စသမုပ္ပါဒ်မှာ အရေးပါတဲ့ အဆက်အစပ် သုံးခု ရှိပါတယ်။ ပထမ ဆက်စပ်မှုက အဝိဇ္ဇာပစ္စယာ တဏှာ။ အတိတ်တုန်းက အဝိဇ္ဇာကြောင့် လက်ရှိဘဝဖြစ်တဲ့ နာမ်-ရုပ်ဆီ ဦးတည်ပြီး သင်္ခါရကို ဖန်တီးခဲ့ပါတယ်။ အာရုံခံစားမှု ဝေဒနာရဲ့ သဘောမှန်ကို မသိတဲ့ အဝိဇ္ဇာ ရှိနေရင် တဏှာပွားဦးမှာပါ။ ဝေဒနာပစ္စယာ တဏှာ-တဲ့။ ဒီတဏှာက အနာဂတ်မှာဖြစ်မယ့် ဥပါဒါန် (တပ်စွဲမှု)နဲ့ ဘဝ (မွေးဖွားမှု)ဆီ ဦးတည်ပေးပါတယ်။
ဝေဒနာကို တုံ့ပြန်တဲ့အခါ (ခဏမစဲ အမြဲမတည်မှုကို သိတဲ့ဉာဏ်) အနိစ္စ-ဝိဇ္ဇာ ပွားမိတယ်ဆိုရင် အဝိဇ္ဇာ မဖြစ်တော့ပါဘူး။ ပစ္စုပ္ပန် အခိုက်တန့်မှာ ပဋိစ္စသမုပ္ပါဒ်ကွင်းဆက် ပြတ်ပါတယ်။ ဒါ့ကြောင့် တဏှာ ဖြစ်ပွားရာ နေရာဖြစ်တဲ့ ဝေဒနာ အပေါ်မှာ လုပ်ငန်းခွင်တင်ပြီး ပြဿနာရင်းမြစ်ကို ဖြေရှင်းခြင်းအားဖြင့် မွေးသေသံသရာက လွတ်မြောက်ပါတယ်။
ဝေဒနာရဲ့ သဘောကို နားမလည်သေးသမျှ ပြင်ပရုပ်ဝတ္ထုတွေကြောင့် လောဘနဲ့ ဒေါသ ဖြစ်ရတယ်လို့ ထင်နေဦးမှာပါ။ “ဒါဟာ နှစ်သက်ဖွယ်ဖြစ်တယ်”၊ ဒါမှမဟုတ် “ဒါဟာ မနှစ်သက်ဖွယ် ဖြစ်တယ်”လို့ ထင်မှတ်ပါတယ်။ အပေါ်ယံလွှာမှာ တင်နေပါတယ်။ နွားနက်ကို နွားဖြူရဲ့ အနှောင်အဖွဲ့လို့ ထင်တယ်။ ဒါမှမဟုတ် နွားဖြူကို နွားနက်ရဲ့ အနှောင်အဖွဲ့လို့ ထင်ပါတယ်။ တကယ်တော့ ဝေဒနာအပေါ်မှာ တုံ့ပြန်တဲ့ လောဘနဲ့ ဒေါသဟာ အနှောင်အဖွဲ့ ဖြစ်ပါတယ်။ ဥပမာ အရက်စွဲသူက သူဟာ အရက်ကို စွဲလမ်းနေတာလို့ ထင်ပါတယ်။ အမှန်က အရက်သောက်တဲ့ အခါမှာ ခံစားရတဲ့ အာရုံခံစားမှုကို သူစွဲနေတာပါ။
အနိစ္စသဘော နားလည်းမှုကို ဖွံ့ဖြိုးစေခြင်းအားဖြင့် ဝေဒနာအပေါ် တုံ့ပြန်တဲ့ နေရာမှာ ပညာကို ဖြစ်စေပါတယ်။ ဒီလိုပုံစံနဲ့ ဝေဒနာအပေါ်မှာ သုံးသပ်တဲ့အခါ အဝိဇ္ဇာကနေ စတင်လွတ်မြောက်ပါတယ်။ သဘာဝဥပဒေသ၊ ဓမ္မနိယမတာ ဆိုတဲ့ သဘာဝဖြစ်စဉ်ရဲ့ နောက်ကွယ်က ဥပဒေသကို နားလည်ပါတယ်။
အာရုံကို ခံစားတဲ့ ဝေဒနာဟာ ဦးတည်ချက်မတူတဲ့ လမ်းကြောင်းနှစ်ခုရဲ့ အဓိကဆုံမှတ် ဖြစ်ပါတယ်။ သာယာဖွယ်၊ မသာယာဖွယ်ဖြစ်တဲ့ အာရုံခံစားမှုတွေ အပေါ်မှာ ပညာမပါဘဲ တုံ့ပြန်နေမယ် ဆိုရင် တပ်မက်မှု (လောဘ)၊ မကျေနပ်မှု (ဒေါသ)ဆိုတဲ့ သင်္ခါရတွေကို ဖန်တီးပြီး ဒုက္ခကို ဆပွား တိုးစေပါတယ်။ သာယာဖွယ်၊ မသာယာဖွယ် အာရုံခံစားမှုတွေ ရှိနေပေမယ့် ဥပေက္ခာ ထူထောင်ဖို့ လေ့လာတယ်ဆိုရင် အနက်ရှိုင်းဆုံး အဆင့်မှာရှိနေတဲ့၊ အသားကျနေတဲ့ အလေ့အကျင့်ကို ပြောင်းလဲဖို့ စတင်လိုက်ခြင်း ပါပဲ။
အာရုံခံစားမှုတွေဟာ အရင်းအမြစ် ဖြစ်ပါတယ်။ အမြစ်ကို မျက်ကွယ်ပြုနေသမျှ ကာလပတ်လုံး အကိုင်းအခက်ကို ဖြတ်တောက်ရင်တောင်မှ အဆိပ်ပင်က ပြန်ပေါက်လာဦးမှာပါပဲ။
“ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနရေဝ ရူဟတိ။
ဧဝမ္ပိ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။”လို့ ဗုဒ္ဓ ဟောတော်မူခဲ့ပါတယ်။
“အမြစ်ခိုင်မာသည့် သစ်ပင်သည် အကိုင်းကို ဖြစ်လိုက်သော်မှလည်း ပြန်လည် ပေါက်ရောက်နိုင်၏။ ထို့အတူ အနုသယလောဘအမြစ်ကို မနှုတ်ရသေးသမျှ ဒုက္ခအပင် ပြန်၍ပြန်၍ ပေါက်ရောက်နေမည်”တဲ့။
ဒါကြောင့် ကိလေသာကနေ လုံးဝ လွတ်မြောက်နိုင်ရေးအတွက် စိတ်ရဲ့ အရင်းအကျဆုံး နေရာမှာ လုပ်ငန်းခွင် တင်ရမယ်ဆိုတဲ့ အချက်ကို မဟာ့မဟာ သိပ္ပံပညာရှင်ကြီး ဗုဒ္ဓက ဖော်ထုတ်တော်မူခဲ့ပါတယ်။ တဏှာနုသယ အမြစ်အရင်းကို နုတ်နုတ်ခုတ်စင်း ပစ်ရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓတရားတော်ကို နားလည်ရေး၊ လက်တွေ့သဘောမှာ ဝေဒနာအရေးပါတဲ့ ဗုဒ္ဓတရားတော်ကို နားလည်ရေးဆီ ဦးတည်တဲ့ ကျွန်တော့်ကိုယ်တွေ့ ခရီးဟာ ဒီ ဓမ္မနိုင်ငံတော် မြန်မာမှာ စတင်ခဲ့ပါတယ်။ “စိတ်ဓာတ်ကို သုတ်သင်ခြင်းဟာ ဘာသာတရား အားလုံးရဲ့ တူမျှတဲ့ အခြေခံမူကြီး ဖြစ်တယ်”လို့ ကျွန်တော့်ဆရာကြီး ဦးဘခင် မကြာခဏ ပြောခဲ့ပါတယ်။
ကိလေသာကို အမြစ်ပြတ်ပယ်ရှင်းပြီး စိတ်ကိုစယ်ကြယ်အောင် သုတ်သင်ရမယ်ဆိုတဲ့ ဒီရည်ရွယ်ချက်ဟာ ဗုဒ္ဓတရားတော်နဲ့ မထိတွေ့ခင်ကလည်း ကျွန်တော်မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဝေဒနာကို ရှုမှတ်ဖို့ အပြောခံရတော့ “ဒါဟာ ငါ့အတွက် ဘာအထောက်အပံ့ ပေးသလဲ”ဆိုတဲ့ သံသယအတွေးတွေ ဖြစ်ခဲ့ပါတယ်။ အမှန်တရားကို ကိုယ်တွေ့သိအောင် ဆရာကြီးက ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ ကျရောက်တဲ့ အာရုံခံစားမှုကနေ ရလာတဲ့ အမှန်တရား အတွေ့အကြုံဟာ လက်တွေ့ အကျိုးပေးခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်မှု တိုးပွားစေခဲ့ပါတယ်။
စစ်မှန်တဲ့ အထောက်အကူပစ္စည်း၊ ခန္ဓာကိုယ်မှာ ကျရောက်တဲ့ အာရုံခံစားမှုဟာ ကျွန်တော့်ကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ စိတ်ဓာတ်ကို အပြီးအပြတ် သုတ်သင်ခြင်းဆိုတဲ့ တန်ဖိုးကြီးတဲ့ ပန်းတိုင်ကို ကျွန်တော် ရောက်နိုင်တယ်လို့ ယုံကြည်စေခဲ့ပါတယ်။
ဝေဒနာကို တုံ့ပြန်ပြီး တဏှာ ဖြစ်ပေါ်လာပါတယ်။ ဗုဒ္ဓသာဝက မဟုတ်တဲ့သူတွေ အပါအဝင် တဏှာကို ဒုက္ခရင်းမြစ်အဖြစ် လက်ခံတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ကွင်းဆက်တစ်ခု လိုနေပါတယ်။ ဝေဒနာနဲ့ တဏှာအကြား ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ သူတို့ထဲက ဘယ်သူမှ မဆွေးနွေး ကြပါဘူး။
တဏှာဆိုတာ တပ်မက်မှု ဖြစ်ပါတယ်။ နှစ်သက်ဖွယ်ကို ရယူလိုမှု၊ ဆပွားလိုမှု ဒါမှမဟုတ် တည်မြဲစေလိုမှုနဲ့ မနှစ်သက်ဖွယ်ကို သုတ်သင်လိုမှု ဒါမှမဟုတ် ဖယ်ရှားလိုမှု ဖြစ်ပါတယ်။ ဒါ့ကြောင့် တဏှာဆိုတာ ကျေနပ်မှု မကျေနပ်မှု နှစ်မျိုးလုံးကို ဆိုလိုပါတယ်။ တဏှာရဲ့ အကြောင်းရင်း အစစ်ဟာ ဝေဒနာမှာ တည်တယ်လို့ ဗုဒ္ဓ ရှင်းပြတော်မူခဲ့ပါတယ်။ ဒီ ရှာဖွေဖော်ထုတ်မှု တစ်ခုနဲ့ပဲ ဗုဒ္ဓဟာ ကျွန်တော်တို့ အဇ္ဈတ္တမှာရှိတဲ့ လွတ်မြောက်မှု တံခါးကို ဖွင့်လှစ်ဖို့ သော့ပေးတော်မူခဲ့ပါတယ်။
ဝေဒနာကို တုံ့ပြန်တဲ့ အနေနဲ့ တဏှာဖြစ်တယ်ဆိုတော့ တဏှာအမြစ်ရင်းထိ ရောက်ဖို့၊ တဏှာ ပယ်သတ်ဖို့ အားထုတ်တိုင်း ဝေဒနာကို နားလည်မှု၊ ဝေဒနာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဝေဒနာကြောင့် လောဘနဲ့ဒေါသ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ အသိ၊ တဏှာပယ်သတ်ရာမှာ ဝေဒနာကို ဘယ်လို အသုံးပြုနိုင်တယ်လို့သိတဲ့ ပညာ ပါဝင်နေရမယ်-ဆိုတဲ့အချက်ဟာ ကျိုးကြောင်းဆီလျော်ပါတယ်။
“သမာဟိတော သမ္ပဇာနော၊ သတော ဗုဒ္ဓသ သာဝကော။
ဝေဒနာ စ ပဇာနာတိ၊ ဝေဒနာနဉ္စ သမ္ဘဝံ။”
“သမာဓိရှိ သတိကောင်းပြီး အနိစ္စသဘောကို တည်ငြိမ်တိကျစွာ သိမြင်နားလည်နိုင်တဲ့ ဗုဒ္ဓသာဝကဟာ ဝေဒနာကို သိပါတယ်။ ဝေဒနာတွေ ပေါ်လာတာကို သိပါတယ်။ ဝေဒနာတွေ ချုပ်သွားတာကို သိပါတယ်။ ဝေဒနာဆုံးအောင် ကျင့်နည်းကို သိပါတယ်”တဲ့။
“ယတ္ထ စေတာ နိရုဇ္စျန္တ၊ မဂ္ဂဉ္စ ခယဂါမိနံ။
ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော။”
“(ဝေဒနာ ဖြစ်စဉ်အားလုံးကို ကြုံတွေ့ပြီးတဲ့) ဝေဒနာအဆုံးကို ရောက်ပြီးတဲ့၊ (ရုပ်နာမ်ရယ်လို့ မရှိတဲ့ အတွက် ဝေဒနာမရှိတော့တဲ့ အဆင့်ကို ကျော်လွန်ပြီးတဲ့) ယောဂီဟာ တဏှာက လွတ်မြောက်ပါတယ်။ လုံးဝ လွတ်မြောက်သွားပါတယ်”တဲ့။
သုတ္တံတစ်ခုမှာ ဝေဒနာ အရေးပါပုံကို ဟောခဲ့တာက “ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ သဗ္ဗံ ဝေဒနာ ပစ္စယာတိ၊ အယမေကာ နုပဿနာ။ ဝေဒနာနံ တွေဝ အသေသဝိရာဂနိရောဓာ နတ္ထိ ဒုက္ခဿ သမ္ဘဝေါတိ၊ အယံ ဒုတိယာနုပဿနာ”တဲ့။
“ပေါ်လာသမျှ ဒုက္ခတိုင်းမှာ ဝေဒနာဆိုတဲ့ အရင်းခံအကြောင်း ရှိပါတယ်။ ဒါဟာ ဝိပဿနာရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ (ရုပ်နာမ်နယ်ကို ကျော်လွန်းပြီး ဖြစ်တဲ့အတွက်) ဝေဒနာ လုံးဝချုပ်ငြိမ်းသွားပြီမို့ ဒုက္ခဖြစ်ပေါ်မှု မရှိတော့ပါဘူး။ ဒါဟာ ဝိပဿနာရဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်”တဲ့။
ဒါကြောင့် ဗုဒ္ဓက ရုပ်နာမ် (နာမရူပ)ကို စောင့်ကြည့်တဲ့ နည်းကို ကျင့်ခဲ့ပါတယ်။ ဟောလည်း ဟောခဲ့ပါတယ်။
“ရူပ”ထဲမှာ “ကာယ” (ကိုယ်ခန္ဓာ)နဲ့ ကာယအပေါ်ခံစားတဲ့ “ဝေဒနာ”တို့ ပါဝင်ပါတယ်။ ဝေဒနာမရှိဘဲနဲ့ ရူပကို တွေ့ကြုံခံစားလို့ မရပါဘူး။ ဒါကြောင့် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ နှစ်ခုလုံးမှာ ဝေဒနာဟာ အရေးကြီးပါတယ်။ “နာမ”ထဲမှာ “စိတ္တ”(သိမှု)နဲ့ စိတ်နဲ့တွဲဖြစ်တဲ့ “ဓမ္မ”(စေတသိက်)တို့ ပါဝင်ပါတယ်။ ဝေဒနာဟာလည်း (စိတ်နဲ့ယှဉ်တဲ့) စေတသိက် ဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်မှာ လာတဲ့၊ စိတ်နဲ့ပတ်သက်တဲ့ အတွေ့ အကြုံဟာ စိတ်မှာ ဖြစ်ပေါ်တဲ့ တရားတွေ မရှိဘဲနဲ့ မရနိုင်ပါဘူး။
“သရာဂံ ဝါ စိတ္တံ “သရာဂံ စိတ္တ”န္တိ ပဇာနာတိ။ ဝီတရာဂံ ဝါ စိတ္တံ “ဝီတရာဂံ စိတ္တ”န္တိ ပဇာနာတိ-တဲ့။ “ရာဂစိတ်ဖြစ်ရင် ရာဂစိတ်ဖြစ်တယ်လို့ ကောင်းကောင်းသိတယ်။ ရာဂကင်းတဲ့စိတ်ဖြစ်ရင် ရာဂကင်းတဲ့ စိတ် ဖြစ်တယ်လို့ ကောင်းကောင်းသိတယ်” စသည်ပေါ့။
စိတ်နဲ့ စေတသိက်တွေဟာ အတူဖြစ်ပြီး အတူချုပ်ကြပါတယ်။ စေတသိက်တွေ ဖြစ်ပေါ်တိုင်း ဝေဒနာနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်ပါတယ်။ “ဝေဒနာသမောသရဏာ သဗ္ဗေ ဓမ္မာ”လို့ ဗုဒ္ဓဟောတော်မူခဲ့ပါတယ်။ စေတသိက်နဲ့ ဆိုင်တဲ့ အတွေအကြုံ အားလုံးမှာ ဝေဒနာ ပါပါတယ်။ ဝေဒနာနဲ့ ခွဲလို့မရပါဘူး။
ဒါကြောင့် ကာယာနုပဿနာနဲ့ ဝေဒနာနုပဿနာမှာတင် ဝေဒနာကိုသိမှတ်မှု ပါဝင်တာမဟုတ်ပါဘူး။ ဓမ္မာနုပဿနာနဲ့ စိတ္တာနုပဿနာမှာလည်း ဝေဒနာ အရေးကြီးတာပါပဲ။ ယောဂီပုဂ္ဂိုလ်ဟာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဘာကိုပဲကျင့်ကျင့် ဝေဒနာကို ရှုမှတ်နေရပါတယ်။
ယောဂီဟာ ဝေဒနာရဲ့ အနိစ္စသဘာဝကို နားလည်မှုနဲ့အတူ ဝေဒနာကို ရှုမှတ်နေခြင်းအားဖြင့် ပေါ်လာတာတွေကို သိပါတယ် (သမုဒဓမ္မာနုပဿီ)။ ချုပ်ပျောက်သွားတာကိုလည်း သိပါတယ် (ဝယဓမ္မာနုပဿီ)။ ဒါကြောင့် သူဟာ ဝေဒနာကို တုံပြန်တဲ့အနေနဲ့ တဏှာဖြစ်ခွင့် မပေးတော့ပါဘူး။ သာယာဖွယ် အာရုံခံစားမှု အပေါ်မှာ သာယာမှု မဖြစ်တော့ပါဘူး။ မသာယာဖွယ် အာရုံခံစားမှု အပေါ်မှာလည်း မကျေနပ်မှု မဖြစ်တော့ ပါဘူး။ (မတည်မြဲမှု) အနိစ္စသဘာဝကို နားလည်ခြင်းအပေါ်မှာ အခြေခံပြီး (ညီမျှမှု) ဥပေက္ခာကို ပွားများနေပါတယ်။
ဒါကြောင့် “ဣမာသံ ခေါ, ဘိက္ခဝေ, တိဿန္နံ ဝေဒနာနံ ပရိညာယ ဣမေ စတ္တာရော သတိပဋ္ဌာနာ ဘာဝေတဗ္ဗာ”လို့ ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့် (ကိုယ်တွေ့အဆင့်မှာ) ဝေဒနာသုံးပါးကို (အကုန်အစင်၊ အစုံအလင်) ပြည့်ပြည့်ဝဝ နာလည်ခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါလုံးကို ကျင့်ရပါမယ်-တဲ့။
အားတူပါပဲ “ဣမာသံ ခေါ, ဘိက္ခဝေ, တိဿန္နံ ဝေဒနာနံ ပရိညာယ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဘာဝေတဗ္ဗော”လို့လည်း ဟောတော်မူခဲ့ပါသေးတယ်။ ဒါကြောင့် (ကိုယ်တွေ့အဆင့်မှာ) ဝေဒနာသုံးပါးကို (အကုန်အစင်၊ အစုံအလင်) ပြည့်ပြည့်ဝဝ နာလည်ခြင်းအားဖြင့် အရိယာမဂ် ရှစ်ဆင့်ကို ကျင့်ရပါမယ်-တဲ့။
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ခန္ဓာကိုယ်မှာ ကျရောက်တဲ့ အာရုံခံစားမှုဆီကို သာယာမှု မသာယာမှုနဲ့ တုံ့ပြန်တဲ့နေရာဖြစ်တဲ့ မောဟအမိုက်တိုက်မှာ အသားကျနေတဲ့ အပြုအမူကို ပုံဖော်ပါတယ်။ ဒါကြောင့် အနက်ရှိုင်းဆုံး နေရာမှာ အာရုံခံစားမှုကို တုံ့ပြန်ခံစားနေရင်းနဲ့ ကိုယ်ကိုယ်တိုင်ဟာ ကိုယ့်အပြုအမူရဲ့ ကျေးကျွန် ဖြစ်လာပါတယ်။
အနုသယကိလေသာတွေဟာ အာရုံခံစားမှုကို အရမ်းကာရော တုံပြန်တတ်တဲ့ ငြိမ်နေတဲ့ မီးတောင်တွေ ဖြစ်ပါတယ်။ အသားကျ ပုန်းကွယ်နေတဲ့ အပြုအမူပုံစံတွေ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ တွေ့ရှိဖော်ထုတ်မှုဟာ ဒီလို တုံ့ပြန်မှုက လွတ်မြောက်ဖို့ ယောဂီကို ပံ့ပိုးပေးပါတယ်။
ရုပ်နာမ်ဓမ္မရဲ့ အနိစ္စသဘာဝကို သိတဲ့ သုတမယပညာဟာ သိမှုကို အတိုင်းတာတစ်ခုလောက်ပဲ သန့်စင် ပေးနိုင်ပါတယ်။ အာရုံခံစားမှုကို တုံ့ပြန်ခံစားရင်းနဲ့ ကိုယ်ကိုယ်တိုင် ကိုယ့်အပြုအမူရဲ့ ကျေးကျွန်ဖြစ်ရတဲ့ အချက်၊ စိတ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပြောင်းလဲမပေးနိုင်ပါဘူး။ မောဟအပြည့်နဲ့ တုံ့ပြန်စေပါတယ်။
ဗုဒ္ဓဟာ ယောဂီပုဂ္ဂိုလ်ကို ဒီလိုမျိုး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား တိုက်တွန်းညွှန်ကြား တော်မူ ခဲ့ပါတယ်။
“သုခါယ, ဘိက္ခဝေ, ဝေဒနာယ ရာဂါနုသယော ပဟာတဗ္ဗော, ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော ပဟာတဗ္ဗော, အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော ပဟာတဗ္ဗော”တဲ့။
“(၎င်းတို့၏ ပြောင်းလဲမှု သဘာဝကို ဥပေက္ခာရှုခြင်းအားဖြင့်) သာယာဖွယ် အာရုံခံစားမှုကို အသုံးပြု၍ လောဘအနုသယကို သုတ်သင်နိုင်၏။ ထို့အတူ မသာယာဖွယ် အာရုံခံစားမှုကို အသုံးပြု၍ အနုသယဒေါသကို သုတ်သင်နိုင်၏။ အလယ်အလတ်အာရုံ ခံစားမှုကို အသုံးပြု၍ အနုသယမောဟကို သုတ်သင်နိုင်၏”တဲ့။
အိန္ဒိယနဲ့ တစ်ခြားနေရာတွေက ဘာသာရေး ဆရာတွေ အကြားမှာ လောဘကိလေသာ၊ ဒေါသ ကိလေသာတို့ရဲ့ အရင်းမြစ်ထိ ရောက်တဲ့သူ၊ အဲဒီကိလေသာတွေကို သုတ်သင်နိုင်တဲ့သူ မရှိပါဘူး။ တစ်ခြား နည်းစနစ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာအနုသယတွေကို ဒီလို အပြောင် သုတ်သင်တဲ့နည်း မရှိပါဘူး။
ဒုက္ခကို သုတ်သင်ဖို့အတွက် ဝေဒနာဟာ အဓိက ကျပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အသစ် တွေ့ရှိမှု ဖြစ်ပါတယ်။ ဗုဒ္ဓ ပွင့်တော်မမူမီက ရှိခဲ့တဲ့ အိန္ဒိယ စာပေတစ်ခုလုံး အပါအဝင် တစ်ခြားသော ဘယ်ဘာသာရေး အဆုံးအမတွေထဲမှာမှ ဒီလို ရှင်းပြချက်မျိုး မရှိပါဘူး။
ဝေဒနာဆိုတာ အတိအကျ ဘာကိုဆိုလိုသလဲ အခု ကြည့်လိုက်ကြရအောင်။ ဗုဒ္ဓတရားတော်တွေမှာ ဝေဒနာဟာ (သညာ၊ သင်္ခါရ၊ ဝိညာဉ်-ဆိုတဲ့ တစ်ခြားခန္ဓာ သုံးခုနဲ့အတူ) နာမက္ခန္ဓာလေးပါးထဲက တစ်ပါးဖြစ်တယ်၊ ဝေဒနာဟာ ဒုက္ခက လွတ်မြောက်ရေးမှာ အဓိကကျတဲ့ အခန်းမှာ ရှိတယ်ဆိုတဲ့ အချက်ဟာ ထင်ရှားပါတယ်။
ရုပ်ခန္ဓာအပေါ်မှာ ခံစားရတဲ့ ဝေဒနာကို ဗုဒ္ဓက အလေးပေးတော်မူခဲ့ ပါတယ်။ ရုပ်ခန္ဓာအပေါ်မှာ ကျရောက်ရတဲ့ ခံစားမှုကို နာမ်တရားဖြစ်တဲ့ ဝေဒနက္ခန္ဓာနဲ့ ကြုံတွေ့နားလည်ရပါတယ်။ အဲဒါဟာ နာမက္ခန္ဓာ ထိုက်တဲ့ ဝေဒနာပါ။ ရုပ်ခန္ဓာသက်သက်ဟာ သူ့မှာပေါ်တဲ့ ဝေဒနာကို မတွေ့ကြုံ မခံစားနိုင်ပါဘူး။ ဒါပေမယ့် ရုပ်ခန္ဓာဟာ အရေးကြီးပါတယ်။ နာမ်တရားရဲ့ ခံစားမှု (သောမနဿ နဲ့ ဒေါမနဿ)တွေကို ပစ်ပယ်ရမယ်လို့တော့ မဆိုလိုပါဘူး။ နာမ်ခံစားမှုဟာ ကိုယ်ခန္ဓာခံစားမှုနဲ့ တပြိုင်တည်း ဆက်ဖြစ်နေပါတယ်။
လယ်တီဆရာတော်က ဆင်းသက်ခဲ့တဲ့ ဝိပဿနာနည်းကို ကျွန်တော် လေ့လာခဲ့ပါတယ်။ ဒီနည်းဟာ ကိုယ်ခန္ဓာမှာ ခံစားရတဲ့ အာရုံကို အလွန်ပဲ အရေးပေးပါတယ်။ ဝိပဿနာအားထုတ်တော့ အမှန်တရား အတွေ့အကြုံ စစ်စစ်အပေါ်မှာ ဗုဒ္ဓရှင်တော်မြတ် ဘယ်လို အရေးထားတယ် ဆိုတာကို ကျွန်တော် နားလည်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကလေးဘဝနဲ့ စောစောပိုင်း လူရွယ်ဘဝမှာ “ဗုဒ္ဓဆိုတာ ဗဿနိုးနတ်မင်းရဲ့ မရိုးသားမှု၊ အသိဉဏ်မဲ့မှုတွေရှိတဲ့ ကိုယ်ပွားတစ်ခု ဖြစ်တယ်၊ ဒါ့ကြောင့် ဗုဒ္ဓရဲ့ တရားတွေဟာ လှည့်စားမှု မာယာတွေသာ ဖြစ်တယ်။ သူ့နောက်လိုက်တွေ ငရဲ ကျလိမ့်မယ်”လို့ ရိုက်သွင်း ခံခဲ့ရပါတယ်။
ဝိပဿနာ အားထုတ်ပြီးတော့ ကျွန်တော် ကိုယ့်ဟာကို စဉ်းစားမိတယ်။ “ဒီလိုမျိုး တကယ့် အမှန်တရားကို အခြေခံထားတဲ့ တရားတစ်ခုက လှည့်စားမှုတွေ မာယာတွေ ပြည့်နှက်နေတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်ဟုတ်မလဲ၊ အဲဒီတရားက လှည်းစားမှုတွေ မာယာတွေက လွတ်မြောက်အောင် လုပ်ပေးတာ”ပေါ့။ ဒီ တရားနည်းလမ်းမှာ မှားယွင်းမှု အရိပ်အရောင် မတွေ့ရပါဘူး။
ဘာဝိတော ဗဟုလီကတော၊ ကိုယ်တွေ့အသိနဲ့ သိပါ။ နောက်ပြီး ပညာ တိုးပွားပါစေ-ဆိုတဲ့ စကားကို ပိဋကတ်တော်မှာ မကြာမကြာ တွေ့ရပါတယ်။ ဗုဒ္ဓတရားတော်တွေကို ဆက်လက်လေ့လာတော့ ကာယိကဝေဒနာကို အလေးပေးတဲ့ ကျွန်တော့်ဆရာရဲ့ သွန်သင်မှုဟာ ဒီဒေသနာတော်နဲ့ ကိုက်ညီခိုင်မြဲတယ် ဆိုတာ ထင်ရှားလာပါတယ်။
ဒုက္ခနဲ့ စပ်လျဉ်းပြီး “ကတမဉ္စ, ဘိက္ခဝေ, ဒုက္ခံ? ယံ ခေါ, ဘိက္ခဝေ, ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ, ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ဒုက္ခံ”လို့ ဖော်ပြထားပါတယ်။
“ရဟန်းတို့ ဒုက္ခဝေဒနာဟူသည် အဘယ်နည်း။ ရဟန်းတို့ ကာယသမ္ဖဿ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာသည့် မသာယာဖွယ်ဖြစ်သော၊ နာကျင်ခံခက်သော၊ မနှစ်သက်ဖွယ်ဖြစ်သော ကာယိကဒုက္ခဝေဒနာ မှန်သမျှ ဒုက္ခဝေဒနာမည်၏”တဲ့။
နောက်ပြီး ဒုက္ခဝေဒနာကို ဗုဒ္ဓ ဟောတော်မူတဲ့အခါမှာ ကာယိကဝေဒနာကို မိန့်တော်မူတာ ဖြစ်တယ် ဆိုတာလည်း ထင်ရှားပါတယ်။ သတိပဋ္ဌာနသုတ်မှာ “အာတာပီ သမ္ပဇာနော သတိမာ”လို့ ဟောတော်မူခဲ့ပါတယ်။ သမ္ပဇာန-ဆိုတာ “ကာယ”နဲ့ “မန”တို့ရဲ့ မတည်မြဲမှု သဘာဝ (အထူးသဖြင့်ဝေဒနာ)ကို ရှင်းရှင်းလင်းလင်း ဆက်တိုက် နားလည်မှု၊ စနစ်တကျ နားလည်မှု ဖြစ်ပါတယ်။ “ကာယ”အပေါ်မှာ ဝေဒနာကို ခံစားတာဖြစ်ပေမယ့် အဲဒီဝေဒနာဟာ “မန”ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဝေဒနာကို ရှုမှတ်တယ်ဆိုတာ ရုပ်နာမ်ဓမ္မကို ရှုမှတ်ခြင်း ဖြစ်ပါတယ်။
အောက်ပါဒေသနာတော်တွေဟာ ဝေဒနာဆိုတာ ကာယအပေါ်မှာ ခံစားတာဖြစ်ကြောင်း ဖော်ပြနေပါ တယ်။
“ယထာပိ ၀ါတာ အာကာသေ၊ ၀ါယန္တိ ၀ိ၀ိဓာ ပုထူ။
ပုရတ္ထိမာ ပစ္ဆိမာ စာပိ၊ ဥတ္တရာ အထ ဒက္ခိဏာ။
သရဇာ အရဇာ စပိ၊ သီတာ ဥဏှာ စ ဧကဒါ။
အဓိမတ္တာ ပရိတ္တာ စ၊ ပုထူ ၀ါယန္တိ မာလုတာ။
တထေဝိမသ္မိံ ကာယသ္မိံ၊ သမုပ္ပဇ္ဇန္တိ ဝေဒနာ။
သုခဒုက္ခသမုပ္ပတ္တိ၊ အဒုက္ခမသုခါ စ ယာ။
ယတော စ ဘိက္ခု အာတာပီ၊ သမ္ပဇညံ န ရိဉ္စတိ။
တတော သော ဝေဒနာ သဗ္ဗာ၊ ပရိဇာနာတိ ပဏ္ဍိတော။
သော ဝေဒနာ ပရိညာယ၊ ဒိဋ္ဌေ ဓမ္မေ အနာသဝေါ။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သချႍ နောပေတိ ဝေဒဂူ”တိ - တဲ့။
“ကောင်းကင်ပြင်၌ အရှေ့လေ၊ အနောက်လေ၊ တောင်လေ၊ မြောက်လေ၊ ဖုန်မှုန့်ပါသောလေ၊ ဖုန်မှုန့်ကင်းသောလေ၊ အေးသောလေ၊ ပူသောလေ၊ ပြင်းထန်သောလေ၊ ညင်သာသောလေ၊ လေအမျိုးမျိုးတို့ တိုက်ခတ်နေ၏။
ထို့အတူ ခန္ဓာကိုယ်၌ နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်နှင့် အလယ်အလတ် အာရုံခံစားမှုများ ဖြစ်ပေါ် ကြ၏။
ပြင်းစွာအားထုတ်သော ရဟန်းသည် သိမြင်နာလည်မှု သမ္ပဇဉ်ကို မစွန့်သည်ရှိသော် အာရုံခံစားမှု အားလုံးကို အပြည့်အစုံနားလည်၏။
ထိုသို့ ပြည့်စုံစွာ နားလည်ပြီး၍ ဤဘဝ၌ အာသဝေါတရားတို့မှ လွတ်မြောက်၏။ ထိုသို့သော ပုဂ္ဂိုလ်သည် ဘဝအဆုံးဝယ် တရား၌ တည်ပြီးဖြစ်၍၊ ဝေဒနာကို အပြည့်အစုံ နားလည်ပြီးဖြစ်၍ ညွှန်းဆို ဖော်ပြရန် မစွမ်းသာသော အဆင့်သို့ ရောက်၏”တဲ့။
“သေယထာပိ, ဘိက္ခဝေ, အာဂန္တုကာဂါရံ။ တတ္ထ ပုရတ္ထိမာယပိ ဒိသာယ . . ., ပစ္ဆိမာယပိ ဒိသာယ . . ., ဥတ္တရာယ ဒိသာယ . . ., ဒက္ခိဏာယ ဒိသာယ အာဂန႖ာ ၀ါသံ ကပ္ပေန္တိ။ ခတ္တိယာပိ . . ., ဗြာဟ္မဏာပိ . . ., ဝေဿာပိ . . ., သုဒ္ဒါပိ အာဂန႖ာ ၀ါသံ ကပ္ပေန္တိ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဣမသ္မိံ ကာယသ္မိံ ၀ိ၀ိဓာ ဝေဒနာ ဥပ္ပဇ္ဇန္တိ။ သုခါပိ . . ., ဒုက္ခာပိ . . ., အဒုက္ခမသုခါပိ ဝေဒနာ ဥပ္ပဇ္ဇတိ။ သာမိသာပိ သုခါ . . ., သာမိသာပိ ဒုက္ခာ . . . သာမိသာပိ အဒုက္ခမသုခါ ဝေဒနာ ဥပ္ပဇ္ဇတိ။ နိရာမိသာပိ သုခါ . . ., နိရာမိသာပိ ဒုက္ခာ . . ., နိရာမိသာပိ အဒုက္ခမသုခါ ဝေဒနာ ဥပ္ပဇ္ဇတီ”တိ - တဲ့။
“သာလာယံဇရပ်၌ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်မှ ဧည့်သည်များ လာရောက် တည်းခိုကြ၏။ ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒတို့ လာရောက် တည်းခိုကြ၏။ ရဟန်းတို့ ထို့အတူပင် ကိုယ်ကာယ၌ နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်နှင့် အလယ်အလတ် အာရုံခံစားမှုများ ဖြစ်ပေါ်လာကြ၏။ သာယာတွယ်တာမှုနှင့် တကွဖြစ်သော နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်နှင့် အလယ်အလတ် အာရုံခံစားမှုများ ဖြစ်ပေါ်လာကြ၏။ သာယာတွယ်တာမှုကင်းသော နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်နှင့် အလယ်အလတ် အာရုံခံစားမှုများ ဖြစ်ပေါ်လာကြ၏”တဲ့။
ဝေဒနာကို ဟောတော်မူတဲ့ အခါမှာ ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတဲ့ ကယိကဝေဒနာကို ဗုဒ္ဓရည်ညွှန်းတော်မူကြောင်း ကျွန်တော် နောက်ထပ် သက်သေသာဓကပြစရာ မလိုတော့ပါဘူး။ ဒီဟောကြားချက်တွေဟာ ကျွန်တော့်သံသယကို ရှင်းပေးရုံတင် မကပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်က ကာယိကဝေဒနာကို အလေးပေးဖိို့ ညွှန်ကြားနေသလို ခံစားရစေပါတယ်။
တိကပဋ္ဌာန်း ဒေသနာတော်ကို လေ့လာကြည့်ရင် ကာယိကဝေဒနာတွေ (ကာယိကသုခနှင့် ကာယိက ဒုက္ခ)ဟာ ဥပနိဿယပစ္စည်းနဲ့ နိဗ္ဗာန်အထိ ထောက်ပံ့ပေးကြောင်း ဗုဒ္ဓရှင်တော်မြတ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လမ်းညွှန်ဟောကြားထားတာကို တွေ့ရပါမယ်။
“ပကတူပနိဿယော - ကာယိကံ သုခံ ကာယိကဿ သုခဿ, ကာယိကဿ ဒုက္ခဿ, ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော။ ကာယိကံ ဒုက္ခံ ကာယိကဿ သုခဿ, ကာယိကဿ ဒုက္ခဿ, ဖလသမာပတ္တိယာ ဥပနိဿယပစ္စယေန ပစ္စယော”တဲ့။
“ကာယိကသုခဝေဒနာသည် ကာယိကသုခဝေဒနာ၊ ကာယိကဒုက္ခဝေဒနာနှင့် ဖလသမာပတ် (နိဗ္ဗာန်)တို့ ဖြစ်ပေါ်ရန် အားကြီးသော မှီရာအကြောင်းအထောက်အပံ့ဖြစ်၏။ ကာယိကဒုက္ခဝေဒနာသည် ကာယိကသုခဝေဒနာ၊ ကာယိကဒုက္ခဝေဒနာနှင့် ဖလသမာပတ် (နိဗ္ဗာန်)တို့ ဖြစ်ပေါ်ရန် အားကြီးသော မှီရာအကြောင်း အထောက်အပံ့ဖြစ်၏”တဲ့။
“ပကတူပနိဿယော - ကာယိကံ သုခံ ဥပနိဿာယ . . . ကာယိကံ ဒုက္ခံ ဥပနိဿာယ . . . ၀ိပဿနံ ဥပ္ပါဒေတိ, မဂ္ဂံ ဥပ္ပါဒေတိ, အဘိညံ ဥပ္ပါဒေတိ, သမာပတ္တိံ ဥပ္ပါဒေတိ”တဲ့။
“ကာယိကသုခဝေဒနာကို အမှီပြု၍၊ ကာယိကဒုက္ခဝေဒနာကို အမှီပြု၍ .. .. .. ဝိပဿနာ၊ မဂ်၊ အဘိဉာဉ်၊ သမာပတ် (နိဗ္ဗာန်)တို့ ဖြစ်ပေါ်၏”တဲ့။
ဝေဒနာဟာ နာမ်တရား ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ပေါ် ကျရောက်တဲ့ အာရုံခံစားမှုနဲ့ ဆက်စပ်မှု မရှိဘူးလို့ တစ်ချို့က ဆိုကြပါတယ်။ ပဋ္ဌာန်းပါဠိတော်ဟာ နိဗ္ဗာန်ရောက်မယ့် အကျင့်မှာ ခန္ဓာကိုယ်ပေါ် ကျရောက်တဲ့ အာရုံခံစားမှုတွေ တကယ်အရေးပါကြောင်း ငြင်းစရာ မရှိတဲ့ အာဂမယုတ္တိ နောက်တစ်မျိုး ဖြစ်ပါတယ်။
“နှစ်သက်ဖွယ်စိတ်ခံစားမှု” နဲ့ “မနှစ်သက်ဖွယ်စိတ်ခံစားမှု”တို့အတွက် “သောမနဿ” နဲ့ “ဒေါမနဿ”ဆိုတဲ့ စကားတွေကို အသီးသီး အသုံးပြုပါတယ်။ “သုခ” နဲ့ “ဒုက္ခ”တို့ကိုတော့ “စိတ်ချမ်းသာမှု” နဲ့ “စိတ်မချမ်းမြေ့မှု”တို့ရဲ့ ကျယ်ပြန်တဲ့ သဘောအဓိပ္ပာယ် အဖြစ် အသုံးပြုပါတယ်။ ဒါပေမယ့် “ကာယိကသုခဝေဒနာ” နဲ့ “ကာယိကဒုက္ခဝေဒနာ”တို့ အတွက်လည်း ဗုဒ္ဓ အသုံးပြုတော်မူခဲ့ပါသေးတယ်။
“တိေဿာ ဣမာ, ဘိက္ခဝေ, ဝေဒနာ။ ကတမာ တိေဿာ? သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ, အဒုက္ခမသုခါ ဝေဒနာ - ဣမာ ခေါ, ဘိက္ခဝေ, တိေဿာ ဝေဒနာ”တဲ့။
“ဝေဒနာသုံးမျိုးရှိ၏။ အဘယ်သုံးမျိုးနည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် (သုခလည်းမဟုတ် ဒုက္ခလည်း မဟုတ်သော) ဥပေက္ခာဝေဒနာတို့ ဖြစ်၏”တဲ့။
ဗုဒ္ဓဟာ ဝေဒနာသုံးမျိုးကို ဖော်ပြခဲ့တဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း သရုပ်ထုတ်ပြတော် မူပါတယ်။ ဝေဒနာငါးမျိုး ရေတွက်တဲ့ အခါမှာပဲ သောမနဿိန္ဒြေနဲ့ ဒေါမနဿိန္ဒြေကို ထည့်သွင်းတော် မူပါတယ်။ ဒါဟာ ဗုဒ္ဓတရား တော်မှာ ကာယိကဝေဒနာက စေတသိကဝေဒနာထက် ပိုပြီး အရေးပါပုံကို ညွှန်ပြတာပါ။
“ကတမာ စ, ဘိက္ခဝေ, တိေဿာ ဝေဒနာ? သုခါ ဝေဒနာ, ဒုက္ခာ ဝေဒနာ, အဒုက္ခမသုခါ ဝေဒနာ - ဣမာ ဝုစ္စန္တိ, ဘိက္ခဝေ, တိေဿာ ဝေဒနာ”တဲ့။ ကတမာ စ, ဘိက္ခဝေ, ပဉ္စ ဝေဒနာ? သုခိန္ဒြိယံ, ဒုက္ခိန္ဒြိယံ, သောမနဿိန္ဒြိယံ, ဒေါမနဿိန္ဒြိယံ, ဥပေက္ခိန္ဒြိယံ - ဣမာ ဝုစ္စန္တိ, ဘိက္ခဝေ, ပဉ္စ ဝေဒနာ”တဲ့။
ဗုဒ္ဓဟာ သတိပဋ္ဌာန်တရားတွေအကြောင်း ဟောတော်မူတဲ့အခါမှာ “ဝေဒနာ”ကို “သုခ” “ဒုက္ခ”တို့နဲ့ အထူးပြုတော်မူပါတယ်။ သမ္ပဇဉ် ဒါမှမဟုတ် သတိပဋ္ဌာန်တရားတွေနဲ့ ပတ်သက်လို့ “သောမနဿဝေဒနာ” “ဒေါမနဿဝေဒနာ”တို့ကို ဟောတော်မမူခဲ့ပါဘူး။ ပိဋိကတ်သုံးပုံ တစ်ခုလုံးမှာ “ဝေဒနာ” နဲ့ “သောမနဿ” ပူးတွဲနေတာ နည်းနည်းပဲ ရှိပါတယ်။ “သုခ-ဝေဒနာ” “ဒုက္ခ-ဝေဒနာ”လို့ ဗုဒ္ဓ ဟောတော်မူခဲ့တာကတော့ အကြိမ်ရာပေါင်းများစွာ ရှိပါတယ်။ အထူးသဖြင့် သတိပဋ္ဌာန် အလုပ်နဲ့ ပတ်သက်လို့ပေါ့။
ဒါကြောင့် ဝေဒနာဆိုတာ အဓိကအားဖြင့် ကာယိကဝေဒနာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့်ပဲ အရူပဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေ ဝိပဿနာတရား အားမထုတ်နိုင်ကြတာပါ။ နောက်ပြီး အရူပစျာန် (သမာပတ် ခုနစ်ပါးနဲ့ သမာပတ်ရှစ်ပါး) ရကြတဲ့ သူ့ဆရာဟောင်းတွေကို ဗုဒ္ဓရှင်တော်မြတ် တရားဟောလို့ မရခဲ့ တာလည်း ဒါ့ကြောင့်ပါပဲ။
ပဉ္စမ သမာပတ်ကနေ အဋ္ဌမသမာပတ်အတွင်းမှာ စိတ်ဟာ ရုပ်ခန္ဓာကို အာရုံမပြုပါဘူး။ ဒါကြောင့် ကာယိကဝေဒနာကို တွေ့ကြုံခံစားမှု မရှိပါဘူး။ ဒါကြောင့် ရုပ်တရားမရှိတဲ့ ဗြဟ္မာတွေဟာ ကာယိကဝေဒနာကို မတွေ့ကြုံ မခံစားနိုင်ပါဘူး။ သမ္မာသမာဓိကို ကျင့်သုံးတဲ့အခါ တတိယစျာန်မှာ သောမနဿနဲ့ ဒေါမနဿ ကွယ်ပျောက်သွားပါတယ်။ အဒုက္ခမသုခါဝေဒနာကတော့ စတုတ္ထစျာန်အထိ ရှိနေပါသေးတယ်။
ဒါကြောင့် ကာယိကဝေဒနာဟာ ကျွန်တော်တို့ကို တဏှာရဲ့အရင်းခံ အကြောင်းတရားမှာ ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲ ဆုပ်တွယ်ထားစေပါတယ်။ ကာယိကဝေဒနာဟာ လက်တွေ့အကျင့်အတွက် စစ်မှန်တဲ့ အထောက်အကူ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဂုဏ်သရေရှိများ တက်ရောက်ကြတဲ့၊ ခမ်းနားတဲ့ ဒီအစည်းအဝေးကြီးမှာ ကာယိကဝေဒနာရဲ့ အရေးပါပုံကို သိလိုသူများ ဝိပဿနာအကျင့်ကို လာရောက် စမ်းသပ် လေ့ကျင့် ကြည့်ကြဖို့ ရိုရိုကျိုးကျိုး တောင်းပန်တိုက်တွန်းပါတယ်။ ဗုဒ္ဓတရားတော်နဲ့ ကိုက်ညီမှု ရှိမရှိ ကိုယ်တွေ့သိရအောင်၊ စမ်းသပ် စစ်ဆေး ကြည့်ရအောင်လို့ပါ။
တန်ဖိုးမဖြတ်နိုင်တဲ့ ဒီဓမ္မလက်ဆောင်အတွက် ဒီဓမ္မနိုင်ငံတော်၊ ဗုဒ္ဓတရားတော်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားကြတဲ့ သံဃာတော်များနဲ့ ကျွန်တော့်ဆရားကြီး ဦးဘခင်တို့ ကျေးဇူးအထူး ကြီးမားလှပါကြောင်း ထုတ်ဖော်ပြောကြား အပ်ပါတယ်။
ဘဝတု သဗ္ဗမင်္ဂလံ
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
(ဂိုအင်ဂါ)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
:)
ရှင်အာစာရ
Related - “ဆရာကြီးဦးဘခင်၏ဝိပဿနာခရီးစဉ် . . .”
http://www.dhammaweb.net/video/UBaKhin/U_Ba_Khin4.mpg
No comments:
Post a Comment