Tuesday, May 31, 2011

A Personal Experience (Part 3, the End) - ကိုယ်တွေ့ဖြစ်ရပ်တစ်ခု (အပိုင်း ၃၊ နိဂုံး)



ဘုရားရှင်ရဲ့ နည်းလမ်းအတိုင်း သဘာဝတရားကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်တဲ့ အတွက်ကြောင့် ခိုင်မာတဲ့သဘော မရှိပါလားလို့ တွေ့ရပါလိမ့်မယ်။ တစ်ဦးတစ်ယောက်ရဲ့ ရုပ်နာမ်ဓမ္မအပေါ် လေ့လာချက်က အရာရာဟာ ဖြစ်ပျက်တုန်လှုပ်မှု မျှသာ ပါလား ဆိုတဲ့ တွေ့ရှိမှုဆီ ဦးတည်ပါတယ်။

သဗ္ဗော ပဇ္ဇလိတော လောကော၊ သဗ္ဗော လောကော ပကမ္ပိတော-တစ်လောကလုံး လောင်မြှိုက်နေ၏။ တစ်လောကလုံး တုန်လှုပ်နေ၏-တဲ့။ လောကကြီးတစ်ခုလုံး ဘာမှ မဟုတ်ပါဘူး။ လောင်ကျွမ်းခြင်း၊ တုန်းလှုပ်ခြင်းမျှသာ ဖြစ်ပါတယ်။ လောကမှာ တည်မြဲတာရယ်လို့ မရှိပါဘူး။ လောကကို ဘယ်သူမှ မထိန်းချုပ်နိုင်ပါဘူး။ “ငါ” ဒါမှမဟုတ် “ငါ့ဥစ္စာ” ဒါမှမဟုတ် “ငါ့ဝိဉာဉ်”အဖြစ် ညွှန်ပြလို့ ရတဲ့အရာ မရှိပါဘူး။

ကိုယ်တွေ့အဆင့်မှာ ကြုံရတဲ့ အနိစ္စကို သိမြင်ခြင်းက သညာကို အနတ္တဆီ အလိုလို ဦးတည်နေတဲ့ အနိစ္စသညာအဖြစ် ပြောင်းလဲ ပေးပါတယ်။ ဒီသညာက နိဗ္ဗာန်ကို တွေ့ကြုံခံစားနိုင်ဖို့ ဖြစ်ပါတယ်။

အနိစ္စသညိနော ဟိ အနတ္တသညာ သဏ္ဌာတိ။ အသ္မိမာနသမုဂ္ဃါတံ ပါပုဏာတိ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနန္တိ။ အနိစ္စသညာဖြစ်ရင် အနတ္တသညာ ဖြစ်ပါတယ်။ “ငါ”လို့ထင်မှတ်ထောင်လွှား နေတာကို ကျော်လွန်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတယ်။

ကိုယ်တိုင်ကျင့်ဖို့ လိုပါတယ်။ တစ်စုံတစ်ယောက်ဟာ “ထာဝရဝိဉာဉ် မရှိဘူး”လို့ ပါးစပ်ကတော့ ပြောမယ်ဆို ပြောနိုင်ပါရဲ့။ အတ္တတွေ ပြည့်နေရင်တော့ ဗုဒ္ဓတရားတော်ဟာ ဘာမှ မတတ်နိုင်ပါဘူး။

လူ့အတ္တဟာ အားကောင်းပါတယ်။ အနတ္တကို ကိုယ်တွေ့မသိဘဲ အနတ္တသဘောကိုသာ ယူစွဲထားရင် အသုံးမဝင်ပါဘူး။ ကိုယ်တိုင်သိတဲ့ အခါမှာတော့ လွတ်မြောက်ပါတယ်။ အနတ္တဆိုတာ အဲဒါပါပဲ။ လက်တွေ့ နားလည်ခြင်းအားဖြင့် အလိုအလျောက် အတ္တကျေပျောက်သွားတဲ့ အဆင့် ရောက်အောင် ပညာက ပို့ပေးပါတယ်။

အဲဒါဟာ ဉာဏ်ကစားပွဲလည်း မဟုတ်ပါဘူး။ စိတ်ခံစားမှု ကစားပွဲလည်း မဟုတ်ပါဘူး။ ဘာသာရေး ကစားပွဲလည်း မဟုတ်ပါဘူး။ အဲဒါဟာ မျက်စိမှိတ် ယုံရတာ မဟုတ်ပါဘူး။ တရားသေဝါဒ မဟုတ်ပါဘူး။ ကိုးကွယ်မှု နည်းစနစ် မဟုတ်ပါဘူး။ ဒဿနမဟုတ်ပါဘူး။ ခရစ်ယန်ပဲဖြစ်ဖြစ် မွတ်ဆလင်ပဲဖြစ်ဖြစ် ဟိန္ဒူပဲဖြစ်ဖြစ် ဂျိန်းပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ် ထိုင်းပဲဖြစ်ဖြစ် အိန္ဒိယပဲဖြစ်ဖြစ် ပါကစ္စတန်ပဲဖြစ်ဖြစ် အမေရိကန်ပဲဖြစ်ဖြစ် ရုရှားပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် အားလုံး နားလည်နိုင်တဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ ကွဲပြားခြားနားမှု မရှိပါဘူး။ သဘာဝဥပဒေသဟာ ကျယ်ဝန်းပါတယ်။ လူတိုင်း လက်ခံနိုင်ပါတယ်။

ဒါဟာ ဗုဒ္ဓ တွေ့ရှိခဲ့တဲ့ အရာ ဖြစ်ပါတယ်။ အတိတ်တုန်းက ဒီတရားကို တစ်ချို့က လက်ခံခဲ့တယ်။ တစ်ချို့က လက်မခံခဲ့ဘူး။ ဗုဒ္ဓက လမ်းပြတော်မူခဲ့တယ်။ ဗုဒ္ဓက သင့်ကို မျက်စိမှိတ်ပြီး လက်မခံစေချင်ဘူး။ အမှန်တရားကို သင်ကိုယ်တိုင် ရှာဖွေဖို့ ဗုဒ္ဓက သင့်ကို နည်းလမ်းပေးပါတယ်။

ကမ္ဘာမြေ လုံးဝန်းတဲ့အကြောင်း ဂယ်လီလီယိုဆိုတဲ့သူက ဖော်ထုတ်ခဲ့ပါတယ်။ ကမ္ဘာမြေဟာ သူ့ရဲ့ ကိုယ်ပိုင်ဝင်ရိုးပေါ်မှာ လည်ပတ်နေတယ်ဆိုတာလည်း သူပဲ ဖော်ထုတ်ခဲ့ပါတယ်။ တစ်ချို့ လက်ခံခဲ့ကြတယ်။ တစ်ချို့ လက်မခံခဲ့ကြဘူး။ နောက်တော့ ဒါကို အမှန်တရားအဖြစ် အားလုံးက လက်ခံလာခဲ့ကြပါတယ်။ အမှန်တရားဟာ အမှန်တရားပါပဲ။ ကမ္ဘာမြေဟာ ဂယ်လီလီယို မမွေးခင်ကတည်းက လုံးဝန်းနေတာပါ။ ဂယ်လီလီယိုရဲ့ ခေတ်တုန်းကလည်း ကမ္ဘာမြေဟာ လုံးဝန်းနေတာပါပဲ။ ဂယ်လီလီယို မရှိတဲ့နောက်မှာလည်း ကမ္ဘာမြေဟာ လုံးဝန်းနေတာပါပဲ။

ကမ္ဘာမြေဆွဲအားနိယာမကို နယူတန် တွေ့ရှိခဲ့ပါတယ်။ ဒီနိယာမကို သူပဲ ကြေငြာခဲ့ပါတယ်။ ကမ္ဘမြေဆွဲအားနိယာမဟာ နယူတန် မမွေးခင်ကတည်းက ရှိခဲ့တာပဲ။ သူခေတ်တုန်းကလည်း ရှိတာပဲ။ သူမရှိတဲ့နောက်လည်း ရှိနေမှာပါပဲ။

အလားတူပါပဲ ပဋိစ္စသမုပ္ပါဒ်နိယာမဟာ ဗုဒ္ဓပွင့်တော်မမူခင် ကတည်းက ရှိခဲ့တာပဲ။ ဗုဒ္ဓခေတ်မှာလည်း ရှိခဲ့တာပဲ။ ဗုဒ္ဓမရှိတဲ့နောက်လည်း ရှိနေဦးမှာပါပဲ။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။ ဗုဒ္ဓပွင့်ပွင့် မပွင့်ပွင့် ဓမ္မနိယာမဟာ ထာဝရ တည်ရှိနေပါတယ်။ ဗုဒ္ဓ မိန့်တော်မူခဲ့ပါတယ်။

ဥပ္ပါဒါ ဝါ အနုပ္ပါဒါ ဝါ တထာဂတာနံ ဌိတာဝ သာ ဓမ္မဓာတု ဓမ္မဋ္ဌိတတတာ ဓမ္မနိယာမတာ ဣဒပ္ပစ္စယတာ။ ဘုရားရှင်တို့ ပွင့်ထွန်းသည်ဖြစ်စေ မပွင့်ထွန်းသည်ဖြစ်စေ ဇာတိ ဇရာ မရဏတို့ ရှိနေမည်။ အကြောင်း ကြောင့် အကျိုးဖြစ်ပေါ်မှု ရှိနေမည်။ ဇရာမရဏ စသည်တို့၏ အရင်းခံ အကြောင်းတရားများ ရှိနေမည်-တဲ့။

အခြေခံဖြစ်တဲ့ နာမ်ရုပ်ပေါင်းစည်းမှုထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အဝိဇ္ဇာကြောင့် မသိတာပါ။ ခန္ဓာကိုယ် တစ်ခုလုံးမှာ အာရုံခံစားမှု ဝေဒနာ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ရှိနေပါတယ်။ ဘဝရှိရင် ဝေဒနာ ရှိတာပါပဲ။ ဒွါရခြောက်ပါးဟာ သက်ဆိုင်ရာ အာရုံနဲ့ တွေ့တယ်။ ဝေဒနာ ဖြစ်ပေါ်လာရော။ ဖဿပစ္စယာ ဝေဒနာ-တဲ့။ ဝေဒနာကို ခံစားနိုင်စွမ်း မရှိရင် ဝေဒနာပစ္စယာ တဏှာ-ဆိုတာကို ဘယ်လိုလုပ် နားလည်မှာတဲ့လဲ။ ဒီသဘာဝဟာ ဗုဒ္ဓပွင့်တော် မမူခင်ကလည်း ရှိခဲ့တာပါပဲ။ ဝေဒနာပစ္စယာ တဏှာ-ဆိုတာ ဘုရားမပွင့်ခင် ကတည်းက ရှိခဲ့တာပါ။ ဒီ နိယာမ ရှိခဲ့ပါတယ်။ ဘုရား ပွင့်တော့လည်း ရှိနေခဲ့တာပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာလည်း ရှိနေဦးမှာပဲ။ ဒါကြောင့် ဓမ္မဆိုတဲ့ နိယာမဟာ ထာဝရတည်နေတဲ့ အရာ ဖြစ်ပါတယ်။ ဧသဓမ္မော သနန္တနော-တဲ့။ ဓမ္မဆိုတာ အမြဲတည်တဲ့ သနန္တန-ဖြစ်ပါတယ်။ ဘုရား ပွင့်ပွင့် မပွင့်ပွင့်ပေါ့။ အဲဒီ ဓမ္မကို ဗုဒ္ဓရှင်တော်မြတ် ထုတ်ဖော်ခဲ့တယ်။ ကိုယ်တော်တိုင် လွတ်မြောက်ရေးအတွက် ဓမ္မကို အသုံးချခဲ့တယ်။ ဒီဓမ္မကို ကရုဏာတော် အပြည့်နဲ့ တစ်ခြား သတ္တဝါတွေဆီ အရောက် ဖြန့်ဝေခဲ့ ပါတယ်။

“ရှုကြည့်ပါလော့။ သင် ဤသို့ ဒုက္ခရောက်နေ၏။ ဝေဒနာပစ္စယာ တဏှာ။ ဝေဒနာပစ္စယာ တဏှာ။ ရှုစမ်းပါလော့။ ဒုက္ခလွတ်မြောက်ရာ နည်းလမ်း ငါပေးမည်။ ဝေဒနာ ရှိသော်လည်း တဏှာ မရှိတော့ပေ။ ဝေဒနာကို ခံစားတိုင်း ပညာဖြင့် သုံးသပ်ပါလော့။ အိုး... အနိစ္စ အနိစ္စ။ ဤဝေဒနာဖြစ်စေ တစ်ခြားဝေဒနာဖြစ်စေ အနိစ္စဖြစ်၏။ အနိစ္စသာတည်း”တဲ့။

ဝေဒနာမှန်သမျှ အနိစ္စဖြစ်သည်-လို့ အယူဝါဒ ဒဿနဖြစ် ထူထောင်လာရင်တော့ ဘာမှ အကျိုး မရှိပါဘူး။ အဲဒါဟာ တစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုသာ ဖြစ်ပါတယ်။ ဒါပေမယ့် “ရှုလော့။ ဝေဒနာ ဖြစ်ပေါ်လာပြီ။ အနှေးနှင့်အမြန် ကွယ်ပျောက်ပေသည်။ ဝေဒနာတစ်ခု မည်သို့ပင် မနှစ်သက်ဖွယ် ရှိနေပါစေç ခံစားမှုတစ်ခု မည်သို့ပင် မသာယာဖွယ် ဖြစ်နေပါစေ ချုပ်ပျောက်ခြင်း သဘောရှိ၏။ ဝေဒနာတစ်ခု မည်မျှပင် နှစ်သက်စရာ ကောင်းနေပါစေ ချုပ်ပျောက်ခြင်း သဘောရှိ၏။ ဖြစ်-ပျက်ç ဖြစ်-ပျက်”လို့ ကိုယ်တိုင် တွေ့ကြုံ ခံစားနိုင်မယ် ဆိုရင်တော့ .....။

“သမုဒယဓမ္မာနုပဿီ ဝိဟရတိç ဝယဓမ္မာနုပဿီ ဝိဟရတိ-ဖြစ်ပေါ်လာမှုကို ရှုမှတ်၍ နေ၏။ ပျက်သုဉ်းသွားမှုကို ရှုမှတ်၍ နေ၏”ဆိုတဲ့အတိုင်း ဖြစ်-ပျက်ကို အမြဲတမ်း စောင့်ကြည့် နေရပါမယ်။ ဝဒနာဟာ အချိန်ကာလ တစ်ခုအထိ တည်နေတယ်လို့ ထင်ရပေမယ့် အနှေးနဲ့ အမြန်ပဲ ကွာမယ်၊ ကွယ် ပျောက်ရပါတယ်။ သို့သော် ရှုမှတ်တဲ့ ယောဂီဟာ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အချိန်တိုင်း အချိန်တိုင်း ဖြစ်ပေါ် လာသမျှဟာ ရပ်တံ့တည်နေခြင်း မရှိဘဲ ကွယ်ပျောက် ချုပ်ငြိမ်းသွားပါလားလို့ တွေ့ကြုံရပါတယ်။

ဖြစ်လာတာနဲ့ပဲ တကယ် မြန်မြန်ကြီး ချုပ်ပျောက်သွားပါတယ်...။ သမုဒယဝယဓမ္မနုပဿီ ဝိဟရတိ- ဖြစ်ပျက်ကို ရှုမှတ်၍ နေ၏-တဲ့ ဝေဒနာဆိုတာ အမြဲရှိနေပါတယ်။ ပေါ်လာပြီး ပျောက်သွားတာပဲ။ ဖြစ်လာပြီး ပျက်သွားတာပဲ။ ဒီဝေဒနာကို လူက တုံ့ပြန်ပါတယ်။ နှစ်သက်စရာ ဆိုရင် လောဘနဲ့ တုံ့ပြန်ပါတယ်။ မနှစ်သက်စရာ ဆိုရင် ဒေါသနဲ့ တုံ့ပြန်ပါတယ်။

သတ္တဝါဟာ ဒါကိုပဲ တစ်ဘဝလုံး လုပ်နေပါတယ်။ ကိုယ့်အတွက် ဒုက္ခတွေ ဆင့်ကဲဆင့်ကဲ့ ဖန်တီး နေပါတယ်။ ကိုယ့်ဒုက္ခကိုယ် ဆပွားတိုးချဲ့ နေပါတယ်။ ရှုကြည့်စမ်းပါ။ ဒုက္ခလွတ်မြောက်ရာလမ်း ရှိပါတယ်။

ဝေဒနာနိရောဓာ တဏှာနိရောဓော။ တဏှာနိရောဓာ ဥပါဒါနနိရောဓော။ ခံစားမှု ချုပ်ရင် တပ်မက်မှု ငြိမ်းပါတယ်။ တပ်မက်မှု ကင်းရင် စွဲလမ်းမှု မရှိတော့ပါဘူး။ ရုပ်နာမ်သံသရာက လွတ်မြောက်ရာဆီ ရောက်သွားတာပါပဲ။

ဗုဒ္ဓဟာ တရားတွေပဲ ဟောခဲ့တာ မဟုတ်ပါဘူး။ တရားဟောရုံ ဟောခဲ့တာဆိုရင်တော့ ဗုဒ္ဓဟာ ကမ္ဘာ့ဒဿနပညာရှင်တွေ ကြားထဲမှာ သူလိုကိုယ်လိုပဲ ဖြစ်နေ မှာပေါ့။ ပရမတ္ထသစ္စာကို ကိုယ်တိုင် သိမြင်ခံစား နားလည်လို့ ဘုရားဖြစ်လာပြီး သူသိတာကို တစ်ခြားသူတွေ တွေ့ကြုံခံစား နားလည်နိုင်အောင် ပြန်လည်ဟောကြား သင်ပြပေးခဲ့ပါတယ်။ ဗုဒ္ဓတရားတော်ဟာ ကျွန်တော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် တရားတော်ဟာ လက်တွေ့ သဘောတရား ဖြစ်လို့ပါပဲ။ တကယ်လို့ ဆင်ခြင်တုံတရားအတွက် လေ့ကျင့်ခန်းသာ ဖြစ်နေမယ် ဆိုရင်တော့ ဗုဒ္ဓရဲ့ လမ်းကြောင်းပေါ် လျှောက်ခဲ့တာ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိမှာပါ။

“အလွန်ကောင်းပါတယ်။ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့ ဘဂဝတ်ဂီတကျမ်းက ဒီလို ဆိုပါတယ်။ ကျွန်တော်တို့ ဥပနိသျဒ်ကျမ်းက ဒီလို ဆိုပါတယ်။ ဒါဟာ အံ့ဩစရာ ကောင်းပါတယ်။  အလွန်ကို ကောင်းပါတယ်။”လို့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အဲဒါကို ကျွန်တော် ကျင့်သုံးမှာ မဟုတ်ပါဘူး။ “ရှုစမ်းပါ။ ဒါဟာ လောဘက လွတ်မြောက်မယ့် လမ်းပဲ။ ဒါဟာ ဒေါသက လွတ်မြောက် မယ့် လမ်းပဲ”လို့ နည်းညွှန်တာကို ခံယူခဲ့ရလို့ ကျွန်တော် ကျေနပ်ခဲ့တာပါ။

အံ့ဩစရာကောင်းတဲ့ ဒီ ဓမ္မနိုင်ငံတော်မှာ မွေးဖွားခဲ့ရတာ ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဗုဒ္ဓတရားတော်များ မူရင်းအတိုင်း သန့်စင်စွာ ထိန်းသိန်းထားတဲ့ ဒီနိုင်ငံမှာ မွေးဖွားရတာ ကျွန်တော် အလွန် ကံကောင်းပါတယ်။ လက်တွေ့ကျင့်သုံးရမယ့် တရားဖြစ်တဲ့ ဝိပဿနာဟာ ဒီနိုင်ငံမှာ တည်ရှိနေပါတယ်။ အတုံ့အလှည့် ဘာမှ မျှော်လင့်မထားဘဲ ကရုဏာတရား ကြီးမားစွာနဲ့ သင်ပြပေးတဲ့ သူတော်စင် ပုဂ္ဂိုလ်ကြီးနှင့် အဆက်အသွယ် ရခဲ့တာ အလွန် ကံကောင်းတယ်လို့ ခံစားရပါတယ်။ ဗုဒ္ဓလက်ထက်တော်တုန်းက မြန်မာဟာ ထူးခြားတဲ့ အဆင့်တစ်နေရာမှာ တည်ရှိခဲ့ပါတယ်။

ဗုဒ္ဓဟာ သဗ္ဗညုတဉာဏ်တော်ကို ရရှိလို့ ဝိမုတ္တိသုခ သမာပတ်ချမ်းကို ခုနစ်ရက် ခုနစ်လီ ခံစားပြီးတဲ့နောက် တပုဿ နဲ့ ဘလ္လိကဆိုတဲ့ မြန်မာကုန်သည်နှစ်ယောက် လှူဒါန်းတဲ့ ပျားဆုပ်မုန့်ကို ပထမဆုံး ဆွမ်းအဖြစ် ဘုဉ်းပေးတော် မူခဲ့ပါတယ်။ ကုန်သည်ညီနောင်ဟာ ဘုရားနဲ့ တရားကို ကိုးကွယ်ယုံကြည်တဲ့ ပထမဆုံး သာဝက (ဒွေဝါစိကဥပသကာ) တွေ ဖြစ်လာခဲ့ ပါတယ်။ ဒါဟာ ပထမဆုံးလည်းဖြစ်ပြီး နှစ်ခုသာ ရှိသေးတဲ့ သရဏဂုံ (ဘုရားနှင့် တရားကို ကိုးကွယ်ခြင်း)လည်း ဖြစ်ပါတယ်။ ဘုရားရှင်ဟာ မြန်မာကုန်သည် နှစ်ယောက်ကို သရီရဓာတု (ဆံတော်)များ သူ့ဦးခေါင်းက နှုတ်ပြီး ပေးခဲ့ပါတယ်။ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်က ပေးခဲ့တဲ့ဓာတ်တော်လည်းဖြစ်၊ ဗုဒ္ဓကိုယ်တော်တိုင် ပေးခဲ့တာလည်းဖြစ်၊ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဒီလိုလက်ဆောင်မျိုး တစ်ခါပဲ ပေးခဲ့တာလည်း ဖြစ်တယ်ဆိုတော့ တကယ့်ကို ထူးခြားပါတယ်။ ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်တုန်းက ပေးတော်မူခဲ့တဲ့ ဒီဓာတ်တော်ဟာ မြန်မာနိုင်ငံ ရောက်လာခဲ့ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ ရွှေတိဂုံစေတီတော်ဟာ ဂုဏ်ကျက်သရေရှိတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

မြန်မာဟာ ဘုရားရှင်ရဲ့ သရီရဓာတ်တော်ကို ထိန်းသိမ်းထားရုံတင် မကပါဘူး။ ထောင်စုနှစ်တွေ တစ်လျှောက်လုံး ပရိယတ္တိ-သဒ္ဓမ္မကိုလည်း စောင့်ထိန်းထားပါတယ်။ ပဋိပတ္တိကိုလည်း စောင့်ထိန်းထားပါတယ်။ အထူးသဖြင့် ဝိပဿနာ အကျင့်ပေါ့။

ဒီနေ့ ဝိပသဿနာဟာ ကမ္ဘာတစ်ဝှန်းလုံး ပြန့်နှံ့ နေပါတယ်။ တစ်ဦးတစ်ယောက်ဟာ မြန်မာကပဲ ဖြစ်ဖြစ် အိန္ဒိယကပဲ ဖြစ်ဖြစ် တစ်ခြား ထေရဝါဒ နိုင်ငံကပဲ ဖြစ်ဖြစ် မဟာယာန နိုင်ငံကပဲ ဖြစ်ဖြစ် ကမ္ဘာ့ဘယ်နေရာကပဲ ဖြစ်ဖြစ်ပေါ့။ အရေးအကြီးဆုံးက ဓမ္မလမ်းကြောင်းပေါ်မှာ လက်တွေ့ လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။

အားလုံး စင်ကြယ်မြင့်မြတ်တဲ့ ဓမ္မရသကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းခွင့် ရကြပါစေ။ အားလုံး ဒုက္ခက လွတ်မြောက်ကြပါစေ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှု စစ်မှန်တဲ့ ညီညွတ်မျှတမှု စစ်မှန်တဲ့ ပျော်ရွှင်မှုကို အားလုံး ခံစားနိုင်ကြပါစေ။ တကယ့် ငြိမ်းချမ်းမှုကို ခံစားနိုင်ကြပါစေ။

ဘဝတု သဗ္ဗမင်္ဂလံ။ သတ္တဝါအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဂိုအင်ဂါ

အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။

 

:)
ရှင်စာရ

Ref (10 May 2011):
http://www.vridhamma.org/en2004-13
http://www.mail-archive.com/mabindo@yahoogroups.com/msg00038.html

2 comments:

  1. ဒီဘာသာပြန်စာမူလေးကိုအများသိအောင် ဖေါ်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘုရား။မြန်မာဖြစ်ရတာ ကုသိုလ်ကံအကျိုးပေးတစ်ခု ဆိုတာ သိပြီး တန်ဘိုးထားတတ်လာစေလို့ပါ..။ တပည့်တော်က ရောက်တဲ့နိုင်ငံတွေမှာဦးဂိုအင်ကာ စခန်းတွေဝင်ဖြစ်ခဲ့ပါတယ်..။ဒီလိုစကားတွေကို Discourse 11 ၁၀ရက်မြောက် နေ့မှာပြောတိုင်း မျက်ရည်ဝဲတဲ့အထိ ပီတိဖြစ်ခဲ့ရဘူးပါတယ်..။ဓမ္မဂီရိ...ဓမ္မကမ္မလ၊ ဓမ္မအတ္တလ စတဲ့ နာမည် တွေ တပ်ထားတဲ့ စခန်း တိုင်း ရဲ့ဆိုင်းဘုတ်တွေမှာလည်း ဆရာကြီး ဦးဘခင် နဲ့ မြန်မာ နိုင်ငံ နာမ်ည ကိုရေးထိုးထားတာတွေ့ ရပါတယ်..။ ကမ္ဘာ မှာ စစ်ဖြစ်နေတဲ့ နိုင်ငံ(အစ္စရေး) တို့လို နေရာမျိုးမှာ တောင်စခန်းတွေဖွင့်နိုင်တယ်...ရာကျော်အောင်ဖွင့်နိုင်တဲ့ အောင်မြင်မှု မှာလှို့ဝှက်ချက်တစ်ခု ရှိရမယ် ဆိုတာ အမြဲစိတ်ဝင်စားခဲ့ပါတယ်..။ သုံးသပ်ချက်လို ဆောင်းပါး မျိုးလေးတွေ အရှင်ဘုရားကရေးခဲ့ရင်လည်းကောင်းမှာပါဘုရား။ကျန်းမာချမ်းသာစွာ ဓမ္မစာပေများ ရေးသားနိုင်ပါစေ။ဦးတင်လျှက်

    ReplyDelete
  2. ဟုတ် သုံးသပ်နိုင်ရင်တော့ ကောင်းမှာပဲ။ :)

    ReplyDelete