အချိန်ဟူသည် ပရမတ်သဘော အနေဖြင့် ထင်ရှားမရှိသော ပညတ်တစ်မျိုး ဖြစ်၏။ နှစ် လ နေ့ ရက် နာရီ တို့ကို ကာလပညတ်ဟု သတ်မှတ်သည်။ အချိန်သည် ပညတ်ဖြစ်သော်လည်း အရာကျယ်၏။ နေ့နှင့်ညဟူ၍ ခွဲခြားသတ်မှတ်မှု မရှိသည့် ၀င်ရိုးစွန်း ဒေသအတွက်ပင်လျှင် အချိန်နာရီ သတ်မှတ်ချက်ကား ရှိရသေးသည်သာတည်း။ သို့သော်လည်း အချိန်ကာလ၏ ထိန်းချုပ်ကန့်သတ်မှုမှ လွတ်မြောက်ရာကား ရှိပြန်သေးသည်သာ။ ဤသည်ကား ကာလ၀ိမုတ် မြတ်နိဗ္ဗာန်ပင် ဖြစ်ပေသည်။
အချိန်နှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ရှိပေသည်။ အမြင်အမျိုးမျိုး ရှိလေသည်။ “လူတစ်ယောက်၏ ဘေး၌ နာရီတစ်လုံးတော့ ရှိသင့်သည်”ဟု စိတ်ပညာရှင်တို့ မိန့်ဆိုသည်။ လူတစ်ယောက် စိတ်ဓာတ်ပျိုကွဲပြီး ရူးသွပ်သွားအောင်လုပ်သည့် အလွယ်ဆုံးနည်းမှာ အချိန်နာရီကို အသိမပေးဘဲ ထားလိုက်ခြင်းပင် ဖြစ်သည်ဆို၏။ သိုးဆောင်းတို့ကား “Time is money. အချိန်သည် ငွေ”ဟု ပြောကြာလေသည်။ အချို့က အချိန်တိုင်း ငွေရဖို့ ကြိုးစားကြသည်။ ဗုဒ္ဓစာပေ၌ကား “ကာလော ဃသတိ ဘူတာနိ။ အချိန်သည် သတ္တ၀ါတို့ကို စားသည်”ဟု လာရှိ၏။ အချိန်သည် သတ္တ၀ါတို့၏ အသက် အဆင်း ခွန်အားတို့ကို ယုတ်လျော့ ကုန်ခန်းစေသည်။ နုပျိုမှုကို ချေမှုန်းသည်။ ကျန်းမာမှုကို ချေဖျက်သည်ဟု ဆိုလိုပေသည်။ ဘုရား ရဟန္တာတို့ကိုကား “ကာလဃာသဘူတ - အချိန်ကို စားသူများ”ဟု ဆိုပြန်သည်။ ဘ၀အသစ် ပဋိသန္ဓေအသစ် မရှိတော့ခြင်း၊ အနာဂတ်ကာလကို အရိယာမဂ်ဖြင့် ဖြတ်တောက်ထားပြီးဖြစ်ခြင်း၊ နောက်ဘ၀ မရှိတော့ခြင်းကို ရည်ရွယ်၏ (မူလပရိယာယဇာတ်)။
မည်သို့ဆိုစေ သက်ရှိတို့အတွက် ကာလပညတ်ဖြစ်သော အချိန်၏ အရေးပါမှုကား သေချာ၏။ သတ္တ၀ါတို့၏ ဘ၀ဖြစ်စဉ်သည် အချိန်ကို မှီ၏။ သတ္တ၀ါတို့သည် အချိန်ကာလ အကန့်အသတ်မဲ့ ကြာရှည်လေးမြင့်စွာ မိုက်မှားခဲ့ကြပြီးမှ တဖြည်းဖြည်း တစ်စတစ်စ တိုးတက်ယဉ်ကျေး လာခဲ့ကြရသည်။ သတ္တ၀ါတို့သည် အချိန်ယူ၍ အရိုင်းမှ အယဉ်သို့ အသွင်ကူးပြောင်းကြရ၏။
လောက၏ အကြီးအမှုး အထွတ်အခေါင် ဖြစ်တော်မူကြသော ဘုရားရှင်တို့သည်ပင် သံသရာ အဆက်ဆက် ဘ၀များစွာ ရှည်လျားစွာသော ကာလပတ်လုံး ပါရမီတော် အဆင့်ဆင့်ကို ဖြည့်ကျင့်တော် မူခဲ့ရသည်။ အတုလ ဘုရားရှင်တို့သည် အနမတဂ္ဂ သံသရာ၌ ဘ၀မျိုးစုံ ဖြစ်တော်မူခဲ့ကြရသည်။ မရင့်ကျက်သေးသော ဘုရားလောင်းတို့၏ ဘ၀သည် သေးမွှားနုံချာသည်လည်း ရှိခဲ့၏။ သာမန်သတ္တ၀ါ အဆင့်မှ အတုမဲ့ ဖြစ်လာအောင် အချိန်ယူရသည်။ အဆင့်ဆင့် ကျင့်ယူရသည်။ တစ်ဆင့်ချင်း ရင့်ကျက်လာရသည်။
သတ္တ၀ါတို့၏ ဘ၀ကို အဆင့်ဆင့် မြှင့်တင်ပေးရန် ဘုရားရှင် အဆူဆူတို့ ပွင့်ထွန်းတော် မူခဲ့ကြလေပြီ။ ပွင့်တော်မူခဲ့သည့် ဘုရားရှင်တို့ မရေတွက်နိုင်တော့ပေ။ သာသနာလင်းခိုက် အချိန်ကောင်း အခါကောင်း၌ ဘုရားရှင်တို့၏ အဆုံးအမကို နာယူကြရ၍ ကျွတ်လွတ်ငြိမ်းချမ်းကာ သံသရာ တစ်ဘက်ကမ်းသို့ ကူးမြောက်သွားခဲ့သော သတ္တ၀ါတို့လည်း အသင်္ချေ အနန္တ ရှိခဲ့၏။ အချိန်သင့်၍ ရင့်ကျက် ကျွတ်လွတ် သွားခဲ့ကြသော သတ္တ၀ါတို့သည် အရေအတွက်ကို လွန်၏။
ဂေါတမ ရှင်တော်ဘုရား ပထမဆုံး ဟောတော်မူခဲ့သည့် ဓမ္မစကြာ တရားပွဲ တစ်ခုတည်း၌ပင် ကုဋေရှစ်ဆယ်သော ဗြဟ္မာများနှင့် မရေမတွက်နိုင်အောင် များပြားသည့် နတ်ဒေ၀ါတို့ အကျွတ်တရား ရခဲ့ကြလေသည်။ ထိုစဉ်က လူသားအနေဖြင့်ကား အရှင်ကောဏ္ဍည တစ်ပါးတည်းသာ သောတာပန် တည်ခဲ့သည်။ တရား တစ်ပွဲတည်းနှင့် ကျွတ်လွတ်ရန် အဆင်သင့် ဖြစ်နေသည့် သတ္တ၀ါတို့၏ ဘ၀ဒုက္ခ အတုံးလိုက် အခဲလိုက် တစ်ချိန်တည်း တစ်ပြိုက်နက်တည်း ငြိမ်းအေးသွားပုံကား အားရလောက်ပါပေသည်။ အားကျဖွယ်ပင် ဖြစ်ပေ၏။
သို့သော်လည်း ကျွတ်ချိန်လွတ်ချိန် မသင့်သေးသူ၊ သစ္စာဉာဏ် နုသေးသည့် သတ္တ၀ါတို့ကား ဘုရားမသိ တရားမသိ သံဃာမရှိနှင့် သံသရာ ခရီးဆိုးကြီး၌ ကာလကြာမြင့်စွာ ပင်ပမ်းခဲ့ကြရလေသည်။ ဟိုက်နွမ်း ခဲ့ကြရလေပြီ။ စုန်လိုက်ဆန်လိုက်၊ ငုတ်ချည်ပေါ်ချည်၊ နိမ့်တုံမြင့်တုံ အချိန်ကုန်ခဲ့ကြရလေသည်။ ဘ၀သံသရာ၌ ပရမ်းပတာ ကျင်လည်ဖြတ်သန်း မောပမ်းခဲ့ကြရပေသည်။ သတ္တ၀ါတို့၏ အခြေအနေကို ကြည့်ကာ လိုက်ဖက်မည့် တရားကို ဟောတော်မူနိုင်သည့် ဘုရားရှင်တို့နှင့် မတွေ့ခဲ့ကြရပေ။ တွေ့ခွင့်ကြုံ ဆုံခွင့်ရသူ အချို့ကလည်း အခွင့်အခါကောင်းကို စွန့်လွှတ် ကျောခိုင်းခဲ့ကြ လေသည်။ ကြားရုံမျှဖြင့်ပင် အပူစင်စေသည့် တရားရေအေးကို မနာယူ မသောက်ချိုးခဲ့ကြရပေ။ ထိုက်တန်သူများ ကျွတ်လွတ်ခဲ့ကြသော်လည်း မထိုက်တန်သူတို့ကား သံသရာ ၀ဲဂယက်ဆိုးအတွင်း ဖရိုဖရဲ ဖြစ်ခဲ့ကြရလေသည်။ ဆိုးရွား စူးရှ ပြင်းထန်လှသည့် သံသရာဝဲအတွင်း သက်ဆင်းကူခတ်ခဲ့ကြသည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီနည်း။ မည်မျှ နွမ်းလျ နေပြီနည်း။ မည်သူ အတိအကျ သိလေမည်နည်း။ သေချာသည်ကား ဘ၀မည်သည် အချိန်နှင့်အမျှ အဆင့်အဆင့် တိုးတက်ရင့်ကျက်ရခြင်း ပင်တည်း။
ဗုဒ္ဓဘာသာဝင် တစ်ဦး အနေဖြင့် အစမထင်အောင် ရှည်လျားသော အတိတ်သံသရာ ဘ၀များ၌ စုန်ဆန် နိမ့်မြင့် ကျင်လည်ရမှု ဘေးဒုက္ခဆိုးကို မှန်းဆ မြင်ယောင်သင့်သည်။ သံသရာ ဒုက္ခကို ဉာဏ်နှင့် ဆင်ခြင်ကြည့်သင့်သည်။ ဒုက္ခကိုမြင်ပါမှ သုခကို ရနိုင်သည်။ ဒုက္ခကို မသိလျှင် သုခကို လိုချင်ရကောင်းမှန်း မသိနိုင်ပေ။
ဒုက္ခသစ္စာကို မြင်လျှင် သစ္စာတရား အားလုံးကို မြင်နိုင်ကြောင်း ဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောတော်မူခဲ့သည်။ အသိဉာဏ် ရင့်ကျက်သူ၊ အတွေ့အကြုံ များသူတို့တွင် ဘုရားရှင်သည် အတုမဲ့ ဖြစ်တော်မူ၏။ ဘုရားရှင်သည် ဒုက္ခမှန်သမျှမှ အပြီးအပိုင် လွတ်မြောက်တော် မူပြီးသောအခါ “ဒုက္ခ၏ အကြောင်းရင်းကို ရှာဖွေရင်း ကြိမ်ဖန်များစွာ ဆင်းရဲခဲ့ရသည်”ဟု ဥဒါန်း ကျူးရင့်တော်မူခဲ့သည်။ ဘုရားရှင်သည်ပင် ဘ၀ဒုက္ခကို ပြန်လည် ဆင်ခြင်တော်မူခဲ့၏။ ဒုက္ခနှင့် ထုဆစ်ထားသော ဘ၀သံသရာ ရုပ်လုံးကို ပုံပေါ်အောင် မှန်းဆ မြင်ယောင်နိုင်သူသည် ရင့်ကျက်သူ မည်၏။
ငယ်စဉ်အခါ ကလေးဘ၀က ရူးသွတ်မိုက်မဲမှုကြောင့် ဆင်းရဲခဲ့ရသော အတွေ့အကြုံများကို အသက်အရွယ် ရလာသောအခါ၊ အသိဉာဏ် ရင့်ကျက်လာသောအခါ ပြန်လည် စဉ်းစား သိရှိနိုင်သည်။ ဆင်းရဲကြောင်းဖြစ်သော မိုက်မဲသည့် အပြုအမူတို့ကို ရှောင်ကြဉ်ခြင်းအားဖြင့် ဘ၀ဒုက္ခမှ သက်သာရာ ရနိုင်သည်။ ထို့အတူ အတိတ်သံသရာ၌ မိုက်မှားမိခဲ့သည်တို့ကို ဆင်ခြင်စဉ်းစား၍ အနာဂတ်အတွက် လိမ္မာသင့်ကြပေသည်။ အတိတ်သံသရာ၌ တွေ့ကြုံ ခံစားခဲ့ရသော ဘ၀ဒုက္ခများကို ပြန်လည်စဉ်းစား ဆင်ခြင်နိုင်ခြင်းသည် ရင့်ကျက်မှု၏ သင်္ကေတတစ်ခု ဖြစ်ပေသည်။ ဘ၀ဒုက္ခကို ဆင်ခြင်နိုင်သူ သိမြင်နိုင်သူတို့ကား အချိန်နှင့်အမျှ ရင့်ကျက်သူများ ဖြစ်ပေသည်။
သစ္စာသိမှ၊ သစ္စာဉာဏ်ရှိမှ ရင့်ကျက်မည်။ ကျွတ်လွတ် ငြိမ်းချမ်းနိုင်သည်။ ဘ၀ဒုက္ခကို ဆင်ခြင်တတ်သူတို့ကား ရင့်ကျက်မှု လမ်းစပေါ်သို့ ခြေချမိသူများ ဖြစ်ကြ၏။ ဒုက္ခကို ကြံဆသူ၊ ဒုက္ခကို သိမြင်သူများသည် သစ္စာသမားများ ဖြစ်ကြ၏။ ဒုက္ခသည် သစ္စာပင် မဟုတ်ပါလော။
သစ္စာပြ၍ သတ္တ၀ါတို့၏ ဘ၀ကို အဆင့်မြှင့်ပေးနိုင်ရန် အတွက် ပွင့်ထွန်းတော် မူခဲ့ကြသော ဘုရားရှင် ကိုယ်တော်မြတ်တို့ကို မျက်မြင်ကိုယ်တွေ့ မဖူးလိုက်ရသော်လည်း၊ ထိုဘုရားရှင်တို့ ဟောကြားအပ်သော သစ္စာတရားတော်များကို ကိုယ်တိုင်ကိုယ်ကျ မနာယူလိုက်ရသော်လည်း သံဃာတော်များ မူရင်းမပျက် ကျက်မှတ် သယ်ဆောင်လာခဲ့သည့် တရားတော်တို့ကို နာယူ ဆင်ခြင် ကျင့်ကြံခွင့် ရနေသူများကို ဘ၀အဆင့် မြင့်လာသူများ၊ တိုးတက် ရင့်ကျက်ခွင့် ရနေသူများဟု ဆိုနိုင်ပေသည်။
ဘုရားရှင်တို့၏ အဆုံးအမများသည် တစ်ဆင့် ကြားနာရလျှင်လည်း လိုက်နာ ကျင့်ကြံသူ အတွက်ကား တိုက်ရိုက် ကြားနာရသူ ကဲ့သို့ပင် ဘ၀ငြိမ်းချမ်းမှု ပေးနိုင်စွမ်း ရှိပေသည်။
ဘုရားရှင် ရှင်းထွင်တော်မူခဲ့သော မဂ္ဂင်လမ်းမပေါ် လျှောက်လှမ်းရင်း ငြိမ်းချမ်းသည့် ဘ၀ကို တည်ဆောက်နိုင်လျှင် ဘ၀အရည်အသွေး မြင့်လာသည် မည်၏။ သစ္စာတရားနှင့် နီးကပ်သူ ဘ၀အဆင့် မြင့်လာသူတို့သည် သာမန်အရှုပ်လောက၌ သူလိုငါလို အများနည်းတူ ကျင်လည်ရင်း၊ လောက၀န်ထုပ်များ တနင့်တပိုး ထမ်းရွက် သယ်ဆောင်ရင်းပင် နိဗ္ဗာန်ဆီသို့ ဦးတည်နေသည့် မဂ္ဂင်လမ်းမပေါ်၌ တည့်တည့်မတ်မတ် ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်ကြ၏။
အချိန်နှင့်အမျှ သစ္စာဉာဏ် ရင့်လာသူ၊ ဘ၀အဆင့် မြင့်လာသူသည် ဘ၀လွတ်မြောက်ရေး အတွက် အမြဲတမ်း အားထုတ်နေ၏။ ရှေးက ကြိုးပမ်းခဲ့မှုများ လက်ရှိစွမ်းဆောင်မှုများမှာ နောင်အခါ ဆုလာဘ်ဖြစ်လာမည့် အရင်းအနှီး ဖြစ်သည်ဟု ရဲရဲရင့်ရင့် ယုံထားနိုင်၏ (သမ္မာဒိဋ္ဌိ)။ ဘ၀လွတ်မြောက်ရေး ဘ၀တိုးတက်ရေး အထောက်အကူပေးမည့် စိတ်ကူးကောင်းများ ရှိ၏ (သမ္မသင်္ကပ္ပ)။ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ၍ လူအများ၏ မေတ္တာကို ခံယူနိုင်သည် (သမ္မာဝါစာ)။ အပြောသာမဟုတ် အလုပ်နှင့်ပါ သက်သေပြ၍ သူတစ်ပါးအပေါ် စေတနာ ထားသောကြောင့် ဘ၀အဆင့် ရင့်ကျက်မြင့်မားလာသူတို့၏ အသက်မွေးမှု ကိုယ်ပိုင်လုပ်ငန်းသည်ပင် ထိုသူတို့၏ ဘ၀ထောက်တည်ရာ ဖြစ်နေပြီး ဆက်စပ်မိရာ ပတ်ဝန်းကျင် အတွက်လည်း အားထားစရာ အမှီသဟဲကောင်း ဖြစ်နေတော့သည် (သမ္မာကမ္မန္တ + သမ္မာအာဇီဝ)။ ထိုသူတို့ ကြိုးပမ်းသမျှသည်လည်း အမျိုးဘာသာ သာသနာအတွက် ဖြစ်လာ၏ (သမ္မာဝါယာမ)။ ဘ၀အဆင့် မြင့်လာသူတို့သည် လျှောက်သည့်လမ်း ဖြောင့်တန်းနေစေရန် သတိရှိကြ၏။ လမ်းမချော်အောင် သတိထားနိုင်ကြသည် (သမ္မာသတိ)။ ပြုဖွယ်ကိစ္စ မှန်သမျှ၌ ပျာယာမခပ်ဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာလည်း ဆုံးဖြတ်နိုင်လေသည် (သမ္မာသမာဓိ)။
ထိုသူတို့ လျှောက်သောလမ်း ဟန်ချက်ညီနေခြင်းမှာ အဘယ်ကြောင့်နည်း။ ဘုရားရှင် ထွင်တော်မူခဲ့သည့်လမ်း၊ မဂ္ဂင်လမ်း ဖြစ်နေသောကြောင့်တည်း။ တရားနှင့်ယှဉ်သော ဘ၀သည် သာယာ၏။ ဘုရားရှင်၏ တရားတော်သည် လိုက်နာကျင့်သုံးနိုင်သလောက် အကျိုးရစေ၏။ မဂ္ဂင်လမ်းသည် လျှောက်လှမ်းသူကို အေးချမ်းစေနိုင်၏။ ထိုမဂ္ဂင်လမ်းကို ဘုရားရှင်သည် ကမ္ဘာပေါင်း လေးသင်္ချေနှင့် တစ်သိန်းကြာအောင် အချိန်ယူ၍ ထုတ်ဖော် ရှင်းလင်းခဲ့ရလေသည်။
ဘုရားရှင်၏ မဂ္ဂင်လမ်းကို သိ၍ လမ်းမှန်လျှောက်ခွင့် ရခြင်းသည် ဘ၀အဆင့် မြင့်လာသူများအတွက် အားသာချက်တစ်ခု ဖြစ်၏။ ဘုရားရှင်၏ အဆုံးအမတော်များ လောကမှာ ရှိနေခိုက် လူဖြစ်ခွင့် ရခြင်းသည် ရင့်ကျက်ဖွံ့ဖြိုးရန် အခြေအနေကောင်း တစ်ခုပင် ဖြစ်၏။ ထိုအခွင့်ကို ရရန်ကား လွယ်ကူလှသည် မဟုတ်ပေ။ ဘုရားရှင်၏ လမ်းညွှန်ချက်များကို စေ့စေ့စပ်စပ် လေ့လာပြီးပါမှ နှစ်နှစ်ကာကာ လေးလေးစားစား လိုက်နာကျင့်သုံးခြင်းသည်လည်း ရင့်ကျက်သူတို့၏ ၀ိသေသလက္ခဏာတစ်ရပ် ဖြစ်ပေသည်။
သတ္တ၀ါတို့၏ ဘ၀ ရင့်ကျက်ဖွံ့ဖြိုးအောင် ထောက်ပံ့ပေးနိုင်သည့် ဘုရားရှင်တို့ ပွင့်တော်မူချိန်က အနုစား အညံ့စား တရားဝေးသူ၊ သတ္တ၀ါ အဖြုန်းအဖျင်း အဖြစ်ဖြင့် လေလွင့် မိုက်မှားခဲ့ကြသူများသည် ဘုရားရှင်၏ လမ်းညွှန်ဆုံးမမှုများ မကွယ်ပျောက်မီ အချိန်အခါကောင်း၌ သတိကြပ်ကြပ် စိုက်၍ ကိုယ့်ဘ၀ကိုယ် မြှင့်တင်သင့်ကြပေသည်။ မြှင့်တင်ကြရပေမည်။
အချန်နှင့်အမျှ ပါရမီမျိုးစေ့ ရင့်သည်ထက် ရင့်လာအောင် ရပ်တည် ရှင်သန်ကြရပေမည်။ သတိရှိကြပါကုန်လော့။
Picture from (10/2/11): http://www.stkate.edu/physics/phys104/Block3.html
ဒီပိုစ့်လေးကိုဖတ်ရတာ သံသရာထဲမှာမကျွတ်လွတ်သေးသော်လည်း
ReplyDeleteလူဖြစ်ရကျိုးနပ်သွားသလိုပါပဲဘုရား...။
ကျေးဇူးအနန္တပါ...။ ရိုသေစွာဖြင့်ဦးခိုက်သွားပါ၏ဘုရား။
ခုမှ သတိထားမိတယ်။
ReplyDeleteဒီပိုစ့်လေး ရေးရတာ လူဖြစ်ရကျိုး နပ်သွားသလိုလို...။
:)