၃။ လိင်္ဂအရိယာ
သာသနာတော်၌ ရဟန်းအသွင်(လိင်္ဂ)သည် အလွန်မြင့်မြတ်၏။ ရဟန်းအသွင်သည် သာသနာတော် တည်တံ့ကြောင်းတစ်ခု ဖြစ်သောကြောင့် အရေးလည်းပါ၏။ မဂ်ဖိုလ်အနှစ်နှင့် နှိုင်းစာသော် ရဟန်းအသွင်သည် အကာမျှသာ ဖြစ်၏။ အကာမျှသာ ဖြစ်သော်လည်း ထိုအကာသည်ပင် အနှစ်ကို ကာကွယ်ပေး၏။ ထောက်ပံ့ပေး၏။ ထို့ကြောင့် မြင့်မြတ်သည်သာတည်း။ အရေးပါသည်သာတည်း။
သင်္ကန်းဝတ်ရုံမှု “ရဟန်းအသွင်”ကြောင့်သာ “ရဟန်း”ဟု ခေါ်ဆိုရသော မည်ကာမတ္တ ရဟန်းဆိုးတို့သည် “လိင်္ဂအရိယာ”မည်၏။ အရိယာသူတော်စင် ရဟန္တာ အရှင်သူမြတ်တို့၏ အသွင်အပြင်ဖြစ်သော “ရဟန်းအသွင်”ကိုသာ ယူထား၍ ရဟန်းအကျင့် ရဟန်းသီလ တစ်စက်မျှ မရှိသော မိစ္ဆာဒိဋ္ဌိ ဒုဿီလ ရဟန်းယုတ်တို့သည်ပင် အသွင်အပြင်အားဖြင့် အရိယာ မည်နိုင်၏။
“ဒုဿီလ”ဟု ဆိုရာ၌ လူဒုဿီလ၊ ရဟန်းဒုဿီလဟူ၍ ဧကန္တဒုဿီလ နှစ်မျိုးရှိရာ ပါဏာတိပါတစသော အကုသလကမ္မပထတရား ဆယ်ပါးကို ကျူးလွန်သော လူပုဂ္ဂိုလ်သည် လူဒုဿီလ မည်၍ မေထုန်မှု၊ ခိုးယူမှု၊ ကြွားဝါလိမ်လည်မှု၊ လူ့အသက် သတ်ဖြတ်မှုဟူသော ပါရာဇိက လေးပါးကို ကျူးလွန်သော ရဟန်းသည် ရဟန်းဒုဿီမည်ကြောင်း ဓမ္မပဒအဋ္ဌကထာ[i] နှင့် နေတ္တိအဋ္ဌကထာ[ii]တို့ ဖွင့်ဆို၏။
ဒုဿီလနှစ်မျိုးအနက် ရဟန်းဒုဿီလသည် အရိယာအသွင် ရှိနေသောကြောင့် လူဒုဿီလထက် သာလွန်မြင့်မြတ်ကြောင်း မိလိန္ဒပဉှာ[iii] ဆို၏။ ရဟန်းဒုဿီလသည် ရတနာသုံးပါးကို ရိုသေ၏။ သီတင်းသုံးဖော်တို့ကို ရိုသေ၏။ ပါဠိ အဋ္ဌကထာ သင်ယူမှု၌ အားထုတ်၏။ ဓမ္မစကား ကြားနာမှု များ၏။ ပရိသတ် အလယ်၌ ရဟန်းအသွင်ကို ဖြစ်စေ၏။ ကဲ့ရဲ့မှုကို ကြောက်သောကြောင့် ကိုယ်နှုတ်ကို စောင့်ရှောက်၏။ ကမ္မဋ္ဌာန်းသို့ စိတ်ညွတ်၏။ ရဟန်းအဖြစ်သို့ ကပ်ရောက်၏။ မကောင်းမှုကို ပြုသော်လည်း ဖုံးလွှမ်း၍ ကျင့်၏။ ဤသို့လျှင် ရဟန်းဒုဿီလသည် လူဒုဿီလထက် သာလွန်၏။
ဤ သာလွန်မှုတို့ကို ဒုဿီလရဟန်း၏ ဖျစ်ညှစ် ထုတ်ယူအပ်သော ဂုဏ်ရည်များဟု ဆိုနိုင်၏။ ဤ၌ ဒုဿီလပုဂ္ဂိုလ်၏ ဂုဏ်ရည်ထက် ထိုဂုဏ်ရည်တို့ကို ဖြစ်စေနိုင်သော “အရိယလိင်္ဂ” ရဟန်းအသွင်၏ သတ္တိထူးကို မြင်အောင်ကြည့်သင့်၏။ ရဟန်းအသွင်ကို အမှီပြု၍ ဤ ဂုဏ်ရည်များ ရှိနေသော ဒုဿီလရဟန်းကို “လိင်္ဂအရိယာ”ဟု ခေါ်ဆိုနိုင်၏။
“ဒုဿီလရဟန်း”ဟူရာ၌ သုတ္တနိပါတ် ပါဠိတော် စုန္ဒသုတ်[iv]လာ မစောင့်စည်းသော ရဟန်းမျိုးကို ဆိုလို၏။ စုန္ဒသုတ်၌ ရွှေပန်းတိမ်သည် စုန္ဒသည် ဘုရားရှင်နှင့်တကွ ရဟန်းတော်တို့ကို နေအိမ်သို့ ပင့်၍ ဆွမ်းဆက်ကပ်၏။ စုန္ဒသည် ဆွမ်းဟင်းတို့ ရွှေခွက် ငွေခွက်တို့ဖြင့် ထည့်၍ ဆက်ကပ်ရာ လောဘကြီးသော ရဟန်းတစ်ပါးသည် အဖိုးတန် ရွှေခွက်တစ်ခုကို သပိတ်မှာ ထည့်၍ ယူသွား၏။ စုန္ဒသည် ထိုရဟန်း၏ ခိုးယူမှုကို သိသော်လည်း မသိဟန် ဆောင်နေလိုက်ပြီး ညချမ်းရောက်မှ ဘုရားရှင်ထံ သွားရောက် လျှောက်ထား၏။
ထိုအခါ ဘုရားရှင်က မဂ်ဖြင့် ကိလေသာ အားလုံးကို အောင်မြင်ပြီးသော “မဂ္ဂဇိနရဟန်း”၊ သူတစ်ပါးတို့အား မဂ်တရားကို ဟောကြားတတ်သော “မဂ္ဂဒေသကရဟန်း”၊ မဂ်တရား၌ ကျင့်ဆဲ မဂ်တရားရရန် အားထုတ်ဆဲဖြစ်သော “မဂ္ဂေဇီဝနရဟန်း”၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော “မဂ္ဂဒူသီရဟန်း”ဟူ၍ ရဟန်းလေးမျိုးရှိကြောင်း မိန့်တော်မူ၏။
“စုန္ဒ . . .။ အကြင်သူသည် ကောင်းသောအကျင့် ကျင့်သူတို့၏ အ၀တ်ကို ၀တ်ဆင်၍ ရဟန်းဘောင်သို့ သက်ဝင်ပြီး ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏။ ကိုယ်နှုတ်နှလုံး ကြမ်းတမ်း၏။ စောင့်စည်းမှု မရှိ။ လှည့်စားတတ်၏။ သေးသိမ်ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏။ ရဟန်းတု ရဟန်ယောင် အသွင်ဖြင့် လှည့်လည်သွားလာတတ်၏။ ထိုသူကို မဂ်ခရီး ဖျက်ဆီးတတ်သော ရဟန်းဟု ဆိုအပ်၏”ဟူ၍ သာသနာတော်၌ ဒုဿီလတို့လည်း ခိုဝင်ကပ်ရောက် နေတတ်ကြောင်း မိန့်တော်မူ၏။
ဤသို့သော ဒုဿီလတို့သည် “လိင်္ဂအရိယာ” မည်၏။
[စုန္ဒသုတ်၌ လာရှိသော ပန်းတိမ်သည် စုန္ဒ၏ ပြဿနာ ဖြေရှင်းပုံမှာ ယနေ့ခေတ် ဗုဒ္ဓဘာသာ ရဟန်းတစ်ချို့၏ ပျက်စီးမှုကို ကမ္ဘာကျော်အောင် အပုပ်ချတတ်သော ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့၏ လုပ်ရပ်များနှင့် ခြားနားလှကြောင်း သတိပြုမိသည်။]
ဤ “လိင်္ဂအရိယာ”၊ သီလ သမာဓိ ပညာ လုံးလုံးလျားလျား ကင်းဆိတ်သော ရဟန်းအသွင်သက်သက်သည် သာသနာထွန်းကားချိန်၌ အလေးမူစရာ မဟုတ်သော်လည်း သာသနာနှောင်းပိုင်း ကာလ၌ကား အသွင်သက်သက်ကိုပင် အရေးတယူ ပြုရပေလိမ့်မည်။ အင်္ဂုတ္တရအဋ္ဌကထာ[v]၌ သာသနာကွယ်ခြင်း ငါးမျိုးကို ဖော်ပြထား၏။
ရှေးဦးစွာ မဂ်ဖိုလ်ရမှု ကွယ်လိမ့်မည်။ မည်မျှပင် အားထုတ်သော်လည်း ပါရမီကုသိုလ်သာဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို မရရှိနိုင်တော့ပေ (အဓိဂမအန္တရဓာန)။
ထို့နောက် အကျင့်တရား ကွယ်လိမ့်မည်။ သင်ယူအပ် သင်ကြားအပ် ဟောကြားအပ် နာယူအပ်သော တရားတော်များ ရှိသေးသော်လည်း လက်တွေ့ကျင့်သုံးမှု ရှိတော့မည် မဟုတ်ပေ (ပဋိပတ္တိအန္တရဓာန)။
ထို့နောက် တရားတော်ကို သင်ပေးခြင်း သင်ယူခြင်း ဟောကြားခြင်း နာယူခြင်း အလေ့အကျင့်များ ကွယ်လိမ့်မည် (ပရိယတ္တိအန္တရဓာန)။
ထို့နောက် ရဟန်းအသွင် ကွယ်လိမ့်မည်။ အဆင့်ဆင့် အသွင်ကွယ်ရာ၌ သင်္ကန်းဝတ်ရုံရခြင်းကို စက်ဆုပ်ဖွယ် ရွံရှာဖွယ် ထင်လာကြလိမ့်မည်။ သင်္ကန်းကြီး ကြီးလွန်းသည် လေးလွန်းသည် ရှုပ်လှသည်ဟု ထင်သောကြောင့် သင်္ကန်းစ သေးသေးကိုသာ လည်မှာ ဆွဲထားလိမ့်မည်။ လက်ကောက်ဝတ်မှာ ချည်ထားလိမ့်မည်။ အကျင့်သီလကား လူနှင့်မခြား အိမ်ထောင်သားမွေး ပြုကြလိမ့်မည်။ စီးပွားရှာကြလိမ့်မည်။ ဤသို့သော လိင်္ဂအရိယာကို အကြောင်းပြု၍ ကုသိုလ်တရား စုဆောင်းကြရလိမ့်မည်။ ရှိခိုးခြင်း ပူဇော်ခြင်း အလှူပေးခြင်းများ ပြုကြရလိမ့်မည်။ နောက်ဆုံး၌ ဤသို့သော ရဟန်းသင်္ကေတ သင်္ကန်းစကိုပင် ပယ်စွန့်လိုက်ကြလိမ့်မည် (လိင်္ဂအန္တရဓာန)။
ထို့နောက် ဓာတ်တော်မွေတော်များ ကွယ်လိမ့်မည်။ တစ်လောကလုံး ပြန့်နှံ့လျက်ရှိသော ဘုရားရှင်၏ ဓာတ်တော်မွေတော်တို့သည် ဘုရားပွင့်တော်မူရာ ဗောဓိပင်၌ အလိုအလျောက် စုဆုံ၍ ဘုရားဆင်းတုသဏ္ဌာန် ဖန်ဆင်းမိလိမ့်မည်။ ကြားကြားသမျှ လူနတ်ဗြဟ္မာတို့ လာရောက်၍ ထိုဆင်းတုကို ပူဇော်ကြည်ညိုကာ နောက်ဆုံးအနေနှင့် ကုသိုလ်ပွားကြလိမ့်မည်။ ထိုဆင်းတု ကွယ်ပျောက်သောအခါ သာသနာနှင့် ဆက်စပ်၍ ဘာမှမကျန်တော့ဘဲ လုံးလုံးလျားလျား သာသနာတော် ကွယ်ပျောက်သွားလိမ့်မည် (ဓာတုအန္တရဓာန)။
သာသနာကွယ်ခြင်း စတုတ္ထ အဆင့်၌ ရဟန်းအသွင် သက်သက်မျှ ရှိနေသေးလျှင်ပင် သာသနာ တည်သေးသည်ဟု ခေါ်ဆိုရ၏။ ထို အသွင်သာသနာ တည်ရှိသေးသောကြောင့် အခြားသော ဘုရား ပစ္စေကဗုဒ္ဓါတို့ မပေါ်ထွန်းနိုင်သေးပေ။ ထို့ကြောင့် ရဟန်းအသွင်သည် အကာမျှသာ ဖြစ်သော်လည်း သာသနာတော် တည်တံ့ကြောင်းတစ်ခုဟု ဆိုခဲ့ခြင်း ဖြစ်၏။
No comments:
Post a Comment