Sunday, October 10, 2010

Inn - ထမင်းဆိုင်

     တစ်နေကုန် ဖွင့်တယ်။ ညဥ့်နက်တဲ့အထိ ဖွင့်သေးတယ်။ ၀ါကြံ့ကြံ့ ဘူတာရုံကလေးကနေ ညာဘက်ကို တစ်ဆစ်ချိုးဆင်း။ ကွမ်းယာလေးတစ်ယာ ထုတ်ဝါးလာ။ ကွမ်းတစ်ယာညက် အကွာမှာ ထမင်းဆိုင်လေးကို ရောက်တယ်။
     ထမင်းဆိုင်လေးကို ကွမ်းယာဆိုင်လေးနဲ့ တွဲဖွင့်ထားတယ်။ လမ်းအကူး မျက်စောင်းထိုးမှာ လက်ဖက်ရည်ဆိုင်လေး ရှိတယ်။ တွဲလျက် ကွမ်းယာဆိုင်မှာ သွားကြားထိုးတံတွေ အလကားရတယ်။ မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်မှာ အီကြာကွေးလို ပျော့စိစိ အရာတွေကို အဓိကထား ရောင်းတယ်။ 
     ထမင်းဆိုင်မှာ အဆီတ၀င်းဝင်းတွေ ရတယ်။ သဲတရှပ်ရှပ်တွေ ရတယ်။ လွတ်သွားတဲ့ ငါးကြီးတွေကို အကွင်းအကွင်း ဟင်းချက်ရောင်းတယ်။ နှာဖားကြိုးအထိုးမခံတဲ့ နွားတွေ၊ ကိုယ့်ခြံကိုယ် မ၀င်တဲ့ နွားတွေကို အမဲပေါ်ပြီး အမဲနှပ်လုပ်ရောင်းတယ်။ လယ်တီဆရာတော်ရဲ့ ရွာသူတို့ဝက်ကို သုံးထပ်သားလုပ် ရောင်းတယ်။ အတုံးမျှင်လေးတွေကို ၀ါးတံလေးတွေနဲ့ ထိုးရောင်းတယ်။ နားရွက်တွေကိုတော့ အထူးဈေးနဲ့ သီးသန့်ရောင်းတယ်။ မောင်ချောနွယ်ရဲ့ ကိုက်လမ်းယုန်ကို အကောင်လိုက် ကင်ရောင်းတယ်။ ဆန်တောင်းရာမှာ အသုံးမကျတော့တဲ့ မျောက်တွေ၊ ရေမကူးတတ်တဲ့ ဘဲတွေ၊ ဖျံမကျတတ်တဲ့ ဖျံတွေ၊ ပျံရာကနေ ပြန်မကျနိုင်တဲ့ ကြက်တွေ၊ ပင်ဂွင်းလို မပျံတတ်တဲ့ ငှက်တွေကို အကောင်လိုက် ကြော်ပြီးရောင်းတယ်။ ရာသီအလိုက် တစ်ခြားဟင်းလျာတွေလည်း ကြော်လှော်ချက်ပြုတ်ဖုတ်ကင်သုပ်ပြီး ရောင်းသေးတယ်။
     ထမင်းဆိုင်က ကာလပေါ်တေးတွေ ညည်းညည်းနေတာ ကြားရတတ်တယ်။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်။ မင်းမှမင်းပဲ။ နောက်ဆုံးရထားလေး။ မင်းရည်းစားတောင် သိရဲ့လား။ တစ်ခြား စုံတကာစေ့သီကျူးသံတွေလည်း အခါအားလျော်စွာ ကြားရတတ်သေးတယ်။
     ထမင်းဆိုင်ကို အတန်းပျက်တဲ့ ဆရာ ဆရာမတွေ လာတယ်။ အတန်းမတက်တဲ့ ကျောင်းသူကျောင်းသားတွေ လာတယ်။ ကျိကျိတက်တွေ လာတယ်။ မ၀ရေစာတွေ လာတယ်။ မစားရ၀ခမန်းတွေ လာတယ်။ သမ္ဘာကြီးတွေ လာတယ်။ ဗလာကြီးတွေ လာတယ်။ ဗမာကြီးတွေ လာတယ်။ ကုလားကြီးတွေ လာတယ်။ မုဆိတ်မွှေးတွေ လာတယ်။ ပသိုင်းမွှေးတွေ လာတယ်။ နှုတ်ခမ်းမွှေး ထူထူကြီးတွေ လာတယ်။ နှုတ်ခမ်းသား ပါးပါးလေးတွေ လာတယ်။ ယုံတမ်းစကားတွေ လာတယ်။ ရိုးရာပုံပြင်တွေ လာတယ်။ အရည်မရ အဖတ်မရတွေ လာတယ်။ ထိုင်တွေးသူတွေ လာတယ်။ ဆိုင်ငေးသူတွေ လာတယ်။ အမွှေးစုတ်စုတ် ခွေးလေးတွေ လာတယ်။ ခွက်စုတ်စုတ် သူတောင်းစားတွေ လာတယ်။ အတွေးစုတ်စုတ် ကဗျာဆရာတွေ လာတယ်။ ဆွမ်းခံရပ်တဲ့ ကိုယ်တော်တွေ လာတယ်။ ဆွမ်းဆန်ရပ်တဲ့ သီလရှင်တွေ လာတယ်။ တစ်ခြားလူတွေလည်း လာသေးတယ်။
     ထမင်းဆိုင်လာစားသူတွေထဲမှာ ဆိုင်ရှင့်သမီး ရိတဲ့သူက ရိ။ စားပွဲထိုးမတွေ ပိုးတဲ့သူက ပိုး။ စားတဲ့သူချင်း ပုခုံးချင်း ယှဉ်တဲ့သူက ယှဉ်။ ခွာရာချင်း တိုင်းတဲ့သူက တိုင်း။ ရိုင်းတဲ့သူ ရိုင်း။ ယဉ်တဲ့သူ ယဉ်။ ညဉ်ကောင်းတဲ့သူက ကောင်း။ ညဉ်ဆိုးတဲ့သူက ဆိုး။ နွားသိုးကြိုးပြတ် ပြတ်တဲ့သူက ပြတ်။ နွားငတ်ရေကျ ကျတဲ့သူက ကျ။ သူများပန်းကန်ထဲက အတုံး ပိုကြီးတယ် ထင်တဲ့သူက ထင်။ အလကားရတဲ့ သွားကြားထိုးတံ ယူထိုးတဲ့သူက ထိုး။ အီကြားကွေးလို ပျော့စိစိ အရာနဲ့ တူတဲ့သူက တူ။ ဘာတိဘာသာ စားတဲ့သူက စား။
     ထမင်းဆိုင်လေး ကိုယ်တိုင်ကတော့ ပုံမှန်ချက်ပြုတ်။ ပုံမှန်ကြော်လှော်။ ပုံမှန်ရုံးဆင်း ပုံမှန်ရုံးတက်။ ပုံမှန်အားလပ်ရက်ယူ။ ပုံမှန်လမ်းလျှောက်။ လူကျရင်ကျသလို သူ့ဆိုင်သူ ကူတဲ့အခါကူ။ ပြည်ပက မှာယူသူတွေနဲ့ အိမ်အရောက် မှာယူသူတွေနဲ့ စရံရိုက်သူတွေနဲ့ နေရာမှတ်သူတွေနဲ့ အကြွေးမှတ်သူတွေနဲ့ အကြွေးဆပ်သူတွေနဲ့ အကြွေးတောင်းသူတွေနဲ့ အကြွေတောင်းသူတွေနဲ့ ငွေချေးသူတွေနဲ့ ငွေချေသူတွေနဲ့ အမ်းငွေတောင်းသူတွေနဲ့ အဆစ်တောင်းသူတွေနဲ့ နောက်မလာတော့ဘူးဆိုသူတွေနဲ့ ပြန်လာအားပေးအုံးမယ်ဆိုသူတွေနဲ့ စားရတာမတန်ဘူး ဆိုသူတွေနဲ့ တန်တယ်တန်တယ် ပြောသူတွေနဲ့ အွန်လိုင်းကနေ ပြောတဲ့အခါ ပြော၊ ဖုန်းလိုင်းကနေ အော်တဲ့အခါ အော်၊ လူချင်းထိပ်တိုက် ငြင်းတဲ့အခါ ငြင်း၊ အတင်းပြောတဲ့အခါ ပြော၊ စကားရောဖောရော လုပ်တဲ့အခါ လုပ်။ ဖောက်သည်ရှာတဲ့အခါ ရှာ။ ဈေးကွက်ချဲ့တဲ့အခါ ချဲ့။ မောလို့ အိပ်တဲ့အခါ အိပ်။ ညောင်းလို့ အနှိပ်ခံတဲ့အခါ ခံ။ ဟန်ကျလို့ ရယ်တဲ့အခါ ရယ်။ ဟန်မကျလို့ ငိုတဲ့အခါ ငို။ သူများတွေလို လိုက်လုပ်တဲ့အခါ လုပ်။ သူများနဲ့ မတူအောင် ထွင်တဲ့အခါ ထွင်။
     အဲဒါ မခေါင်လှတဲ့ မြို့လေးတစ်မြို့ရဲ့ ချောင်မကျတကျ တစ်နေရာက အသွေးအဆင်တောက်ပြီး သွေးနားထင်ရောက်နေတဲ့ ထမင်းဆိုင်လေး တစ်ဆိုင်ပေါ့။
     ဒါကတော့ စကားချပ် ဖြစ်ပါတယ်။ (၂၉ စက်တင်ဘာ ၂၀၁၀) မုံရွာ ဘူတာနားက ဒေါ်ခင်မမသန်းရဲ့ ထမင်းဆိုင် အောင်မြင်နေတာ ကြားရတဲ့နေ့က စတင် ရေးသားခဲ့ပါတယ်။ ရေးလိုက် ဖျက်လိုက်နဲ့ (10-10-10) ဒီနေ့ ပြီးပါတယ်။ ဆက်ဖျက်ဆက်ရေးနေရင် ကဗျာရှည်ကြီး ဖြစ်လာနိုင်လို့ ရပ်လိုက်မှတော်မယ် ထင်မိပါတယ်။ ခုဟာကတော့ ခေတ်စမ်းကဗျာ မဟုတ်ပါ။ လက်တည့်စမ်းကဗျာ မဟုတ်ပါ။ သွေးတိုးစမ်းကဗျာ မဟုတ်ပါ။ စာစီစာရိုက်ခဲ့တုန်းက (Web Space ကို ချွေတာဖို့ ရည်ရွယ်ပြီး) Enter Key ကို ခုနစ်ခါပဲ ရိုက်နှိပ်ခဲ့တဲ့ အတွက်ကြောင့်  စာမျက်နှာပေါ်မှာ အထက်အောက် ရှည်မျှောမျှော နေရာယူတဲ့ စာကြောင်းတွေ (ကဗျာစာကြောင်းတွေ) မဟုတ်လို့ လူပြိန်းတွေကတောင် ကဗျာလို့ ထင်ချင်စရာမရှိတဲ့ ထမင်းဆိုင်သာ ဖြစ်ပါတယ်။

:)
ရှင်အာစာရ

No comments:

Post a Comment